ကမ္ဘာ့အကြီးဆုံးစာအုပ်

ဒီစာအုပ်ကြီး ရှိတဲ့နေရာကတော့ လူဦးရေအများဆုံး လူ့ယဉ်ကျေးမှု အရှည်ကြာဆုံးဆိုတဲ့ တရုတ်ပြည်ကြီးမှာလည်း မဟုတ်ပါဘူး။ ဧရာမကျောက်ရုပ်ကြီးတွေ ပိရမစ်ခေါ်တဲ့ကျောက်သင်္ချိုင်းဂူကြီးတွေရှိတဲ့ အီဂျစ်ပြည်မှာလည်း မဟုတ်ပါဘူး။ ကျောက်မဏ္ဍပ် ကျောက်အားကစားဗိမာန်ကြီးတွေရှိတဲ့ ရောမတိုင်းမှာလည်း မဟုတ်ပါဘူး။ ဒီကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဟာ အာရှနိုင်ငံထဲက မြန်မာပြည်မှာပဲ တည်ရှိနေခဲ့တာ ဖြစ်ပါတယ်..…" စာအုပ်တစ်အုပ် ကြီးလိုက်တာဆိုရင် ဘယ်လောက်အထိ ကြီးတာကို မြင်ဖူးပါသလဲလို့မေးရင် ဒီက ကျွန်မတို့ မိတ်ဆွေတွေဖြင့် ဘယ်လိုဖြေကြမယ် မသိဘူး။ ကျွန်မတွေ့ဖူးတဲ့ စာအုပ်ကြီးကဖြင့် ကြီးလိုက်သမှ သူ့စာတစ်ရွက်တစ်ရွက်ဟာ အနံ ၃ ပေခွဲ အလျှား ၅ ပေရှိပြီး စာတစ်ရွက်ရဲ့ထုက ၅ လက်မ၊ ၆ လက်မ ရှိတာမို့ စာမျက်နှာ ၁၄၆၀ ရှိတဲ့ ဒီစာအုပ်ကြီးရဲ့ စာရွက် ၇၃၀ ကို ထပ်မထားနိုင်ဘူး။ ထပ်ထားလိုက်ရင် အထပ် ၂၀ ရှိတဲ့ မိုးထိတိုက်တစ်လုံးလောက် မြင့်နေမှာမို့ မြေဧက ၁၃ ဧက ကျယ်ဝန်း တဲ့ လေးထောင့်စပ်စပ် မြေကွက်ကြီးထဲမှာ တစ်ရွက်စီ စိုက်ထူထားရပါတယ်..။ စာရွက်ကြီး ကြီးတာကတော့ ဟုတ်ပါပြီ။ ဒီလောက်ကြီးတဲ့ စာရွက်ပေါ်မှာ ဧရာမစာလုံးကြီးတွေနဲ့ စာတွေကျဲကျဲ ရေးထားတာမျိုးလားမေးရင် မဟုတ်ပါဘူး။ ဒီစာရွက် ၇၃၀၊ စာမျက်နှာ ၁၄၆၀ ပေါ်မှာ ရှိတဲ့စာတွေကို စာအုပ်ရိုက်လိုက်တော့ ဂရိတ်ပရိုင်မာစာလုံးနဲ့ ရွိုင်ရယ်ရှစ်ချိုးဆိုဒ် စက္ကူပေါ်မှာ စာမျက်နှာ ၄၀၀ တစ်ဝိုက်ရှိတဲ့ စာအုပ်ကြီးပေါင်း ၃၈ အုပ် ထွက်ရှိပြီး ဒီစာတွေကို တစ်ချိန်က သံဃာတော်အပါး ၂၄၀၀ နေ့မနား၊ ညမနား၊ အသံမစဲ အလဲနဲ့ ရွတ်ဖတ်တဲ့အခါ ၅ လနဲ့ ၃ ရက်ကြာမှ ပြီးဆုံးသွားခဲ့ဖူးပါတယ်..။ ဒါကြောင့် လူတစ်ယောက် တစ်နေ့ ၈ နာရီ မနားတမ်း နေ့တိုင်းမှန်မှန် ဖတ်သွားနိုင်တယ်ဆိုရင်ဖြင့် ၁ နှစ်နဲ့ ၃ လလောက် ဖတ်ရမယ့် စာအုပ်ကြီးဖြစ်ပါတယ်။ ဒေါ်အမာ ပြောတာ ဟုတ်ပါ့မလား၊ ဘယ်မလဲ ဒီစာအုပ်ကြီးဆိုတာက၊ တကယ်ပဲဆိုရင်ဖြင့် ဒီစာအုပ်ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးစာအုပ်ကြီး ဖြစ်နေမှာပေါ့လို့ မေးချင်ကောင်း မေးချင်ကြပါလိမ့်မယ်။ ဒီလိုမေးလာရင် ဟုတ်ပါတယ်၊ ဒီစာအုပ်ကြီးဟာ ကမ္ဘာမှာ အကြီးဆုံး စာအုပ်ကြီးပါ။ ဒီစာအုပ်ကြီး ရှိတဲ့နေရာကတော့ လူဦးရေအများဆုံး၊ လူ့ယဉ်ကျေးမှု သမိုင်းအရှည်ဆုံးဆိုတဲ့ တရုတ်ပြည်ကြီးမှာလည်း မဟုတ်ပါဘူး။ ဧရာမကျောက်ရုပ်ကြီးတွေ ပိရမစ်ခေါ်တဲ့ကျောက်သင်္ချိုင်းဂူကြီးတွေရှိတဲ့ အီဂျစ်ပြည်မှာလည်း မဟုတ်ပါဘူး။ ကျောက်မဏ္ဍပ်ကျောက်အားကစားဗိမာန်ကြီးတွေရှိတဲ့ ရောမတိုင်းမှာလည်း မဟုတ်ပါဘူး။ ဒီကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဟာ ကျွန်မတို့ မြန်မာပြည်မှာပဲ ရှိတယ်။ ကျွန်မတို့ မြန်မာပြည်က ဒီမန္တလေးမြို့မှာပဲ ရှိပါတယ်လို့ ဖြေပါရစေ။

ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်
ကျောက်စာများ ထားရှိရာ ကျောက်စာဂူများ

မန္တလေးတောင်ခြေက "မဟာလောကမာရဇိန်" လို့ ဘွဲ့တပ်တဲ့ မင်းတုန်းမင်းတရားကြီးရဲ့ ကုသိုလ်တော်ဘုရားကြီးထဲမှာ ဒီကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ ငယ်ငယ်က ဒီစာအုပ်ကြီးရဲ့ စာရွက်တွေကြားထဲ တူတူပုန်းတမ်းလည်း ကစားဖူးတယ်။ စာရွက်ကြီးတွေ စိုက်ထားတဲ့ ကျောက်စာဂူကြီးတွေကို လှည့်ပတ်ပြေးရင်း ပြေးတမ်းလိုက်တမ်းလည်း ကစားဖူးတယ်။

အသက်အရွယ်ကြီးလာတော့ ဓမ္မရတနာ ဘုရားနှုတ်ကပါဌ်တော်တွေကို ပူဇော်တဲ့အနေနဲ့ စာရွက်ကြီးတွေရဲ့ထိပ်မှာ ဖယောင်းတိုင်တစ်တိုင်စီထွန်းပြီးတော့လည်း မီးပူဇော်ခဲ့ဖူးတယ်။ ဒီထက်ကြီးပြန်တော့ ဒီ ဒီစာအုပ်ကြီးတည်တံ့ခိုင်မြဲသထက် ခိုင်မြဲပါစေတော့ဆိုတဲ့ စေတနာနဲ့ စာရွက်ကျောက်ဖျာတွေ စိုက်ထူထားတဲ့ ဂူရဲ့ အခြေပတ်လည်ကို ကျောက်သေးရိုက်အင်္ဂတေကိုင်တဲ့ အလှူကိုလည်း တတ်အားသမျှ လှူခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံကို ဒုတိယကမ္ဘာစစ်မီးကြီးလောင်မြိုက်တော့ မန္တလေးမြို့က တချို့ စစ်ပြေးဒုက္ခသည်တွေဟာ အဝေးကျေးရွာတွေထိအောင် မပြေးနိုင်ရှာကြဘဲ ဗုဒ္ဓဘာသာ ကျောင်းကန် ဘုရားတွေကိုတော့ဖြင့် စစ်ရူးတွေက သက်သက်မဲ့ ဗုန်းကြဲတိုက်ခိုက်ခြင်းမပြုတန်ရာဘူးဆိုပြီး ကုသိုလ်တော်ဘုရားထဲက ဒီကျောက်စာဂူကြီးတွေထဲလာပြီး စစ်ဘေး စစ်ရန်က ခိုကိုးနေလိုက်ကြတာ စစ်တစ်ခေတ်လုံး သုံးနှစ်ကျော်ကျော်ကြီး ကြာတယ်။ စစ်ကြီးပြီးတောင်မှ နေစရာ အိုးအိမ်မထူထောင်နိုင်သေးသူတွေက ဆက်လက်ခိုကိုးနေလို့ ဘုရားလူကြီးတွေက ဘုရားအတွင်း သန့်ရှင်းရေးအတွက် မနည်းကြီးမေတ္တာရပ်ခံပြီး ဖယ်ရှားခိုင်းခဲ့ရတယ်။

