ကပ္ပလီကျွန်း
ကပ္ပလီကျွန်း
ပြည်ထောင်စု မြန်မာနိုင်ငံ နာဂရေအငူ၏ တောင်ဘက် မိုင် ၁၆၀ ခန့်အကွာ၊ အိန္ဒိယနိုင်ငံ မဒရပ်ကမ်းရိုးတန်း၏ မိုင် ၁၇၀ ခန့်အကွာ ဘင်္ဂလားပင်လယ်အော် အတွင်း၌ရှိသော ကပ္ပလီကျွန်းခေါ် အန္ဒမန်ကျွန်းစုမှာ နာဂရေငူနှင့် ဆူမတြားကျွန်းရှိ အချင်အငူစပ်ကြားတွင်ရှိသော ကျွန်းစု တန်းတွင် အကြီးဆုံးကျွန်းဖြစ်သည်။ ထိုကျွန်းစုတန်းမှာ အမှန်အားဖြင့် ဟိမဝန္တာတောင်ဆွယ်မှ ဖြာဆင်းလာသော ရခိုင်ရိုးမတောင်တန်း၏ ပင်လယ်တွင်းရောက် ကုန်းမြင့်တန်း၏ အဆက်ပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက မြန်မာနိုင်ငံမှ တစ်သက်တစ်ကျွန်းပို့ခြင်းခံရသော အကျဉ်းသားများကို ထိုကျွန်းသို့ပို့သောကြောင့် ထိုကျွန်းစုကို တစ်ကျွန်းဟုလည်း ခေါ်ကြသည်။ ကပ္ပလီလူပုများနေသည်ကို အကြောင်းပြု၍လည်း ကပ္ပလီကျွန်းဟုလည်း တွင်သည်။
ကပ္ပလီကျွန်းစုတွင် ကျွန်းကြီးကျွန်းငယ် အစုစုပေါင်း ၂၀၄ ကျွန်း ပါဝင်သည်။ ထိုကျွန်းစုသည် မြောက်မှ တောင်သို့ မိုင်
၂၀၀ ခန့် ရှည်လျား၏။ မြောက်ဘက်ရှိ ကျွန်းကြီးကို ကပ္ပလီကျွန်း၊ သို့မဟုတ် အန္ဒမန်ကျွန်းကြီးဟု၎င်း၊ တောင်ဘက် ရှိ
ကျွန်းကြီးကို ကပ္ပလီကျွန်းငယ်၊ သို့မဟုတ် အန္ဒမန်ကျွန်းငယ်
ဟု၎င်း ခေါ်သည်။ ကျွန်းငယ်ကလေးတို့တွင် မြောက်ဘက်စွန်း
ရှိ ကိုကိုနှင့် လင်ဖောကျွန်းများ၊ ကျွန်းကြီး၏ အနောက်ဘက်ရှိ
အင်တာဗျူးကျွန်း၊ အရှေ့ဘက်ကမ်း အနီးရှိ ရစ်ချီကျွန်းစု၊
တောင်ဘက်ဖျားရှိ ရတ်တလန်နှင့် မြောက်ဆင်တီနယ်ကျွန်းတို့
ထင်ရှားသည်။
ကပ္ပလီကျွန်းကြီးကို ကျွန်းကြီးတစ်ကျွန်းတည်ဟု ယူဆရန်
ဖြစ်သော်လည်း ကျဉ်းမြောင်းလှသော ဆားငန်ရေကြောင်း၍
ငယ်ကလေးများ ဖြတ်စီးနေသောကြောင့် ကျွန်းလေးကျွန်း
ရှိသည်ဟု ယူမှတ်ကြသည်။ ယင်းတို့မှာ မြောက်အန္ဒမန်၊
အလယ် အန္ဒမန်၊ ဗာရာတန်းနှင့် တောင်အန္ဒမန်တို့ ဖြစ်သည်။
တောင်မှမြောက်သို့ (ရတ်တလန်ကျွန်း အပါအဝင်) မိုင် ၁၆၀
ရှည်လျား၍ အရှေ့နှင့်အနောက်တွင် တစ်ဖက်ပင်လယ်မှ တခြား
တစ်ဖက်သို့ မည်သည့်နေရာမျှ မိုင် ၂၀ ထက်ပို၍ မကျယ်ဝန်း
