ကတက်စထြော်ဖီ သီအိုရီ

ကတက်စထြော်ဖီ သီအိုရီ

ကတက်စထြော်ဖီ သီအိုရီသည် ၁၉၆ဝ ပြည့်နှစ်ကမှ ပေါ်ပေါက်ခဲ့သော သင်္ချာဘာသာခွဲ တစ်ခုဖြစ်သည်။ ယင်းဘာသာရပ်ကိုတီထွင်သော ပုဂ္ဂိုလ်မှာ ပဲရစ်မြို့ ရှိ အထက်တန်း သိပ္ပံလေ့လာရေး တက္ကသိုလ်မှ ပါမောက္ခသွမ်းဖြစ်သည်။

ကတက်စထြော်ဖီကို တိုက်ရိုက် မြန်မာဘာသာဖြင့် ပြန်ဆိုပါက ကပ်ဆိုးဟု ပြန်ရပေမည်။ သို့သော် သင်္ချာတွင် သုံးသော အဓိပ္ပာယ်မှာ အခြေအနေတစ်ခုမှ တစ်ခုသို့ ရုတ်တရက်ပြောင်းသွားခြင်း ဖြစ်သည်။

ဥပမာ ပြရသည်ရှိသော် လေယာဉ်တစ်စင်း လေထဲ၌ပျံဝဲနေစဉ် ရုတ်တရက် ပေါက်ကွဲသွားခြင်း၊ အလွန်ဆင်းရဲသော လူတယောက်သည် သိန်းထီပေါက်သဖြင့် ချက်ချင်းချမ်းသာသွားခြင်း၊ ရုပ်ရှင်လောကတွင် ဝါဝါဝင်းရွှေသည် စိတ် ဇာတ်ကားကို ရိုက်ပြီးပြီးချင်း နေ့ချင်းညချင်း ကျော်ကြားသွားခြင်း၊ အမေရိကန်နိုင်ငံတွင် အယ်လဗစ်ပရက်စလေသည် လော်လီကားမောင်းနေရာမှ သီချင်းတစ်ပုဒ် ဆိုလိုက်ရုံဖြင့် ချက်ချင်း ကမ္ဘာကျော် မင်းသား ဖြစ်သွားခြင်း၊ တဖန် အယ်လဗစ် ပရက်စလေ သည်ပင် ရုတ်တရက် သေဆုံးသွားခြင်းဟူသော ဖြစ်ရပ်များသည် ကတက်စထြော်ဖီများပင် ဖြစ်လေသည်။

ယခုအခါ သင်္ချာပညာရှင် အချို့တို့သည် ကတက် စထြော်ဖီ သီအိုရီကို လက်တွေ့ပြဿနာများ ဖြစ်ကြသော ငလျင်လှုပ်မည့်အချိန်ကို ခန့်မှန်းခြင်း၊ ရုတ်တရက်သေဆုံး သွားနိုင်သော ရောဂါများကြောင့် အသက်ဆုံးရှုံးခြင်းတို့မှ ကာကွယ်နည်းများ ရှာဖွေခြင်းနှင့် အလားတူ ပြဿနာများ ဖြစ်ကြသည့် မမျှော်လင့်သော အကြောင်း တစ်ခုခုကြောင့် ရုတ်တရက် ဆိုက်ရောက်နိုင်သော ဘေးအန္တရာယ်တို့မှ ကာ ကွယ်ခြင်းတို့တွင် အသုံးချရန် ကြိုးစားလျက်ရှိလေသည်။ [1]

ကိုးကား

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.