ကမ္ဘာ့အကြီးဆုံးနဲ့ ကမ္ဘာ့အလေးဆုံးဖြစ်တဲ့ ဒီစာအုပ်ကြီးဟာ အခုအနှစ် ၁၀၀ ကျော်ပြီ ဖြစ်ပေမယ့် အဆွေးအမြည့် အပျက်အစီး မရှိသေးဘူး။ အကောင်းပကတိအတိုင်း ရှိပါတယ်။ ဒီကမ္ဘာ ဘယ်အရပ် ဘယ်ဒေသ ဘယ်သူ့ကမဆို ဗုဒ္ဓရဲ့ ပိဋကတ်သုံးပုံနဲ့ ပတ်သက်လို့ တိုက်ဆိုင်ကြည့်ချင်တယ်၊ နှိုင်းယှဉ်ကြည့်ချင်တယ်ဆိုရင်ဖြင့် လာခဲ့ပါ၊ ဘယ်သူ့ကိုမဆို အချိန်မရွေး တိုက်ခွင့်၊ ဖတ်ခွင့်၊ ကြည့်ခွင့်၊ ကူးခွင့်ပေးထားပါတယ်။ သူ့အလိုဆိုရင်ဖြင့် ပိဋကတ်တိုက်ရဲ့ တံခါးတောက် ပတ်ထားဖို့မလိုတဲ့ ဒီစာအုပ်ကြီးပါ။ သူက စာအုပ်သာဆိုရတယ် သူများငှားသွားပြီး ပြန်မပေးမှာလည်း မစိုးရဘူး။ ဆွဲဆုတ်ယူထားလိုက်မလားလို့လည်း မပူရဘူး။ ဘယ်သူယူသွားမှန်းမသိလို့ စာအုပ်ပျောက်သွားတာမျိုးလည်း မဖြစ်နိုင်ဘူး။ အထားမှားလို့ ရှာမတွေ့မယ့် စာအုပ်မျိုးလည်း မဟုတ်ဘဲဟာကိုး။

ပြီးတော့ ခိုင်လိုက်မယ့် အမျိုးကလည်း ဆိုးရွားယုတ်မာတဲ့ နယ်ချဲ့စစ်မျိုးရဲ့ ဘေးဒဏ်သာ မခံရဘူးဆိုရင် နောင်ကို နှစ်တွေ ထောင်နဲ့ချီပြီး အကောင်းပကတိအတိုင်း တည်တံ့ခိုင်မြဲနေဦးမှာပါ။ ဒီစာအုပ်ကြီးကို လှူခဲ့တဲ့ ကုသိုလ်ရှင်ကြီးက သူ့စာအုပ်ဟာ ကမ္ဘာတည်သရွေ့ တည်တံ့လိမ့်မယ်လို့တောင် မျှော်မှန်းခဲ့ပါတယ်။ ဒီမျှော်မှန်းချက်က များလွန်းတယ်လို့လည်း မပြောသာပေဘူး။ ဘာလို့လည်းဆိုတော့ စာတွေ ရေးသားခဲ့တာက စက္ကူပေါ်မှာလည်း မဟုတ်ဘူး။ ပေရွက်ပေါ်မှာလည်း မဟုတ်ဘူး။ သားရေတို့ ဝါးတို့ အရိုးတို့ စတဲ့ပစ္စည်း တွေပေါ်မှာလည်း မဟုတ်ဘူး။ အလွန်မာကျောတဲ့ ကျောက်ဖျာကျောက်ပြားကြီးတွေပေါ်မှာ ရေးထွင်းခဲ့တာ ဖြစ်ပေသကိုး..။ လွန်ခဲ့တဲ့ အနှစ် (၁၀၀၀) ကျော်က ကျောက်စာတွေ ကနေ့ထက်ထိ ဖတ်လို့ရနေသေးတာတွေ အများကြီး ရှိပါတယ်။ ဒါတောင် အဲဒီကျောက်စာတွေဟာ နေထဲလေထဲ မြေထဲရေထဲမှာ အဖုံးအကာမရှိ ထားပစ်ခဲ့တဲ့ ကျောက်စာတွေပါ။ ကျောက်စာရဲ့သဘောက ထိမိခိုက်မိရင် ကွာမယ်ကွဲမယ် ပဲ့မယ်။ ဒီလိုမဟုတ်လို့တော့ ဆွေးတတ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ ကျောက်ပြားတစ်ချပ်ကို အုတ်ဂူတစ်ခုနဲ့ မိုးလုံလေလုံထားတဲ့ ကျောက်ဖျာကြီး အလျှားအနံ ၅ ပေ ၄ ပေခွဲကို မြေဝင်တစ်ပေကျော်နဲ့ စိုက်ထားပြီး အထူ ၆ လက်မရှိတဲ့ဟာကြီးတွေ ဘယ်မှာ တော်တော်နဲ့ ပျက်စီးလိမ့်မတုံး။ ဒီစာအုပ်ကြီးမှာ ဘာတွေရေးထားသလဲဆိုတော့ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတဲ့ ပိဋကတ်သုံးပုံစလုံးအပြင် နေတ္တိကျမ်း၊ မိလိန္ဒပဉှာနဲ့ ပေဋကောပဒေသကို ပါဠိဘာသာ မြန်မာအက္ခရာ စာလုံးဝိုင်းနဲ့ ရေးထွင်းထားတာ ဖြစ်ပါတယ်။

ကုသိုလ်ရှင်

ဒီစာအုပ်ကြီးဖြစ်မြောက်အောင် ဦးစီးလှူဒါန်းတဲ့ ကုသိုလ်ရှင်ကတော့ မန္တလေးမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးဖြစ်တဲ့ မင်းတုန်းမင်းတရားကြီးပါ။ မင်းတုန်းမင်းဟာ (၁၂၁၄) ခု (၁၈၅၂ခု) မှာ နန်းတက်တယ်။ ဘုရင်ဖြစ်လို့ ၈ နှစ်အကြာမှာ ဗုဒ္ဓဘာသာ အကြာကြီး တည်တံ့ထွန်းလင်းစေချင်တဲ့အတွက် "ရှေးက ဘယ်မင်းမှ မလှူဖူးတဲ့ အလှူမျိုး" ကို လှူမယ်ဆိုပြီး ဒီအလှူကို ဦးစီးလှူခဲ့တာ ဖြစ်ပါတယ်။

မန္တလေးမြို့ကို တည်တော့မယ်ဆိုတော့ မြို့သစ်မှာ တစ်ပြိုင်နက် ပန္နက်ချပြီး တည်ဆောက်ရမယ့် အဆောက်အအုံ ၇ ခု သတ်မှတ်ပါတယ်။ "မြို့၊ ကျုံး၊ စေတီ၊ သိင်္ဂိလျှံမောင်း၊ သိမ်ကျောင်းသုဓမ္မာ၊ ရွှေစာအမြတ်၊ ပိဋကတ်တိုက်၊ သမိုက်မြဲမြံ၊ ခုနစ်တန်ကို၊ ဆော်ဖန်အောင်မြည် တပြိုင်တည်က" ဆိုတဲ့ အမှတ်အသားအတိုင်း ၁။ နန်းမြို့ကြီး.. ၂။ ကျုံး၊ ၃။ မဟာလောက မာရဇိန်စေတီတော်၊ ၄။ ပဌာန်းဟော ရွှေသိမ်၊ ၅။ အတုမရှိကျောင်း၊ ၆။ သုဓမ္မာဇရပ်၊ ၇။ ပိဋကတ်တိုက်တော်တို့ကို ၁၂၂၁ ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှာ ပထမဆုံး တစ်ပြိုင်နက် ပန္နက်ရိုက်ပြီး တည်ဆောက်ခဲ့ပါတယ်။ အဲဒီအထဲက မဟာလောကမာရဇိန်ဘွဲ့ချီတဲ့ ကုသိုလ်တော် စေတီကြီးရဲ့ မဟာရံတံတိုင်း သုံးထပ် အတွင်းမှာ ဒီပိဋကတ်တော် ကျောက်စာတွေကို စိုက်ထူထားခဲ့ပါတယ်။

ကုန်းဘောင်ခေတ် မြန်မာရှင်ဘုရင်တွေ တည်ထားလှူဒါန်းခဲ့တဲ့ ဘာသာရေး အဆောက်အအုံကြီးတွေ အများအပြား ရှိခဲ့တဲ့ အထဲမှာ မင်းကွန်းဘက်က မြသိန်းတန်စေတီတော်ဟာ ရှုမငြီးအောင် အခင်းအကျင်းနဲ့တကွ အတည် အလုပ်မှာ လှပကောင်းမွန်သလို မန္တလေး ကုသိုလ်တော်ဘုရားနဲ့ ပိဋကတ်တော်ကျောက်စာဂူတွေရဲ့ အနေအထား အခင်းအကျင်းကလည်း မြင်ရသူတိုင်း ကြည်နူးချမ်းမြေ့မှုနဲ့ ကြည်ကြည်ညိုညို သဒ္ဓါစိတ်ပေါက်ရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ မင်းတုန်းမင်းကြီးဟာ မြန်မာနိုင်ငံတစ်ပိုင်းတည်းကိုသာ အုပ်ချုပ်မင်းလုပ်ရတော့တဲ့ ဘုရင်တစ်ပါး ဖြစ်ပေမယ့် တိုင်းတစ်ပါးမင်း အင်္ဂလိပ် ပြင်သစ်စတဲ့ အစိုးရတွေ ခန့်ညားလေးစားရတဲ့ မင်းလည်းဖြစ်တယ်။ တိုင်းသူပြည်သား လူအများက ချစ်ခင်ကြည်ညိုခြင်းကို အများဆုံး ခံရတဲ့ မင်းတစ်ပါးလည်း ဖြစ်ပါတယ်။