ပေ။ ပင်လယ်ကမ်းရိုးတန်းမှာ များစွာ ကွေ့ကောက်၍ သင်္ဘော
များခိုလှုံနိုင်သည့် အကွေ့အကောက်များရှိသည်။ အန္ဒမန်ကျွန်း
ငယ်မှာ ရတ်တလန်ကျွန်း၏ တောင်ဘက် မိုင် ၃၀ အကွာတွင်
ရှိ၏။ တောင်မှမြောက်သို့ ၂၆ မိုင်ရှည်ပြီးလျှင် အရှေ့မှ
အနောက်သို့ ၁၆ မိုင်ကျယ်သည်။
မြေမျက်နှာပြင်မှာ တောင်ကုန်းထူထပ်၍ တစ်သက်
တစ်ကျွန်းတို့ စတည်းချနေထိုင်ရာဒေသမှအပ တစ်ကျွန်းလုံး
တွင် အပူပိုင်းသစ်တော်များဖြင့် လွှမ်းမိုးလျက်ရှိသည်။ တောင်
ကုန်းတို့မှာ မြောက်မှတောင်သို့ တန်းလျက်ရှိကြသည်။ အရှေ့
ဘက်တွင် ပိုမိုမြင့်၍ အနောက်ဘက်၌ နိမ့်သည်။ ထိုကျွန်းစုရှိ
တောင်ထိပ်များမှာ မြောက်အန္ဒမန်ရှိ ဆက်ဒဲတောင်ထိပ် ၂၄၀၂
ပေ၊ အလယ်အန္ဒမန်ရှိ ဒီယဗိုလိုတောင်ထိပ် ၁၆၇၈ ပေ၊
တောင်အန္ဒမန်ရှိ ဟဲရီးယက်တောင်ထိပ် ၁၁၉၆ ပေတို့
ဖြစ်သည်။
ပူနွေး၊ စွတ်စို၊ ထိုင်းမှိုင်းသော အပူပိုင်းရာသီရှိ၍ နှစ်တိုင်း
လိုပင် အပူ၊ အအေး ခြားနားချက်တို့မှာ တသမတ်တည်းကဲ့
သို့ ဖြစ်သည်။ အအေးဆုံးအချိန်မှာ ဇွန်လနှင့် ဖေဖော်ဝါရီလ
တို့ဖြစ်၍ အပူဆုံးအချိန်မှာ မတ်လ၊ ဧပြီလနှင့် မေလတို့ဖြစ်
သည်။ ပျမ်းမျှအားဖြင့် အအေးဆုံးဒီဂရီမှာ ဖာရင်ဟိုက် ၆၆.၇
မျှရှိ၍ အပူဆုံးဒီဂရီမှာ ဖာရင်ဟိုက် ၉၆ ဖြစ်သည်။ တစ်နှစ်
တွင် ပျမ်းမျှခြင်းအားဖြင့် မိုးရေချိန် ၁၃၈ လက်မရွာသည်။
မိုးရာသီမှာ အနောင်တောင် မုတ်သုံရာသီလေတိုက်သည်။
မေလလယ်လောက်မှ နိုဝင်ဘာလလယ်လောက်ထိဖြစ်၍ ကျန်
ခြောက်လမှာ သွေ့ခြောက်သောရာသီဖြစ်သည်။ ဘင်္ဂလား
ပင်လယ်အော်တွင် ဖြစ်ပေါ်တတ်သော ဆိုင်ကလုန်း အတွင်း
ဝိုက်လေဝဲမှာ ဤကျွန်းစုတောင်ဘက်လောက်မှ စတင်ဖြစ်ပေါ်
လေ့ရှိသည်။
ဤကျွန်းနှင့်စပ်လျဉ်း၍ အစောဆုံးမှတ်သားချက်များကို
၈၇၁ ခုနှစ်လောက်က အရှေ့ပိုင်းသို့ ခရီးထွက်သော အာရပ်
လူမျိုး ခရီးသည်နှစ်ဦး၏ မှတ်တမ်းတွင် တွေ့ရသည်၊ ပထမ
၁၀၀၀ စုနှစ်များတွင် တရုတ်နှင့် ဂျပန်လူမျိုးတို့သည်လည်း
ဤကျွန်းစုအကြောင်းကို ကောင်းစွာသိကြသည်။ တရုတ်တို့က
ဤကျွန်းစုကို ယန်ထိုမန်ဟူ၍၎င်း၊ ဂျပန်တို့က အန္ဒဗန်ဟူ၍
၎င်း အသီးသီး ခေါ်ကြသည်။ ကမ္ဘာကျော်ခရီးသည် မာကိုပိုလို
