ကကေးအိုပင်

စပိန်လူမျိုးများ အမေရိကတိုက်သို့ ဦးစွာရောက်စဉ်က မက္ကဆီကိုနယ်မှ တိုင်းရင်းသားတို့သည် ကကေးအိုပင်မှ ရသော အစေ့မှုန်ဖြင့် ဖျော်ထားသည့် အရည်ခါးခါးကိုသောက်သုံးလျက်ရှိကြောင်း တွေ့ရသည်။ ထိုတိုင်းရင်းသားတို့က ဤအရည်ခါးကို 'ချောကလက်'ဟုခေါ်၍ ကကေးအိုပင်မှ ရကြောင်း ပြောပြသဖြင့် ယနေ့တိုင် ထိုအပင်ကို ကကေးအိုပင် ဟူ၍၎င်း၊ ထိုအပင်၏ အသီးမှရရှိသော အစေ့မှုန်နှင့် သကြားရောစပ်ထားသည်ကို ချောကလက် ဟူ၍၎င်း အမည်တွင်လျက် ရှိပေသည်။ ကာဖီ၊ လက်ဖက်ခြောက် တို့ကဲ့သို့ လူတို့ သောက်သုံးကြသော ကိုကိုးမှုန့်မှာ ကကေးအိုသီး အစေ့မှုန်များပင် ဖြစ်သည်။

Theobroma cacao
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
Angiosperms
(unranked):
Eudicots
(unranked):
Rosids
မျိုးစဉ်:
Malvales
မျိုးရင်း:
Malvaceae
မျိုးစု:
Theobroma
မျိုးစိတ်:
T. cacao
ဒွိနာမ
Theobroma cacao
L.
Theobroma cacao

ကကေးအိုပင်များ၏ မူလပေါက်ရောက်သောအရပ်မှာ အမေရိကတိုက်ယဉ်စွန်းတန်းများအတွင်းရှိ ပူပြင်း စွတ်စိုသော ဒေသများဖြစ်သည်။ ထိုအရပ်ဒေသမှတစ်ဆင့် အာဖရိကတိုက် နှင့် အာရှတိုက်ရှိ ပူပြင်းသောအပိုင်းတို့တွင် ကကေးအိုပင်ကို စိုက်ပျိုးလာခဲ့ကြသည်။ ယခုအခါတွင် အာဖရိကတိုက်၌ ကကေးအိုပင်ကို အမြောက်အမြား စိုက်ပျိုးလျက်ရှိလေသည်။ ကကေးအိုပင်မှာ ဆယ့်နှစ်ရာသီစိမ်းလန်းသော အမြဲစိမ်းပင် ဖြစ်သည်။ အမြင့်ပေ ၂ဝ မှပေ ၄ဝ အထိ ရှိ၍ တစ်နှစ်ပတ်လုံး အပွင့်များ ပွင့်သည်။ ကကေးအိုပင်ကို အခြား အပင်ကြီးများက ကာကွယ်ထားမှသာလျှင် သီးသမျှ အသီးတိုင်း အောင်မြင်မည် ဖြစ်သဖြင့်၊ အချို့ကကေးအိုခြံ များတွင် ငှက်ပျောပင်များကို အရိပ်ရစေရန် ရော၍စိုက်ပျိုးတတ်ကြသည်။ ကကေးအို အပွင့် နှင့်အသီးများသည် ပင်စည်မှ၎င်း၊ အကိုင်းရင့်ကြီးများမှ၎င်း၊ ထွက်၍ ပွင့်ကြ သီးကြသည်။

အသီးများမှာ သခွားသီးအငယ်စားအရွယ်ရှိ၍ မှို့သီးကဲ့သို့ အသီးတောင့်များ ဖြစ်သည်။ အစပထမတွင် အသီးများမှ အရောင်စိမ်းနေ၍ မှည့်လာသည့်အခါ ဝါညစ်ညစ်အရောင်သို့ ပြောင်းသွားသည်။ ကကေးအိုခင်းထဲတွင် အသီးများ မှည့်ချိန် သည် အလုပ်အများဆုံးအချိန်ဖြစ်၏။ အသီးမှည့်များကို လိုက်လံ၍ ဆွတ်ခူးသူတို့သည် လက်လှမ်းမမှီသော အသီး များကို တံချူဖြင့် ချူယူကြသည်။ ကကေးအိုသီးခွံကို ခွာ လိုက်လျှင် အရသာချိုသော အတွင်းသား အနှစ်ပျော့ထဲ၌ ကကေးအိုစေ့ပေါင်း ၂၉ စေ့မှ ၅ဝ အထိ ရှိတတ်သည်။ ကကေး အိုစေ့များသည် ဗာဒံစေ့ အရွယ်ခန့်ဖြစ်သည်။ အနှစ်ဖတ်များ တွယ်ကပ်နေသော အစေ့များကို ၃ ရက်ခန့်စုပုံ၍ ထားကြ၏။ ဤအတောအတွင်း အစေ့များ ကဇော်ပေါက်လာသဖြင့် အရသာ ခါးသက်သက် ဖြစ်လာသည်။ ၃ ရက်က ကျော်လွန်လာလျှင် ထိုအစေ့များကို နေပူထဲတွင်ဖြန့်၍ အခြောက်လှမ်းကြသည်။ မိုးများလွန်းသော အရပ်ဒေသများ၌မူ ဖိုများတွင် အစေ့များကို အခြောက်ခံထားကြသည်။ ကိုကိုး သို့မဟုတ် ချောကလက် ပြုလုပ်မည့် စက်ရုံများရှိရာအရပ်သို့ မတင်ပို့မီ ကကေးအိုစေ့ များကို ကောင်းစွာခြောက်သွေ့အောင် ပြုလုပ်ရသည်။ ယင်းသို့ မပြုလုပ်ခဲ့လျှင် လမ်းခရီးတွင် ကကေးအိုစေ့များ မှိုတက်တတ် သည်။ စက်ရုံများသို့ ရောက်သည့်အခါ ထိုအစေ့များကို အမှုန့် ဖြစ်အောင်ကြိတ်၍ ကိုကိုးမှုန့် ချောကလက် စသည်တို့ ပြုလုပ် ကြသည်။