ဒီဘုရင်ကြီးဟာ ဒီအလှူကို ဘာသာရေး ယုံကြည်ချက်အပြင် နိုင်ငံရေး အမြော်အမြင်လည်းပါရှိလို့လှူတာလည်း ယုံကြည်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းတုန်းမင်းကြီး အုပ်စိုးနေချိန်က အောက်မြန်မာနိုင်ငံကို သိမ်းထားပြီးဖြစ်တဲ့ နယ်ချဲ့သမား ဗြိတိသျှက "မြန်မာရှင်ဘုရင်ဆိုတာ အလွန်ရက်စက် ကြမ်းကြုတ်တယ်၊ မြန်မာမင်း အုပ်ချုပ်ပုံဟာ ညံ့ဖျင်းလွန်းတယ်" စတဲ့ ဝါဒမှိုင်းတွေ မြန်မာပြည်သူတွေအပေါ် လှိုင်လှိုင်ကြီး တိုက်နေတဲ့ အချိန်ပါ။ အဲဒီလို အချိန်အခါမှာ မင်းတုန်းမင်းတရားကြီးက အမျိုးဘာသာ သာသနာကို ပြန့်ပွားစည်ပင်အောင် တို့ အချင်းချင်းကသာ လုပ်တော့မပေါ့။ မိစ္ဆာအယူရှိတဲ့ နိုင်ငံခြားသားတွေ လက်အောက်မှာ ဘာကို မျှော်လင့်နိုင်မှာတုံး ဆိုတာကို မြန်မာတိုင်းသူပြည်သားတွေ သိစေချင်မှာ အမှန်ပါ။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေးစိတ်ဓာတ် မြန်မာတွေရဲ့ စိတ်ထဲမှာ ခိုင်ခိုင်မြဲမြဲ ရှိနေအောင်သာသနာပြုမင်းတစ်ပါးအနေနဲ့ ပိဋကတ်တွေကို ကျောက်ထက်အက္ခရာတင်တာ၊ အဲဒါပြီးတော့ ပဉ္စမသင်္ဂါယနာ တင်တာ၊ တခြားရေတွက် ကုန်နိုင်ခမန်းမရှိတဲ့အလှူအမျိုးမျိုးတွေ ပေးလှူတာနဲ့ ထိန်းသိမ်းထားတဲ့ လက္ခဏာ ရှိပါတယ်။

မင်းတုန်းမင်းကြီးဟာ ပဒေသရာဇ်ရှင်ဘုရင်ဆိုပေမယ့် တိုင်းသူပြည်သားအားကို ယုံကြည်ချစ်ခင်တဲ့ ဘုရင်၊ တနည်းပြောရရင် ပြည်သူ့အားကိုယုံတဲ့ဘုရင်၊ သူ့ကို ပြည်သူက ကောင်းကောင်းထောက်ခံတယ်လို့သိတဲ့ ဘုရင်ကြီးဖြစ်ပါတယ်။

သူ့နန်းသက် ၁၄ နှစ်အရမှာ ပေါ်ပေါက်တဲ့ သူပုန်မှုကြီးဟာ အလွန်ကြီး အလွန်ကြောက်စရာကောင်းတဲ့ အမှုကြီးပါ။ ဒါပေမယ့် ဒီအမှုကြီးကို မင်းတုန်းမင်းကြီး ကိုင်တွယ် ဖြေရှင်းလိုက်ပုံဟာ သူ့ခေတ်နဲ့သူ အင်မတန်အမြော်အမြင် ကြီးတယ်လို့ သိရပါတယ်။ သက္ကရာဇ် ၁၂၂၈ မှာ သူ့သားတော် မြင်းကွန်းမင်းသားနဲ့ တူတော် ပတိမ်းမင်းသားတို့က အလစ်မှာ လူသူအပြည့်အစုံနဲ့ ဘုရင်ကြီးနဲ့ တစ်ဖွဲ့လုံးကိုသတ်ပြီး ထီးနန်းလုယူဖို့ စံနန်းတော်ကို တစ်ခါတည်းဝင်စီးပြီး လုပ်ကြံဖို့ ကြိုးစားတယ်။ အဲဒီမှာ ဗြိတိသျှကို ခံချမယ့်မင်းသားလို့ ပြည်သူက ယုံကြည်ကိုးစားတဲ့၊ မင်းတရားကြီး အားကိုးအားထားပြုတဲ့ ညီတော်ကနောင်မင်းသား အိမ်ရှေ့မင်း အသတ်ခံရတယ်။ အခြားမူးမတ်များနဲ့ မင်းညီမင်းသားတွေလည်း အတော်များများ အသတ်ခံလိုက်ရတယ်။ ဘုရင်ကြီးတောင်မှ စည်းရုံးရေးကောင်းလွန်းလို့ ရန်သူ့ဓားဖျားမှာ အသက်ပါမသွားတာဖြစ်တယ်။ မြင်းကွန်းမင်းသားတို့လူစုက ဘုရင်ဒီအပေါက်က ထွက်ပြေးလာရင် ဒီဓားနဲ့ လုပ်ကြံဟဲ့လို့ ပိုက်ကြီးဆိုတဲ့ ဘက်တော်သားတစ်ယောက်ကို တာဝန်ပေးပြီး ထွက်ပြေးလာတန်ရာတဲ့အပေါက်က အစောင့် ခိုင်းထားပြီးသား။ မင်းတရားကြီးကလည်း သူပုန်များတွက်တဲ့အတိုင်းပဲ ပိုက်ကြီး ဓားကိုင်စောင့်တဲ့ အပေါက်က ထွက်လာခဲ့တယ်။ မင်းတရားကြီး ဒီလိုထွက်လာလို့ ပိုက်ကြီးက ဓားနဲ့ ခုတ်လိုက်မယ့်အလုပ်မှာ မင်းတရားကြီးက "ဟဲ့.. နင် ငပိုက်မဟုတ်လား"လို့ နှုတ်ဆက်လိုက်တော့ ငပိုက်လည်း အံ့အားကြီးသင့်သွားပြီး မခုတ်ဝံ့ မခုတ်ရက် ဖြစ်ရုံမက ဓားပစ်ချပြီး "ကျွန်တော်မျိုး အချီတော်ဆက်ပြီး လွတ်ရာပို့ပါရစေဘုရား".လို့ လျှောက်ပြီး ဘေးကင်းရာသို့ သူ့ကျောနဲ့ပိုး ပြေးပို့ရတော့သတဲ့။ ဒါကြောင့် အသက်ဘေးက လွတ်သွားတာဖြစ်တယ်။ ဒီသူပုန်မှုကြီးကို မင်းတုန်းမင်းကြီး ၂ လကြာ နှိမ်နှင်းယူရပါတယ်။ အဲဒီပုန်ကန်မှုကြီး ပြီးပြေတဲ့အခါ မင်းတုန်းမင်းကြီးက ဘယ်မင်းမှ မပြုဖူးသေးတဲ့ 'အဘယဒါန'.ဆိုတာကိုပြုပြီး သူပုန်ဘက်ပါသူတွေအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

ဒီအမှုကြီးအပြီးမှာ မင်းတုန်းမင်းကြီးရဲ့ ကြေညာချက်က…."၁၂၂၈ ခုနှစ် သားတော် မြင်းကွန်းသား၊ တူတော် ပတိမ်းသားတို့ ခြားနားရိုင်းပြစဉ်အခါ နှစ်ကြောင်းနှစ်ပ ပုန်ကန်ခြားနားရာ ပါဝင်သူအပေါင်းတို့ကို အရေးတော် ပြီးပြေကာလ ကျွန်တော်မျိုး ပြည်သူပြည်သားအပေါင်းတို့သည် ငါ၏ ကျေးဇူးတော်ကို ချေပလိုခြင်းအားဖြင့် ပါဝင်ကြသည်မဟုတ်၊ ရုတ်ခြည်း ရှောင်တခင် အထင်မှားယွင်းသဖြင့် ပါမိပါရာ ပါဝင်ကြခြင်းမျှသာ ဖြစ်သောကြောင့် သူပုန်ဘက်ပါသူ ကြံစည်ပေါင်းသင်း ခြားနားခုခံရာပါသူဟူ၍ စွဲမှတ်ခေါ်ဝေါ်ခြင်း မရှိစေရ။ ကျွန်တော်မျိုးချည်း ဖြစ်ကြသည့်အတိုင်း ပါဝင်မိသူတို့၏ စိတ်နှလုံး၌ နှောင့်နှေးကြောင့်ကြမဲ့ ဧမြချမ်းသာစွာ နေထိုင်ကြစေ…." လို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ သူ့အုပ်ချုပ်ရေးအပေါ် သူယုံကြည်မှု၊ တိုင်းသူပြည်သားအပေါ် သူယုံကြည်သက်ညှာမှု သိပ်ကြီးမားတယ်ဆိုတာ ထင်ရှားစေတဲ့ အမိန့်ပါ။ နယ်ချဲ့သမား တအားတက်စေမယ့် အပြုအမူမျိုးကို သတိကြီးကြီးနဲ့ ရှောင်ရှားနိုင်တယ်လို့လည်း ဆိုရမှာပေါ့။