၏ မှတ်တမ်းတွင်လည်း ဤကျွန်းများအကြောင်းကို ဖော်ပြထား
သည်။ သို့ရာတွင် ဖော်ပြသည့်အကြောင်းအရာတို့မှာ တစ်ဆင့်
ကြားများသာဖြစ်ခဲ့ဟန်တူသည်။
၁၅၆၆ ခုနှစ်က နကဗာရီကျွန်းအနီးမှ ဖြတ်သွားခဲ့သော
ဆီဇာဖရက်ဒရစ်ဆိုသူ၏ မှတ်တမ်းတွင် ထိုကျွန်းစုအကြောင်း
ကို ပိုမိုခိုင်လုံစွာ ဖော်ပြထားသည်။ ၁၇ နှင့် ၁၈ ရာစုနှစ်များ
အတွင်းက ထိုကျွန်းစုများအကြောင်းကို ဖော်ပြသော မှတ်တမ်း
များ ရှိခဲ့လေသည်။ ထိုမှတ်တမ်းတို့တွင် ဤကျွန်းသားတို့မှာ
လူရိုင်းများဖြစ်၍ ကြောက်ရွံ့ဖွယ်ရာကောင်းကြောင်း၊ တတ်နိုင်
သမျှ ကျွန်းကိုရှောင်သင့်ကြောင်း စသည်တို့ ဖော်ပြခဲ့သည်။
သင်္ဘောပျက်၍ ထိုကျွန်းများတွင် သောင်တင်ခဲ့သော
သင်္ဘောသားတို့မှာ များသောအားဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။
မှတ်တမ်းအများတွင် ကျွန်းသားများသည် လူသားစားသူများဟု
ဖော်ပြခဲ့သော်လည်း ထိုဖော်ပြချက်တို့မှာ အခြေအမြစ် မရှိပေ။
သင်္ဘောပျက်တို့နှင့် သံကိုရရှိပြီးနောက်မှ ဤကျွန်းသားတို့သည်
သံ၏အသုံးကို တတ်သိခဲ့ကြသည်။
၁၈ ရာစုနှစ်များကုန်သည်တိုင်အောင် ဤကျွန်းစုများနှင့်
ဆက်သွယ်မှုများ ရရှိရန် မည်သူမျှ ကြိုးစားခြင်း မရှိခဲ့ချေ။
သို့ရာတါင် ဤကျွန်းတစ်ဝိုက်တွင် ခရီးသွားသော သင်္ဘော
သားများအတွက် ဘေးအန္တရာယ်များလှသောကြောင့် လော့ကွန်း
ဝေါလစ် လက်ထက် ၁၇၈၈ ခုနှစ်တွင် ဗြိတိသျှ အရှေ့အိန္ဒိယ
ကုမ္ပဏီသည် အာချီဗော်ဗလဲယားဆိုသူကို ဤကျွန်းစု၌ ကိုလိုနီ
တစ်ခု ဖွင့်လှစ်ရန် တာဝန်လွှဲအပ်ခဲ့သည်။ အလုပ်သမားများ
အဖြစ် အကျဉ်းသားများကို ပို့ပေးခဲ့သည်။ ကိုလိုနီကို ၁၇၈၉
ခုနှစ် စက်တင်ဘာလတွင် ယခု ပို့ဗလဲယားတွင် စတင်ခဲ့သည်၊
၁၇၉၂ ခုနှစ်တွင် အခြေခံရေတပ်စခန်းတစ်ခု ဖွင့်လှစ်ရန်
ရည်ညွှန်း၍ မြောက်အန္ဒမန်ကျွန်းရှိ ယခုပို့ကွန်းဝေါလစ်နေရာသို့
ရွှေ့ပြောင်းခဲ့သည်။ သို့ရာတွင် ကျန်းမာရေးနှင့် သန့်ရှင်း
စင်ကြယ်ရေး အခြေအနေ ဆိုးရွားသောကြောင့် အခြေခံ
ရေတပ်စခန်းဖွင့်လှစ်ရန် အကြံကို ခေတ္တရုပ်သိမ်းပြီးလျှင်
အကျဉ်းသားများအား အိန္ဒိယပြည်သို့ ပြန်ခေါ်ခဲ့သည်။
