ကဘော်မြစ်ဝှမ်း

ကဘော်မြစ်ဝှမ်းသည် ချင်းတွင်းမြစ်နှင့် တမူးအကြား ဒေသဖြစ်သည်။ ဘုရင့်နောင်လက်ထက် ၁၅၅၆/၉-ခုနှစ်အတွင်း မဏိပူရကို သိမ်းပိုက်လိုက်သည့် အချိန်မှစ၍ မဏိပူရသည် မြန်မာမင်း၏ ဩဇာခံ ဒေသ ဖြစ်လာပြီး ကဘောဒေသသည် မြန်မာပိုင်ဒေသ ဖြစ်လာခဲ့၏။ ၁၈၂၄/၅-ခုနှစ်တွင် ဖြစ်ပွားသော အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး၌ ရန္တပိုစာချုပ်အရ မဏိပူရနယ်ကို မြန်မာတို့ လက်လွှတ်လိုက်ရ၏။ မဏိပူရစော်ဘွားက ကဘောမြစ်ဝှမ်းဒေသကို မဏိပူရပိုင်နယ် အဖြစ်ကြေညာ၏။ ဘကြီးတော်မင်းသည် ကဘောမြစ်ဝှမ်းဒေသသည် အစဉ်အလာအားဖြင့်၎င်း ပထဝီအနေအထားအရ၎င်း မြန်မာမင်းပိုင်နယ်ဖြစ်သဖြင့်၊ သံတမန်နည်းလမ်းဖြင့် ကြိုးစားရာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကိုယ်စားလှယ် ဘာနေး၏ဆောင်ရွက်ချက်ကြောင့် ၁၈၃၃-ခုနှစ်တွင်၊ ပြန်လည်ရရှိသည်။ သို့သော် နယ်ခြားသတ်မှတ်မှုမရှိသေးသဖြင့် သီပေါမင်းလက်ထက် ၁၈၈၁-ခုနှစ်တွင် အိန္ဒိယအစိုးရကနယ်ခြားသတ်မှတ်ရေး ပူးတွဲကော်မရှင် ဖွဲ့ရန် မြန်မာအစိုးရသို့ ဖိတ်ခေါ်သည်။ မြန်မာအစိုးရက လက်မခံသောအခါ အိန္ဒိယအစိုးရက သူ့ဘာသာ တစ်ဦးတည်း သတ်မှတ်လိုက်၏။ [1]

ကိုးကား

  1. ဦးစိန်မြင့်(လုပ်သားများကောလိပ်)ရေး၊ မြန်မာနိုင်ငံသမိုင်း အဘိဓာန်၊ ၁၉၆၈၊ နိုဝင်ဘာ(၂၄)ရက်၊ စာ-၉
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.