အဲဒီ မင်းတုန်းမင်းကြီးက သူ့နန်းသက် ၈ နှစ်အရမှာ အထက်ထက်ကမင်းတွေ ဘယ်မင်းမှ မလှူခဲ့ဖူးတဲ့ ကုသိုလ် တစ်ခုကို ပြုမယ်ဆိုပြီး ပိဋကတ်တော် သုံးပုံစလုံးကို ကျောက်ပေါ်မှာ ရေးထွင်းပြီး ကျောက်ပြားပေါ်ကစာအဖြစ်နဲ့ ကျောက်ထက်အက္ခရာတင်ထားခဲ့လို့ ကမ္ဘာ့အကြီးဆုံးနဲ့ အခိုင်ဆုံးစာအုပ်ကြီး ကျွန်မတို့ မြန်မာပြည်မှာ ရှိနေတာ ဖြစ်ပါတယ်။

ကျောက်ထက်အက္ခရာတင်ပုံ

မင်းတုန်းမင်းကြီးက ဘုရားနှုတ်ကပါဌ်တော်တွေကို ကမ္ဘာတည်တာနဲ့အမျှ မပျောက်မပျက် တည်ရှိနေအောင်၊ သာသနာ ပတဲ့အချိန်ထိ တည်စေဖို့ ကျောက်ပေါ်မှာရေးထိုးထားခဲ့ချင်တာဆိုတော့ ပိဋကတ်တော် ကျောက်စာဟာ အမှား အယွင်းကင်းတဲ့မူ ဖြစ်ရမယ်။ ကင်းအောင်လည်း လူ့လုံ့လ လူ့အစွမ်းနဲ့ ဖြစ်နိုင်တာကို အားလုံး လုပ်ဆောင်မယ်ဆိုပြီး ဆရာတော် သံဃာတော်တွေနဲ့ စည်းဝေးတိုင်ပင်ပြီး သူ့ခေတ်သူ့အခါက ဖြစ်နိုင်တဲ့ အကောင်းဆုံးတွေကို ကြီးမားလှတဲ့စေတနာ ပြည့်ဝတဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်သွားခဲ့ပါတယ်။

ဗုဒ္ဓသာသနာတော် စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်းနဲ့ ကာလများစွာ တည်ထွန်းရစ်စေချင်တယ်ဆိုတာ မင်းတုန်းမင်းကြီးရဲ့ ပကတူးကဆန္ဒပဲ။ ဒါကြောင့် သူမင်းအဖြစ်ကိုရောက်လို့ ၄ နှစ်ပဲ ရှိသေးတယ်၊ မန္တလေးမြို့ကို မတည်ရသေးဘူး၊ ဘုရားဟောကြားတော်မူတဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ်သုံးပုံဟာ မြန်မာမင်းအဆက်ဆက် ထပ်ကာထပ်ကာ လက်နဲ့ရေးကူးလာခဲ့ကြတာမို့ ကူးပါများတော့ မှားတာတွေ ပါရှိနေလိမ့်မယ်၊ သူတတ်နိုင်သလောက် မတိမ်းမယိမ်း မှန်ကန်သေချာအောင် လုပ်ဆောင်လိုတယ်ဆိုပြီး ပိဋကတ်သုံးပုံကို ၁၂၁၈ ခုနှစ်မှာ အသစ်တဖန် ရွှေရေး၊မင်ရေး၊ကညစ်ရေး သုံးမျိုးသုံးစားနဲ့ 'ပေထက်အက္ခရာတင်တယ်' လို့ခေါ်တဲ့ ပေပေါ်မှာ ရေးကူးတာတွေ လုပ်စေပါတယ်။

ဒီလိုမတင်ခင် အမှန်ကန်ဆုံးဖြစ်အောင် 'သာသနာပြု ဆရာတော်ကြီး' လို့ခေါ်တဲ့ သာသနာပိုင် အမှူးပြုတဲ့ တံဆိပ်ရ ပိဋကတ်မ ဆရာတော် (၄) ပါး၊ စာကြည့်ဆရာတော် (၃၀)၊ စာတည်းဆရာတော် (၅၀)၊ ပရိယတ်တတ်တဲ့ သံဃာ (၅၀) တို့က ရေးကူးမယ့်စာတွေ မှန်မမှန် စေ့စပ်သေချာစွာစစ်ဆေးကြည့်ကြတယ်။ မှန်ကန်ပြီဆိုမှ ပိဋကတ်တိုက်စိုး၊ သွေးသောက်ကြီး၊ တိုက်စောင့်၊ အကြပ်၊ အစုရေး၊ ပိဋကတ်ရေး စတဲ့ အမှုထမ်း (၁၀၀) ကျော်က ကညစ်နဲ့ စုတ်နဲ့ ရေးကြတယ်။ ဒီလိုရေးနေခိုက်မှာ အမြဲမပြတ် ကြပ်မတ်ပြင်ဆင်ကြည့်ရှု့ဖို့ ၁။ ဒက္ခိဏာရာမဆရာတော်.. ၂၊ စီးတော်မြင်းဝန်တိုက် ဆရာတော်..၃။ ဆီးဘန်းနီ ဆရာတော်တို့က တာဝန်ယူကြပြန်တယ်။

ရေးပြီးတဲ့အခါ သူတို့ခေတ်က စာအရေးကောင်းတဲ့ လူတွေဖြစ်တဲ့ လွတ်စာရေး ရုံးစာရေးတို့က ဒီဃ၊ ရဿ၊ ဣဝဏ်၊ နိဂ္ဂဟိတ်၊ အကျအန၊ မူပျက်မူပို၊ အကျအပေါက် အမှားအယွင်း မရှိစေရအောင် တည်းဖြတ်စေပါသတဲ့.။

ကညစ်တို့ စုတ်တို့ကိုကိုင်ပြီး စာကို လက်နဲ့ကူရေးတဲ့အခါ ရေးချထည့်ရမှာ မထည့်မိ၊ မထည့်ရမှာ ထည့်မိတတ်တယ်။ လုံးကြီးတင်နဲ့ လုံးကြီးတင်ဆန်ခတ်လည်းမှားရေးတတ်တယ်။ သိရီလို့ရေးရမှာကို သီရိလို့ ရေးတာမျိုးပေါ့။ တစ်ချောင်းငင်နဲ့ နှစ်ချောင်းငင် မှားရေးတတ်တယ်။ ပုရိသ ရေးရမှာကို ပူရိသလို့ ရေးတာမျိုးပေါ့။ သေးသေးတင်ထည့်ဖို့ မေ့တတ်တာမျိုးလည်း ရှိတတ်တာကိုး။

ဒါကြောင့် လွှတ်စာရေးတွေကိုထပ်ပြီး အစစ်ခိုင်းရတာဖြစ်တယ်။ အဲဒါပြီးမှ တံဆိပ်တော်ရ စာတည်းဆရာတော်၊ စာကြည့်ဆရာတော်တွေက တည်းကြ ကြည့်ကြပြန်တယ်။ ပေစာရေးတယ်ဆိုတာ အဲဒီခေတ်က ရေးခ ပေ ၁ အင်္ဂါကို ကျပ်သုံးဒင်္ဂါး ၁ ပြားရသတဲ့။ ၁ အင်္ဂါဆိုတာ ၁၂ ချပ်၊ က ကာ ကိ ကီ ကံ ကား အထိပေါ့။ စာမျက်နှာ ၂၄ မျက်နှာ၊ တစ်မျက်နှာမှာ ပျမ်းမျှ စာ ၈ ကြောင်း၊ ဒါကြောင့် ၁ အင်္ဂါမှာ စာ ၁၉၂ ကြောင်းလောက် ရှိပါတယ်။ စာရေးကောင်းသူတိုင်း တစ်နေ့ကို ၁ အင်္ဂါ မပြီးဘူး။ စာကို ငုံမိတဲ့သူမှ ပြီးတယ်။ ဥပမာ ရှေးသရောအခါ ဗာရာဏသီပြည်၌ ဆိုတာကို ရှေးသရောအခါမှာ တစ်ခါလှမ်းကြည့်.. ဗာရာဏသီ တစ်ခါကြည့် ပြည်၌ တစ်ခါကြည့်နေရင် အရေးနှေးတာပဲ။ ပြီးတော့ ပေရေးမှာ စာမှားရေးမိရင် ရေးမိတဲ့ အမှားစာလုံးရဲ့ အလယ်မှာ ဗိန္ဒုဆိုတဲ့ အပြောက်ကလေး ကညစ်နဲ့ ထိုးဖောက်ပစ်ထားခဲ့ရတယ်။ အပြောက်ပါတဲ့စာလုံးကို ဖတ်တဲ့သူက စာမှားမို့ ထည့်မဖတ်တော့ဘူး။ စာတစ်မျက်နှာမှာ ၃ ကြိမ်တော့ အမှားခံတယ်။ ၄ ကြိမ်အထိ မှားနေရင် ရေးလက်စကိုရပ်၊ ပေသစ်ယူပြီး အစကနေ အသစ်ပြန်ရေးပေးရတယ်။ ရှေးက ဓမ္မဒါနပြုချင်ရင် ဘုန်းကြီးကို ဒကာက ဝတ္ထုလှူတယ်၊ ဘုန်းကြီးက "စာရေးဟတ္ထကံ" ခေါ်တဲ့ ပေစာရေးသမားကို ကျောင်းခေါ်ပြီး ၁ အင်္ဂါ တစ်ကျပ်နှုန်းနဲ့ အရေးငှားပေးပြီး ပူဇော်စေပါတယ်။