ထိုနောက် အနှစ် ၆၀ အတွင်း ဤကျွန်းတွင် အပြင်လူများ
သွားရောက်နေထိုင်ခြင်း မရှိခဲ့ချေ။ သို့ရာတွင် သင်္ဘောပျက်
ကိစ္စများ မကြာခဏ တွေ့ကြုံနေသဖြင့် အရှေ့အိန္ဒိယကုမ္ပဏီ
သည် ဤကျွန်းစုကို ကိုလိုနီအဖြစ်ပြုလုပ်ရန် ပြန်လည်
ဆောင်ရွက်ခဲ့လေသည်။ ၁၈၅၈ ခုနှစ် မတ်လတွင် ယခင်
နေရာဟောင်းဖြစ်သော ပို့ဗလဲယားနေရာ၌ပင် အကျဉ်းသား
တို့၏ စခန်းတစ်ခုကို ပြန်လည်ဖွင့်လှစ်ခဲ့လေသည်။ ထို
အချိန်မှာ အိန္ဒိယ တပ်တွင်း သူပုန်ကြီးပြီးစဖြစ်၍ အရှေ့အိန္ဒိယ
ကုမ္ပဏီတွင် မြောက်မြားလှသော တပ်တွင်း သူပုန်အကျဉ်းသား
တို့အား နေရာချ ထားပေးရန် ပြဿနာနှင့် ရင်ဆိုင်နေခဲ့သဖြင့်
အကျဉ်းသားတို့၏စခန်းကို ပိုလိုလျင်မြန်စွာ ဖွင့်လှစ်နိုင်ခဲ့ပေ
သည်။
ကပ္ပလီလူမျိုးများဖြစ်သော အန္ဒမန်ကျွန်းသားတို့မျာ မိမိတို့
ဒေသသို့ ဝင်ရောက်နေထိုင်ကြသော နိုင်ငံခြားသားတို့အား
မိမိတို့ဒေသ၌ မနေထိုင်အောင် စတင် ဝင်ရောက်လာကြသည့်
အချိန်မှစ၍ မကြာခဏ တိုက်ခိုက်သတ်ဖြတ်ကြသည်။
နိုင်ငံခြားသားတို့မှာ ထိုကျွန်းသားတို့နှင့် ချစ်ခင်ရင်းနှီးမှု ရရှိ
စေရန် နည်းအမျိုးမျိုးဖြင့် ဆက်ဆံခဲ့လေသည်။ ယခုအခါ၌
တောင်အန္ဒမန်ကျွန်းအတွင်း နေထိုင်ကြသော ဂျာရဝါးလူမျိုး
တို့မှတစ်ပါး ကျန်ကျွန်းသားတို့ဖြင့် ဆက်သွယ်မှုမှာ
ကောင်းမွန်လာခဲ့သည်။
၁၈၂၄ ခုနှစ်တွင် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ ဖြစ်ပွားစဉ်က မြန်မာနိုင်ငံကို တိုက်ခိုက်ရန် စေလွှတ်သော အရှေ့အိန္ဒိယ ကုမ္ပဏီ၏ ဘင်္ဂလားတပ်မကြီးနှင့် မဒရပ်တပ်မမကြီးတို့သည် ရှေးဦးစွာ အန္ဒမန်ကျွန်းကြီးရှိ ပို့ကွန်းဝေါလစ်တွင် စုဝေးပြီး နောက်မှ ပင်လယ်ခရီးဖြင့် ရန်ကုန်မြို့သို့ ချီတက်တိုက်ခိုက်ခဲ့ ကြသည်။
ကိုကိုးကျွန်းစု ၊ အန္ဒမန်ကျွန်းစု၊ နာကဗာရီကျွန်းစုတို့မျာ
ဗြိတိသျှလက်ထက်က ကော်မရှင်နာမင်းကြီးတစ်ဦး အုပ်ချုပ်
သော ဗြိတိသျှအင်ပိုင်ယာ အပါအဝင် နယ်တစ်နယ် ဖြစ်ခဲ့
သည်။ ထိုစဉ်က အိန္ဒိယပြည်နှင့် မြန်မာပြည်မှာ တစ်သက်
တစ်ကျွန်း ပို့ခြင်းခံရသူတို့ကို ဤကျွန်းသို့ ပို့ခဲ့ကြသည်။