စက်ရုံများတွင် ဦးစွာပထမ ကကေးအိုစေ့ကို ဖုံးထားသော အခွံပါးကို ခွာပစ်လိုက်သည်။ ကကေးအိုစေ့များတွင် လူတို့ အတွက် အာဟာရဓာတ်ကို အထူးဖြစ်စေနိုင်သည့် ဆီ တစ်မျိုး ပါရှိသည်။ ထိုဆီကြောင့် ချောကလက်သည် လူတို့ အတွက် အာဟာရနှင့်ပြည့်စုံသည့် အစားအစာတစ်ရပ် ဖြစ်တော့သည်။ ထိုဆီ၏ အရောင်မှာ ညိုညစ်ညစ်ဖြစ်သည်။ ချောကလက်တွင် ဤကဲ့သို့အာဟာရဓာတ်ပြည့်စုံစွာ ပါရှိသဖြင့်၊ စစ်သားများနှင့် ရေသစ်မြေသစ် ရှာဖွေသူများအဖို့ အလွန် အသုံးကျသော အစာ တစ်ရပ် ဖြစ်ပေသည်။ ယခင်ခေတ်အခါက လူ့တို့စားသုံးလျက်ရှိသော ချောကလက် မှာ ကကေးအိုစေ့မှရသောအမှုန့်ကို နဂိုအခါးဓာတ် ပျောက်ပြယ် သွားအောင် သကြားကို လိုသမျှရောစပ်၍ ပြုလုပ်ထားသည့် အစာမျှသာ ဖြစ်သည်။ သို့သော် ယခုခေတ်တွင် ချိုရင်းစွဲ ဆီ အပြင် ချိုချဉ်ခဲဖွယ်လုပ်သူတို့သည် ချောကလက်တွင် ကိုကိုးဆီ အပိုကို ဆောင်း၍ထည့်ကြလေသည်။


ထိုကြောင့် အချို့ ချောကလက်များမှာ အစာကြေနိုင်ခဲသည်။ ဤကဲ့သို့ ချောကလက်လုပ်ငန်းတွင် ကိုကိုးဆီကို အသုံးများ လာသည့်အလျောက် ကိုကိုးမှုန့်လုပ်ငန်းမှာလည်း ပိုမို၍ ကြီး ကျယ် လာတော့သည်။ အကြောင်းဆိုသော် သာမန် ကိုကိုးမှုန့် တွင် ကိုကိုးဆီများလွန်းသဖြင့် ကိုကိုးဖျော်ရည်၌ ဆီဝေ့နေသည် ကို တွေ့ရပေမည်။ ထိုကြောင့် ချောကလက် ပြုလုပ်ရာ၌လိုမည့် ကိုကိုးဆီအပိုအတွက် ကိုကိုးမှုန့်များမှ ရသမျှဆီကို စက်ဖြင့် တစ်ဖန် ကြိတ်ညှစ်ယူကြရပြန်သည်။ ယင်းသို့ ရရှိသောဆီကို အများအားဖြင့် ချောကလက် ပြုလုပ်ရာ၌ အသုံးချကြသည်။ သို့သော် တိရစ္ဆာန်အစာနှင့်ရေမွှေးကဲ့သို့ အမွှေးအကြိုင် ပစ္စည်း များ ပြုလုပ်ရာ၌လည်း ထိုဆီကို အသုံးချကြသည်။ ဆေးဖက် နှင့် သက်ဆိုင်သည့် ဆီတစ် မျိုးကိုပင် ထိုကိုကိုးဆီဖြင့် ပြုလုပ်ကြသည်။ လက်ဖက်ခြောက်နှင့် ကာဖီမှုန့်တို့ကဲ့သို့ ကိုကိုးမှုန်ကို အသုံး များကြ၏။

ကကေးအိုပင်များကို ပျိုးခင်းများတွင် ပထမပျိုးထောင်၍ စိုက်ရသည်။ အပင်သက် ၅ နှစ်ခန့်ရှိမှ အသီးများ သီးသည်။ ကကေးအိုပင် အကြီးအကျယ် စိုက်ပျိုးသည့် တိုင်းနိုင်ငံတို့မှာ မက္ကဆီကို၊ အက်ကွာဒေါ၊ ဗင်နီးဇွီးလား၊ ဗရာဇီး၊ ကျူးဗါး၊ ပွားတိုရီကိုး၊ ဟေးတီ၊ ဒိုမင်နီကန် ရီပတ်ဗလစ်၊ ထရင်းနီဒက်၊ ဂျမေးကား၊ ဂိုးလကို့၊ ပေါ်တူဂီအရှေ့အာဖရိကနယ်နှင့် သီရိ လင်္ကာကျွန်းများဖြစ်ကြသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.