လွှတ်စာရေးတွေ စစ်ပြီးတဲ့စာကို တံဆိပ်တော်ရ ဆရာတော်တွေက တစ်ကြိမ်ထပ်ပြီးတည်းသေးတယ်၊ ကြည့်သေးတယ်၊ ပြီးမှ အဆုံးသတ်လက်ခံတယ်။ အဲဒီ ရွှေရေး၊ မင်ရေး၊ ကညစ်ရေး ပိဋကတ်သုံးပုံ စာထုပ်ပေါင်း ၂၀၀ ကျော်၊ စာအင်္ဂါ နှစ်သောင်းကျော်ကို ရေးထိုးပြီး ၆ နှစ်ကြာတဲ့အခါ အမရပူရ ပိဋကတ်တိုက်တော်ကနေပြီး မန္တလေးတောင်ခြေက ပိဋကတ်တိုက်တော်မှာ ဒီစာထုပ်တွေကို ပြောင်းရွှေ့ထားရှိပါတယ်။ (ပိဋကတ်တိုက်တော်ဟာ ကျောက်တော်ကြီးဘုရားမြောက်ဘက် မန္တလေးတောင်ခြေမှာ ရှိခဲ့တယ်။ အခုနေရာသာ ကျန်တော့တယ်။)

ပိဋကတ်သုံးပုံကို ရွှေရေး၊ မင်ရေး၊ ကညစ်ရေးသုံးမျိုးနဲ့ သန့်သန့်ရှင်းရှင်းရေးတင်ပြီးတဲ့နောက် ၄ နှစ်အကြာမှာ ကျောက်ထက် အက္ခရာတင်ဖို့၊ ကျောက်ဖျာကြီးတွေပေါ်မှာ ရေးထွင်းဖို့ ဆန္ဒဖြစ်ပြန်တယ်။ ဒါကြောင့် စကျင်တောင်က ကျောက်ပြားတွေကို နန်းတော်ထဲ သယ်ခဲ့ပြီး အရင်က သန့်စင်ထားတဲ့ ပိဋကတ်တော်တွေကို ကျောက်ဖျာထက်မှာ ရေးထိုးစေပါတယ်။ အဲဒီအခါ ဆရာတော် သံဃာတော်တွေဘက်က ကြပ်မတ်ရတာက- ၁။ တောင်ဆောင်တော်မိဘုရားဆရာ ၂။ မြတောင်မြို့စား သေနတ်ဝန်ကြီးဆရာ ၃။ စီးတော် မြင်းဝန်တိုက် ဆရာတော်တို့ ဖြစ်ကြတယ်။ လူပုဂ္ဂိုလ်ဘက်ကတော့- ၁။ အတွင်းဝန် ခန်းပတ်မြို့စားကြီး မဟာသီရိဥဇနာ ၂။ အတွင်းဝန် ယောမြို့စားမင်းကြီး မဟာမင်းလှစည်သူ ၃။ သံတော်ဆင့် ခင်မမင်းဝန် မိုင်းခိုင်းမြို့စား မဟာသီရိဇေယျသူခေါ် ပိဋကတ်တော်အုပ်ဦးယံ ၄။ သံတော်ဆင့် နေမျိုးရာဇစည်သူ ၅။ အမိန့်တော်ရေး မင်းထင်ဇေယျသူ ၆။ အသုံးစာရေး နေမျိုးသိရိကျော်သူတို့ ဖြစ်ကြပါတယ်။

ပိဋကတ်တော်တွေကို ကျောက်ပြားတွေပေါ်မှာ ရေးထွင်းစေတဲ့အခါ-

  • ဝိနည်း ၅ ကျမ်း ပါဠိတော်က ချပ်ရေ ၁၁၁ ချပ်
  • အဘိဓမ္မာ ၇ ကျမ်း ပါဠိတော်က ချပ်ရေ ၂၀၈ ချပ်
  • နိကာယ် ၅ ကျမ်း၊ သုတ် ၃ ကျမ်း ပါဠိတော်က ချပ်ရေ ၄၁၀ ချပ်

စုစုပေါင်း ၇၂၉ ချပ် ထွက်လာပါတယ်။

ဒီကျောက်စာတွေကို ကူသိုလ်တော် ဘုရားကြီးရဲ့ ပထမ မဟာရံတံတိုင်းအတွင်းမှာ ၄၂ ချပ်၊ ဒုတိယ မဟာရံတံတိုင်းအတွင်းမှာ ၁၆၈ ချပ်၊ တတိယ မဟာရံတံတိုင်းအတွင်းမှာ ၅၁၉ ချပ်၊ ကျောက်စာတစ်ချပ်ကို သီဟိုဠ် စွယ်တော်ကြုတ်ပုံ အုတ်ပြသာဒ် တစ်ခုစီအတွင်းမှာ မြေဝင်တစ်တောင်ထားပြီး အခိုင်အမာ စိုက်ထူထားစေပါတယ်။

ပထမ မဟာရံတံတိုင်းအတွင်းက အင်္ဂါထောင့်မှာတော့ ပိဋကတ်တော်သုံးပုံ ပါဠိတော်တွေကို ကျောက်ထက် အက္ခရာ တင်တဲ့အကြောင်း သံပိုင်းမော်ကွန်းနိဂုံး ကျောက်စာကြီးတစ်ချပ်ရေးထိုးစိုက်ထူထားပါတယ်။ ဒါကြောင့် ကျောက်စာပေါင်း ၇၃၀ ပါ။ အဲဒီစာရင်းမှာ မပါတဲ့ နောက်တိုးကျောက်စာ ၃ ချပ်လည်း ရှိပါတယ်။ အဲဒါက ပထမတံတိုင်းအတွင်း တနင်္ဂနွေထောင့်မှာပါ။ မင်းတုန်းမင်းကြီး လှူသွားခဲ့တဲ့ အလှူတော်တွေက ကုန်ငွေတွေကို စာရင်းတင်ပြီး ငွေသင့်ပေါင်း ၂၂ ကုဋေနဲ့ ၆ သန်းဖိုးမျှ ရှိတယ်လို့ တင်ပြတဲ့ အလှူတော်စာရင်းကျောက်စာ ၃ ချပ် ဂူကြီး ၂ ဂူအတွင်းမှာ စိုက်ထူထားတာပါ။ ဒီကျောက်စာတွေကတော့ ကြေးမြင်မိဘုရားကြီးက တိုက်တွန်းလို့ ဝက်မစွတ်ဝန်ထောက်ကရေးပြီး ၁၂၈၃ ခုနှစ်ကမှ စိုက်ထူထားတာ ဖြစ်ပါတယ်။

ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နေကြပုံများ

မင်းတုန်းမင်းကြီး လှူဒါန်းထားခဲ့တဲ့ ပိဋကတ်ကျောက်စာတွေဟာ အခုဆိုရင် နှစ်ပေါင်း (၁၀၄) နှစ်.. (စာတမ်းဖတ်ချိန် ၁၉၇၂) ကြာမြင့်ခဲ့ပါပြီ။ ဒီလိုကြာမြင့်တဲ့ အချိန်မျိုးမှာ နောက်သားနောက်လူတွေက မင်းတုန်းမင်းကြီး လှူထားခဲ့တဲ့ ပိဋကတ်တော်တွေက အင်မတန် အခိုင်အမာ ပုံစံမျိုးပဲ၊ ပျက်စီးယိုယွင်းမှာ စိုးရိမ်စရာ မရှိဘူးလို့ အောက်မေ့ပြီး အမှုမဲ့ အမှတ်မဲ့ မထားကြပါဘူး။ မိမိတို့ တတ်အားသမျှ ဂေါပကအဖွဲ့များဖွဲ့ပြီး ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ မပြတ်တမ်း ဆက်ပြီး စောင့်ရှောက်ထိန်းသိမ်းထားကြပါတယ်။

မင်းတရားကြီး ကျောက်ထက်အက္ခရာတင်စဉ်က ထွင်းပြီးသား စာလုံးအချိုင့်ထဲမှာ ရွှေမင်များထပ်ပြီး ရေးစေတာမို့ သလင်းကျောက်ဖြူပြားတွေပေါ်က ရွှေစာလုံးတွေအဖြစ်နဲ့ ဖတ်ကြရပါတယ်။ဒီရွှေစာလုံးများဟာ နှစ်အတန်ကြာတော့ ပွန်းတယ်၊ ပါးတယ်ဆိုတာမျိုး ဖြစ်လာပါတယ်။ ဒါကြောင့် မင်းတုန်းမင်းကြီး နတ်ရွာစံလို့ သားတော်သီပေါမင်း ထီးနန်းဆက်ခံတဲ့အခါ သီပေါမင်းက ပထမဆုံးအကြိမ် ရွှေမင်ထပ်စေပါတယ်လို့ သိရပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ရွှေမင်ရေးထပ်ခြင်းပါပဲ။

ဖခင်ဘုရင်ကြီး လှူခဲ့တဲ့ ကုသိုလ်တစ်ရပ်ကို သားရှင်ဘုရင်က ဆက်လက်လှူဒါန်းတာမျိုးမို့ မထူးဆန်းလှဘူးလို့ ပြောချင်လည်းပြောပါ။ နို့ပေမယ့် သီပေါဘုရင်လက်ထက်မှာ မြန်မာတွေ သူ့ကျွန်ဖြစ်ရလို့ မြန်မာမင်းဆက် လုံးဝကုန်ဆုံးသွားတဲ့အခါ တိုင်းသူပြည်သားတွေကလည်း ဖြစ်တဲ့နည်းနဲ့ ကျောက်စာတော်တွေကို ဆက်လက်ထိန်းသိမ်းကြ ပုံကတော့ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ တခြားနိုင်ငံတွေမှာ ဒီအဖြစ်မျိုး ရှိမယ် မထင်ဘူး။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမို့ ဒီလို လုပ်ကြတယ် ထင်ပါတယ်။