ဗြိတိသျှ ပါလီမန်တွင် ပြုလုပ်သော ၁၉၃၅ ခုနှစ်
မြန်မာနိုင်ငံ အက်ဥပဒေအရ အိန္ဒိယနှင့် မြန်မာနိုင်ငံကို
ခွဲလိုက်ရာတွင် အန္ဒမန်ကျွန်းစုမှာ အိန္ဒိယပိုင်နက်တွင် ကျ
ရောက်ခဲ့၏။ အမှန်စင်စစ်သော်ကား ပထဝီဝင် အနေအထား
အရ ကပ္ပလီ ကျွန်းစုသည် ပြည်ထောင်စု မြန်မာနိုင်ငံပိုင်
ဖြစ်သင့်ပေသည်။ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ
ခေတ်၌မူ တစ်သက် တစ်ကျွန်း အပြစ်ပေးခံရသူတို့ကို
မြန်မာနိုင်ငံမှ ထိုကျွန်းသို့ မပို့တော့ပါ။
ကပ္ပလီကျွန်းစု၏ တိုင်းဦးသားတို့မှာ အရပ်ပုသော
ကပ္ပလီလူမျိုးများတွင် အပါအဝင်ဖြစ်သည်။ ထောင်ပေါင်း
များစွာသော နှစ်ပေါင်းအလျင်က အာရှတိုက် အရှေ့တောင်ပိုင်း
နှင့် ထိုဒေသတစ်ဝိုက်ကျွန်းတို့တွင် ဤကပ္ပလီပုများ ပြန့်နှံ့
နေထိုင်ခဲ့ကြသည်။ သူတို့မှာ ထိုဒေသတွင် ရှေးအကျဆုံး
နေထိုင်ခဲ့သူများဟု ယူဆဖွယ်ရာရှိသည်။ ကျွန်းသားတို့နှင့်
အနွယ်တူဖြစ်သော ကပ္ပလီပုများကို ယခုတိုင် အာရှတိုက်
အရှေ့တောင်ပိုင်းနှင့် ကျွန်းစုများတွင် တွေ့ရသေးသည်။
သူတို့မှာ ပသျှူးအတွင်းတွင်း လတ္တီတွဒ် ၅ နှင့် ၇ စပ်ကြား
ထူထပ်သောဒေသရှိ ဆေမန်များ၊ ဖိလစ်ပိုင်ကျွန်းစု၏ ကျွန်းမ
ဖြစ်သော လူဇုံကျွန်းတောတွင်းနေ အအီတများ၊ နယူးဂင်းနီ
ကျွန်းရှိ တပိရိုများနှင့် တိုင်မော်၊ ဆူးမတြားစသည့် ကျွန်းတို့
တွင် တွေ့ရသော အခြားလူမျိုးဖြစ်သည်။ ဤဒေသရှိ ကပ္ပလီ
လူပုတို့သည် အခြားလူမျိုးတို့နှင့် ရောနှောနေလာခဲ့သည်မှာ
ကြာပြီ ဖြစ်သဖြင့် ထိုသူများသည် အခြားလူမျိုးတို့၏
ယဉ်ကျေးမှုလွှမ်းမိုးခြင်း၊ ရောနှောခြင်းကို ခံခဲ့ရသလောက်
ကပ္ပလီကျွန်းသား များမှာ မခံခဲ့ရသဖြင့် ကပ္ပလီကျွန်းသား
များသည် ကပ္ပလီပုလူမျိုးများအနက် အမျိုးအစစ်ဆုံး၊
အသန့်ဆုံးဟု ဆိုနိုင်ပေသည်။
ကပ္ပလီကျွန်းသားတို့သည် မည်သည့်ဒေသ၊ မည်သည့်
အချိန်လောက်က ကပ္ပလီကျွန်းစုသို့ ရောက်ခဲ့ကြသည်ကို
မခန့်မှန်း နိုင်ပေ။ ကျွန်းစုသည် ကျွန်းမကြီးနှင့် တစ်ဆက်
တည်း ဖြစ်စဉ်က ရောက်ခဲ့သည်။ သို့မဟုတ် ပင်လယ်ရေ
ကြောင်း အဆက်ပြတ်ပြီးမှ ရောက်ခဲ့သည်ကိုပင် မပြောနိုင်ပေ။