သက္ကရာဇ် ၁၈၈၅ ခု (၁၂၄၇)ခုနှစ်မှာ မြန်မာဘုရင်ကို ဗြိတိသျှ နယ်ချဲ့သမားက "ကြက်ကလေး ငှက်ကလေးကို ဖမ်းသလို" ဖမ်းဆီးခေါ်ဆောင်သွားပြီး မြန်မာပြည်ကို သိမ်းပိုက်ကျွန်လုပ် အုပ်ချုပ်လိုက်တယ်။ အဲဒီအချိန်မှာ မန္တလေးနန်းမြို့ရိုးထဲမှာ နေထိုင်ကြတဲ့ မြန်မာမင်းမှုထမ်းတွေ အားလုံးကို မြို့ပြင်အထွက်ခိုင်းပါတယ်။ တစ်အိမ်ထောင်ကို ငွေ ၁၅ိ ပြောင်းရွှေ့စရိတ် ပေးသတဲ့လေ..။ ဒီအထဲ ဘယ်သူမှ မနေရအောင် နှင်ပြီးတဲ့နောက် သူတို့တပ်တွေ တစ်ခါတည်း တပ်စွဲချရပ် နေကြတယ်။ ပြီးတော့ မန္တလေးမြို့အတွက် အချက်အချာကျတဲ့ မန္တလေးတောင်ခြေတစ်ဝိုက်မှာလည်း နယ်ချဲ့ စစ်တပ်တွေ အလုံးအရင်းနဲ့ ချထားလိုက်တယ်။ ဒါကြောင့် မင်းတုန်းမင်းကြီးရဲ့ ကုသိုလ်တော်တွေဖြစ်တဲ့ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား၊ အတုမရှိကျောင်းတော်ကြီး၊ သုဓမ္မာဇရပ်တန်း စတဲ့နေရာတွေမှာစစ်တပ်တွေနဲ့ တင်းကျမ်း ဖြစ်သွားပါတော့တယ်။

ပြည်သိမ်းတပ်တွေ နေရာယူတပ်စွဲ ချရပ်ထားတဲ့ ကျောင်းကန်ဘုရားတွေအတွင်း ဗူဒ္ဓဘာသာဝင်တွေကို လုံးဝ ဝင်ခွင့်ထွက်ခွင့်မပြုဘူး။ တပ်တွေစွဲထားတာက တစ်နှစ်လည်းမဟုတ် နှစ်နှစ်လည်း မဟုတ်တဲ့အပြင် နယ်ချဲ့စစ်တပ်များကြောင့် ဗုဒ္ဓဘာသာ အဆောက်အအုံများ ပျက်စီးကြရတာတွေ ရှိပါတယ်။ ဒါကို ပြည်သူတွေက သိကြတဲ့ အခါ စိတ်လက်မချမ်းမသာ ဖြစ်ကြရပါတယ်။ ဒါကြောင့် ၅ နှစ်အကြာ ရန်ကုန်မြို့က ပါလာတဲ့ မြေတိုင်းစာရေးကြီး ဦးအောင်ပန်းက ဦးဆောင်ပြီး ဝိတိုရိယ ဘုရင်မရဲ့ အုပ်ချုပ်ပုံ ဥပဒေမှာ တိုင်းသူပြည်သားများ ဘယ်သူမဆို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိတယ်လို့ ဆိုထားတယ်။ ဗုဒ္ဓဘာသာ ကျောင်းကန်ဘုရားတွေရဲ့အတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်တွေကို ဖယ်ရှားပေးပြီး ပျက်စီးကုန်တာတွေကို ပြုပြင်ခွင့်ရဖို့ တောင်းဆိုကြစို့.. လို့ နန်းမြို့တွင်းက ထွက်ခွာလာကြရတဲ့ မင်းမှုထမ်းဟောင်းတွေနဲ့ တိုင်ပင်စည်းရုံးပါတယ်။

နယ်ချဲ့အစိုးရဆီက အခွင့်အမိန့်ရတာနဲ့ တစ်ပြိုင်နက် ကုသိုလ်တော်ဘုရား ဆွမ်းတော်ကြီးကပ်လှူတဲ့ပွဲ ကိုယ့်ဘုရင် ပါတော်မူပြီး ပထမဆုံးအကြိမ်ကို ၁၂၅၂ ခုနှစ် (၁၈၉၀) ခုမှာ ကျင်းပရတယ်။ ဒီပွဲကို ဘုရား ပရဝဏ်ပတ်လည်မှာ မကျင်းပနိုင်ခဲ့ဘူး။ အတုမရှိကျောင်းတော်ကြီးနဲ့ မှန်ကျောင်းရဲ့ ကြားက ကွက်လပ်ကြီးမှာ ကျင်းပရတယ်။ စစ်တပ်တွေက ရှိနေသေးတော့ လူတွေက ကြောက်နေသေးလို့ ထင်ပါတယ်။ အဲဒီပွဲပြီးတဲ့အခါ ဘုရားထဲကို ဝင်ခွင့်ထွက်ခွင့်ရကြလို့ ဘုရားကို သေသေချာချာ စစ်ဆေးကြည့်ရှု့တော့ မြင်မကောင်းအောင် ပျက်စီးယိုယွင်းပြီး အဖိုးတန် ပစ္စည်းမှန်သမျှ စစ်တွေက ခိုးဝှက်ယူငင်သွားတာကို ကြေကွဲဖွယ် တွေ့ကြရတယ်။

ကုသိုလ်တော်ဘုရားဟာ မင်းတုန်းမင်းကြီးလှူတဲ့ ကုသိုလ်ထဲမှာ အမွန်မြတ်ဆုံးတစ်ခုလို့ ယူဆပုံရတာကြောင့် တန်ဖိုးကြီးတဲ့ ရွှေငွေကျောက်သံပတ္တမြားတွေလည်း အများကြီး တပ်ဆင်လှူဒါန်းထားတဲ့ ဘုရားပါ။ ဒါပေမယ့် ရွှေငွေကျောက်သံပတ္တမြား မဆိုထားနဲ့ ကျောက်စာဂူတွေပေါ်က ထီးအထွဋ်မှာ တပ်ဆင်တဲ့ ကြေးဆည်းလည်းတောင် ချမ်းသာမပေးဘူး။ စစ်တွေက ယူတယ်။ ဖျက်ဆီးလိုက်ပုံကလည်း နတ်စောင်းတန်းစောင့်တဲ့ ကျောက်ဘီလူးတောင် ခေါင်း ဖြုတ်ပစ်ခဲ့ကြသတဲ့။ ခြင်္သေ့ရုပ်က ကျောက်လက်သည်းမကျန် ခွာယူသတဲ့။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေက မင်းတရားကြီးရဲ့ ကုသိုလ်တော်ကို တို့ တတ်အားသလောက် ပြန်လည်မွမ်းမံ ပြင်ဆင်မယ်ဆိုပြီး လူတွေ စုဝေးကြ စိုင်းပြင်းကြတယ်။ ဒီလို စိုင်းပြင်းတဲ့အခါ ကုသိုလ်ရှင်ရဲ့ ဆွေမျိုးအဆက်အနွယ် တစ်စုံတစ်ယောက် ကျန်ရှိရစ်ခဲ့ရင် ဒီဆွေမျိုး များက ပြုပြင်မယ်ဆိုရင် သူတို့မှာ အခွင့်အရေး အပြည့်အဝ ရှိပေတယ်။ သူတို့ မပြုပြင်နိုင်ဘူး သူတစ်ထူးကို ခွင့်ပြုတယ်ဆိုမှ တစ်ခြားလူတွေက ကုသိုလ်ဟောင်းကို ပြင်ဆင်ခွင့်ရှိတယ်ဆိုပြီး ဆရာတော် သံဃာတော်များအပါအဝင် မင်းတရားကြီးရဲ့ အနွယ်တော်များနဲ့ မူးကြီးမတ်ရာများကိုပါ ဖိတ်ကြားတိုင်ပင်ကြပါတယ်။

ဒီအခါမှာ အတုမရှိ ဆရာတော်ကြီးနဲ့ မင်းတရားကြီးရဲ့ မင်္ဂလာအိမ်တော်ပါများဖြစ်ကြတဲ့ ကင်းဝန်မင်းကြီး၊ လှေသင်းအတွင်းဝန်မင်း၊ ညောင်ရွှေစော်ဘွား (ဆာစောမောင်)၊ မြေလတ်ဝန်၊ တောင် ၁၅၀ ဗိုလ်၊ မိုးဗြဲစစ်ကဲတော်ကြီး စတဲ့ ရဟန်းရှင်လူ ပုဂ္ဂိုလ်တွေကပါ သဘောကြိုက်ညီပြီး ကုသိုလ်တော်က အပျက်အစီးတွေကို ပြည်သူ့အားနဲ့ ပြင်ဆင်ကြ ဖို့ ဆုံးဖြတ်ပါတယ်။ စင်စစ်တော့ တစ်ဦးတစ်ယောက်တည်းအနေနဲ့ မတတ်နိုင်တာမို့ အားလုံး ဝိုင်းဝန်းစုပေါင်းပြီး ကိုယ်နိုင်သလောက် တာဝန်ယူကြတဲ့နည်းနဲ့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

သီပေါမင်း ပါတော်မူပြီး ၆ နှစ်အကြာမှာ ပထမဆုံး ဖွဲ့စည်းတဲ့ ကုသိုလ်တော် ဂေါပကအဖွဲ့ကတော့- မြေတိုင်းစာရေးကြီး ဦးအောင်ပန်း၊ အရပ်လူကြီး ဦးဘ၊ ဦးချမ်းငြိမ်း၊ ဦးအိုင်၊ ဦးမောင်ကြီး၊ ဦးဝ၊ အကွက်လူကြီး ဦးခက်၊ ဦးနု၊ ဦးထွန်းပေါ်၊ ဦးမွှန်း၊ ဦးပို၊ ဘုရားဒကာ ဦးဆိုင်း၊ ဘုရားဒကာ ဦးရာကျော်၊ ဘုရားဒကာ၊ ဘုရားဒကာ ဦးပြောင်း၊ ဘုရားဒကာဦးထုံး တို့ ဖြစ်ကြပါတယ်။

မင်းတရားကြီးရဲ့ ကုသိုလ်တော်ကို ဗုဒ္ဓဘာသာတွေ ဝင်ခွင့်ရလို့ ဘာတွေများ ပျက်စီးကုန်သလဲလို့ ကြည့်တဲ့အခါ စေတီကြီးလည်း တစ်ဆူလုံး ရစရာမရှိအောင် ပျက်စီးနေတယ်။ စေတီတော် ခြေရင်းမှာခင်းထားတဲ့ အီတာလျှံကျောက်ပြား၊ ဖန်မြေ မှန်မြေတွေဟာလည်း အားလုံး ခွာယူထားလို့ ဟောင်းလောင်းဖြစ်နေရစ်တယ်။ အလွန်အဖိုးထိုက်တန်တဲ့ ထီးတော်လည်း မြေကိုချထားပြီး တန်ဖိုးရှိတာဟူသမျှ ဖြုတ်ယူထားလို့ သံထီးရိုးချည်း ပျက်စီးကျန်ရစ်တယ်။ သီပေါမင်းလှူထားတဲ့ စန္ဒီထီးတို့ ဗြဟ္မာဥက္ကဋ္ဌ်တို့စတဲ့ ပစ္စည်းအဖိုးတန် မှန်သမျှလည်း တစ်ခုမှ မကျန်ရစ်တော့တာကို တွေ့ကြရတယ်။

အပျက်အစီး စာရင်းကောက်တဲ့အခါ ကုသိုလ်တော်စေတီမှာ တင်လှူထားတဲ့ ထီးတော်ကချည်း ထီးတော်မှာ တပ်ဆင်တဲ့ပတ္တမြားကျောက်နီကြီး အဖိုးမဖြတ်နိုင်တာတစ်လုံး၊ ရွှေ ၁ဝိ သားနဲ့ စိန် အလုံး (၅၀) စီထားတဲ့ ငှက်မြတ်နား တစ်ခု၊ ချရားသီးတစ်လုံးမှာ ရွှေ ၁၀ ကျပ် သား၊ ပတ္တမြားကျောက်နီတစ်လုံး၊ နဝရတ် (၄၅) လုံးစီ စီထားတဲ့ ချရားသီး (၂၇) လုံး၊ ငွေတပိဿာနဲ့လုပ်တဲ့ ဆည်းလည်း (၁၅) လုံး၊ သံထီးပေါ်မှာ ကွပ်တဲ့ ဘော်က ပိဿာ ၂၅၀၊ ချတဲ့ ရွှေအချိန်က ၂၅ ပိဿာ၊ ဘုရားလုံးပတ်မှာ ချထားတဲ့ ရွှေ ၃၅ ပိဿာ၊ အီတာလျှံမှန်အုတ် (၁၅၀၀၀)၊ အဖိုး ၂ သိန်းကျော်တန် စိန်ထီးဖြူ၊ အဖိုး တစ်သိန်းကျော်တန် ဗြဟ္မာဥက္ကဋ္ဌ်၊ အဖိုး ၃ သိန်းကျော်တန် ဗြဟ္မာ့တန်ဆာနဲ့ မင်းမြောက်တန်ဆာ ၅ ပါး၊ ဖန်မီးပဒေသာကြီးတွေ၊ စေတီရံသံထီး၊ ကြာသွတ်ပန်းအိုးက သံပန်းခိုင်တွေ၊ မုခ်တံခါးကြီး ၁၂ ခုက နတ်ရုပ် ပန်းဖူးပန်းနွယ် ပန်းပုထည်တွေ ပျောက်ပျက်နေတာ တွေ့ကြရပါတယ်။

ကုသိုလ်တော်ရဲ့ မဟာတံတိုင်းအပြင်ဘက်မှာ အနောက်ဘက်က အုတ်ဇရပ်ကြီး ၁၁ ခု၊ တောင်ဘက်က ၁၁ ခု၊ မြောက်ဘက်က ၁၂ ခု၊ စုစုပေါင်း ၃၄ ခု ဆောက်လုပ်ထားကြရမှာလည်း အုတ်ဇရပ်ကြီး ၁၃ ဆောင်က လုံးလုံး ပျက်စီးနေပြီး ၁၉ ဆောင်က တစ်ဝက်တစ်ပျက် ပျက်စီးနေပါတယ်။ ဒီဇရပ်တွေကို ဖြို၊ အုတ်တွေကိုယူပြီး လမ်းခင်းထားတာ။ စန္ဒာမုနိဘုရား တောင်ဘက်က လားတပ်ထဲမှာ အခုထက်ထိ တွေ့မြင်နိုင်ပါသေးတယ်။

ကုသိုလ်တော်ထဲက ကျောက်စာဂူတွေမှာလည်း ကျောက်ဖျာကြီးတွေရဲ့ ထိပ်နဲ့ဘေးမှာချထားတဲ့ရွှေနဲ့ စာလုံးတွေမှာ ရေးထားတဲ့ ရွှေတွေအားလုံး ပွန်းကုန် ပျောက်ကုန်တဲ့အပြင် ဂူရဲ့ အထွဋ်မှာထားတဲ့ သံထီးတွေမှာ ဆွဲထားတဲ့ ကြေးဆည်းလည်းတွေလည်း တစ်လုံးမှ မရှိတော့ဘူး။ ထီးတစ်ခုမှာ ဆည်းလည်း ၉ လုံးစီမို့ ဆည်းလည်းပေါင်း (၆၅၇၀) ပျောက်ပါတယ်။ ဒါကြောင့် ပထမဆုံး မြင်မကောင်းဖြစ်နေတဲ့ စေတီတော်ရဲ့ ချရားသီးကအစ မြေအထိလုံးပတ်ကို အင်္ဂတေ များ စကိုင်ကြရတယ်။

ဒီအလှူဟာ ဘုရင်က မဟုတ်ဘဲ တိုင်းသူပြည်သားအနေနဲ့ စလှူတဲ့ အလှူလို့ ခေါ်ရမှာပေါ့။ ဘုရား လုံးပတ်တော် အင်္ဂတေထပ်ကိုင်ဖို့အတွက် ညောင်ရွှေစော်ဘွားနဲ့ တောင် (၁၅၀) ဗိုလ်၊ မိုးဗြဲစစ်ကဲတော်ကြီးတို့က ငွေ ၃၀၀ ကျပ် လှူပါတယ်။

အဲဒါပြီးတော့ ကျောက်စာဂူတွေမှာ အထွဋ်ပြန်တင်ဖို့ စဉ်းစားတယ်။ ဒီတစ်ခါ အိန္ဒိယနိုင်ငံ ဆင်းမလားကို ဗမာဘုရင်စေလွတ်လို့ ၁၈၈၁ ခုနှစ်က ရောက်သွားခဲ့ဖူးတဲ့ မိုးဗြဲစစ်ကဲတော်ကြီးက မဇ္ဈိမဒေသက ဗုဒ္ဓဘာသာ စေတီပုထိုးတွေမှာ သံထီးမတင်ဘဲ အဓွန့်ရှည်တဲ့ ကျောက်ထီးကို အထွဋ်တင်ကြတာများ တွေ့ဖူးခဲ့တယ်။ ဒါကြောင့်မင်းတရားကြီးရဲ့ ကုသိုလ်တော် ကျောက်စာဂူတွေမှာလည်း ပျက်လွယ်တဲ့ သံထီးမတင်ဘဲ ကျောက်ထီးတင်ဖို့ ကောင်းတယ်လို့ အကြံပေးသတဲ့။

အများက နှစ်ခြိုက် ကြိုက်ညီကြလို့ ၁၂၅၄ ခုနှစ် (၁၈၉၂) ခုမှာ-

  • မင်းမိဘုရား သမီးတော်များက ကျောက်ထီး ၁၅၅ ခု
  • မှူးမတ်များက ၅၈ ခု
  • ရှမ်းစော်ဘွားများနဲ့ မြို့စား ရွာစားတွေက ၁၀၂ ခု
  • အထက်အောက် အရပ်သားကုသိုလ်ရှင်တွေက ၄၁၄ ခု

စုစုပေါင်း ၇၂၉ခု တင်လှူကြပါတယ်။ အဲဒီတုန်းက ကျောက်ထီးတစ်ခုကို ငွေ ၁၀ ကျပ် လှူရတယ်။ ကုသိုလ်ရှင်ရဲ့ ကမ္ဗည်းရေးခက ၂ ပဲ ကျသင့်ပါသတဲ့။