အလွန့်အလွန် ရှေးကျသောခေတ်က ရောက်ခဲ့သည်ဟုသာ
ယူဆရပေမည်။ မည်သည့်အချိန်ကပင်ရောက်သည်ဖြစ်စေ
သူတို့သည် မြန်မာနိုင်ငံ ရခိုင်၊ သို့မဟုတ် ပဲခူးဒေသဘက်ဆီမှ
ရောက်လာကြတန်ရာသည်ဟု ပညာရှင်တို့က ယူဆကြသည်။
ကပ္ပလီကျွန်းသား ယောကျာ်းတို့သည် များသောအားဖြင့် ၄
ပေ ၁၀ လက်မခွဲ၊ မိန်းမတို့မှာ ၄ ပေ ၆ လက်မခွဲမျှ အရပ်ရှိ
ကြသည်။ ဦးခေါင်းလုံး၍ နှာခေါင်းပြားသည်။ ဆံပင်မှာ ကျပ်
ခိုးရောင်ရှိ၍ တွန့်လိမ်နေသည့်အပြင် ဦးရေတွင် ပြားကပ်၍
တည်နေသည်။ အသားရောင်မှာ မဲပြောင်နေ၏။
ကပ္ပလီကျွန်းသားတို့မှာ လူမျိုးတစ်မျိုးတည်းပင် ဖြစ်
သော်လည်း ဘာသာစကားနှင့် ယဉ်ကျေးမှု အချက်အလက်
များ၏ ကွဲပြားချက်ကိုလိုက်၍ ကပ္ပလီကျွန်းကြီးအစုနှင့်
ကပ္ပလီကျွန်းငယ်အစုဟု ၂ စုခွဲခြားသည်။ ပထမအစုတွင်
တောင်အန္ဒမန်ရှိ ဂျာရဝါးလူမျိုးတို့မှအပ ကပ္ပလီကျွန်းကြီးနေ
အခြားလူမျိုးများပါဝင်၍ ဒုတိယအစုတွင် ဂျာရဝါးများ၊
ကပ္ပလီကျွန်းနေ လူမျိုးများနှင့် မြောက်ဆင်တီနယ်ကျွန်းသား
များ ပါဝင်၏။
ကပ္ပလီကျွန်းကြီးအစုတွင် လူမျိုးစု ၁၀ မျိုးပါဝင်ရာ
မြောက်အန္ဒမန်ကျွန်းတွင် အကချရီ၊ အကကိုရ၊ အကဂျေရု၊
အလယ်အန္ဒမန်နှင့် ဗာရာတန်းတို့တွင် အကကေဒေ၊ အကကို၊
အိုကိုဂျူဝိုင်နှင့် အပုစိကွာ၊ ရစ်ချီကျွန်းစုတွင် အကာဘလေ၊
တောင်အန္ဒမန်ကျွန်းစု၏ ကမ်းရိုးတန်းတွင် အကဘီအတို့ရှိကြ
သည်။ ကပ္ပလီကျွန်းငယ်အစုတွင် တောင်အန္ဒမန်အတွင်းပိုင်း
နေဂျာရဝါးများ၊ မြောက်ဆင်တီနယ်ကျွန်းသားများ၊ အန္ဒမန်
ကျွန်းငယ်နေ အွန်ဂေများ ပါဝင်ကြသည်။ ထိုလူမျိုးစုတို့သည်
ရောနှောနေထိုင်ခြင်းမရှိ။ မိမိတို့ဒေသနှင့် မိမိတို့ သီးသန့်
နေထိုင်ကြသည်။
နေထိုင်စားသောက်၊ တွေးတောယုံကြည်မှုတို့တွင် တိုးတက်
မှု မရှိကြသေးပေ။ ဝတ်ဆင်မှုဟူ၍ မရှိလှ။ အလှ အပအအဖြစ်
ကိုယ်တွင် ရွှံ့စေးတို့ဖြင့် အဆင်ပေါ်အောင် ဆေးရေးတတ်ကြ
သည်။ ရွှင်ပျစွာ နေထိုင်တတ်ကြသော်လည်း အမျက်ထွက်သော
အခါတို့တွင် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြသည်။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)