ကျောက်ထီး အထွဋ်တင်ရင်းနဲ့ မှေးမှိန်ပျက်ပြားနေတဲ့ ရွှေမင်များနေရာမှာ မင်နက်နဲ့ စာတွေကိုလိုက်ထပ်တဲ့ ကုသိုလ်များလည်း ပြုကြပါတယ်။ မင်နက်ထပ်လိုက်တော့ သလင်း ကျောက်ဖြူပေါ်မှာ ရွှေတဝင်းဝင်းနဲ့ တင့်တယ်တာမျိုး မတင့်တယ်တော့ပေမယ့် ဖတ်တဲ့သူအဖို့ အလွန်ကောင်းလာပါတယ်။ အဲဒီ ၁၂၅၄ ခုတုန်းက ကျောက်ထီးအထွဋ်တင်တယ်၊ မင်ထပ်တယ်ဆိုတဲ့ ကုသိုလ်ရှင်တွေရဲ့ ကမ္ဗည်းတွေ အခုထက်ထိ ကျောက်စာဂူတစ်ချို့ထဲမှာ တွေ့နေရပါတယ်။ ဒီကမ္ဗည်း တွေကို ထုံးသုတ်ပြီး ဖုံးမပစ်လိုက်ဖို့ လိုပါမယ်။ ဆင်ဖြူမရှင် အရှင်မိဘုရားခေါင်ကြီး သမီးတော် ထိပ်စုကြီးဘုရားက ကျောက်ထီးအထွဋ်တင် မင်ထပ်တယ်။ တောင်ခွင်မြို့စား မင်းကြီးက၊ သိန္ဒီမြို့စားက စတဲ့ ကမ္ဗည်းတွေရှိပါတယ်။ မင်ထပ်ခကကျောက်စာကြီးတစ်ချပ် ကျောရော ဝမ်းပါ ၅ိ ပါတဲ့။ ကျောက်ထီးတင်သလိုပဲ သဘောကျစရာ ကုသိုလ်တစ်ခုကိုလည်း တောင် (၁၅၀) ဗိုလ်၊ မိုးဗြဲစစ်ကဲတော်ကြီးက ၁၂၅၄ ခုနှစ်မှာ ပြုလုပ်ပါသေးတယ်။ အဲဒါက ဘာလဲဆိုတော့ ကျောက်စာဂူတန်းတွေရဲ့ကြားမှာ အေးမြတဲ့အရိပ်အာဝါသများ ရှိစေဖို့အတွက် သစ်ပင်များ စိုက်ပျိုးလှူဒါန်းတဲ့ ကုသိုလ်ပါ။ မင်းတရားကြီးရဲ့ ကျောက်စာဂူတွေကြားမှာ အရိပ်အာဝါသရမယ့် သစ်ပင်များ စိုက်ပါရစေလို့ တောင်တော်ဆရာတော် ဦးမာလာရဲ့ ဝန်ဆောင် ပုခန်းသမုတိဆရာတော် ဦးနန္ဒကို လျှောက်တော့ ဆရာတော်က ဘာပင်များ စိုက်မလဲလို့ မေးပါသတဲ့.။ ခရေပင်ပါဘုရားလို့ လျှောက်တော့ "အရိပ်လည်းရ ဘုရားကိုလည်း ပန်းလှူပြီး ဖြစ်တယ်" လို့ အမိန့်ရှိတာနဲ့ မင်းတရားကြီးရဲ့ ကျောက်စာဂူတွေကြားမှာ သစ်ပင် များ စိုက်ပါတယ်။ ဂူတွေက အလွန်လှလှပပ စံနစ်ကောင်းကောင်း အထားအသိုကောင်းကောင်းနဲ့ တည်ဆောက်ထားတာ ဖြစ်လေတော့ သစ်ပင်များကိုလည်း စံနစ်နဲ့ စိုက်မယ်ဆိုပြီး မယ်ဇယ်ပင်နဲ့ ခရေပင်ချည်း အုတ်ဂူကြားက ကွက်လပ်မှာ အကွာအဝေးညီညီ တန်းစီပြီး စိုက်ပျိုးပါတယ်။ သစ်ပင်တစ်ပင်ကို ပိုက်ဆံ ၅ မူးပေးပြီး စိုက်ခိုင်းတယ်။ ဒီအပင်တွေ ရှင်သန်အောင် ဦးပေါ်ဆိုတဲ့ လူတစ်ယောက်ကို တစ်လ လခငွေ ၁ဝိ နဲ့ စပါး ၁၀ တင်းပေးပြီး ၄-၅ နှစ်ရေများထမ်းပြီး အလောင်းခိုင်းခဲ့တယ်။ ကနေ့ အနှစ် ၈၀ ကြာမြင့်တဲ့အချိန်မှာ ဒီခရေပင်တွေက အလွန်အေးမြတဲ့ အရိပ်အာဝါသကိုလည်း ပေးတယ်။ဘုရားဖူးတွေ ပျော်ပျော်ပါးပါး ခရေပန်း ကောက်စရာလည်း ဖြစ်ပါတယ်။ ကျောက်ထီးအထွဋ်ဟာ မူလ သံထီးအထွဋ်လို ကုက္ကားလေးတွေနဲ့ ရွှေရောင်တဝင်းဝင်းနဲ့ ဖွယ်ဖွယ်ရာရာ မရှိပေမယ့် ကနေ့ထက်ထိ ခန့်ခန့်ထယ်ထယ် ဖြူဖြူစင်စင်နဲ့ ခိုင်ခိုင်မာမာကြီး မြင်တွေ့ရပါတယ်။

မင်းတရားကြီးရဲ့ ကျောက်စာတွေဟာ စာအုပ်နဲ့ စက္ကူနဲ့ ပိဋကတ်သုံးပုံတွေ မပေါ်မချင်း ဒီကိုပဲ အခိုင်မာဆုံး စာမူအဖြစ်နဲ့ လာရောက်ကူးယူတိုက်ဆိုင် နေကြရတာဖြစ်လေတော့ အလွယ်တကူ ဖတ်လို့ရဖို့က သိပ်အရေးကြီးတယ်လို့ ဗုဒ္ဓဘာသာဝင်တွေက အောက်မေ့ကြတယ်။ ဒါကြောင့်-

  • ၁။ သီပေါမင်းက ရွှေရေးတစ်ကြိမ်
  • ၂။ ၁၂၅၄ ခုနှစ်မှာ အနွယ်တော်တွေနဲ့ ပြည်သူတွေက မင်ရေးတစ်ကြိမ်
  • ၃။ ၁၂၆၆ ခုနှစ်မှာ သူဌေးဆာဦးဘိုးသာနဲ့ ပြည်သူတွေက မင်ရေးတစ်ကြိမ်
  • ၄။ ၁၂၇၅ ခုနှစ်မှာ ပြည်သူ့ငွေနဲ့ တစ်ကြိမ်
  • ၅။ ၁၂၈၂ ခုနှစ်မှာ ဘုံအလှူ တစ်ကြိမ်
  • ၆။ ၁၃၁၁ ခုက ၁၃၁၅ ခုအတွင်းမှာ ဘုံအလှူတစ်ကြိမ်
  • ၇။ ၁၃၃၀ ခုနှစ်ကစပြီး အခုထိ မင်ထပ်ဆဲတစ်ကြိမ် အကြိမ်ပေါင်း ၇ ကြိမ် ထပ်ပြီးပါပြီ။

စာလုံးပေါ်ရေးထပ်တဲ့မင်က ဘာမင်တဲ့တုံး။

တရုပ်မင်တောင့် ရေဖျော်သလားလို့ စုံစမ်းတဲ့အခါ မြန်မာ့နည်းနဲ့ ဖျော်စပ်တဲ့ မြန်မာ့မင်လို့ပဲ သိရပါတယ်။ ဖျော်နည်းက မန္တလေး ကွမ်းခြံရပ်က ကျောက်စလင်းမျက်မှန်တိုက် ဆရာထီဆီက ချိပ်ကို တစ်ပိဿာ ၁ဝိ ဈေးနဲ့ ဝယ်ပါသတဲ့၊ ချိပ်အစိတ်သားကို ရေသုံးပိဿာနဲ့ သုံးခွက်တစ်ခွက်တင်ကျို၊ ရေနံမှိုင်းခံ၊ ကောက်ရိုးပြာရည်နဲ့ရော၊ ပြီးရင် ချိပ်ရည်နဲ့ မေပြီးသုံးတဲ့ မင်နက်ပါတဲ့။ ဒါဟာ စိန်တုံးဆရာတော်ရဲ့ မင်စပ်နည်းပဲလို့ ပြောပါတယ်။

၁၂၅၄ ခုနှစ်က ကျောက်စာတစ်ချပ်ကို မင်ထပ်ခ ၅ ကျပ်၊ ၁၃၅၁ ခုနှစ်က ကျောက်စာတစ်ချပ်ကို မင်ထပ်ခ ၁၂ ကျပ်၊ အခု ကျောက်စာတစ်ချပ်ကို မင်ထပ်ခ ၂၅ ကျပ် ပေးရပါတယ်။ မင်ထပ်သမားဟာ မတ်တပ်လည်း လုပ်ရတယ်။ ဒူးထောက်လည်း ရေးရတယ်။ ထိုင်လို့လည်း ရေးရတယ်။ အောက်ဆုံးစာကြောင်းတွေကျတော့ ဂူထဲဝမ်းလျားမှောက်ပြီး ရေးထပ်ပေးရတာပါ။

သက္ကရာဇ် ၁၂၇၄ ခုနှစ် (၁၉၁၂-၁၃) ခုမှာ အုတ်အင်္ဂတေ စေတီတော်တွေကို ရန်ကုန်မြို့က စပါးပွဲစား သူဌေး ဆာဘိုးသာက လုံးတော်ပြည့် ရွှေသင်္ကန်းဒါယကာခံပြီး ငွေ (၄၀၀၀၀ ကျပ်) ကုန် ရွှေသင်္ကန်း ကပ်လှူပါတယ်။ ၁၂၈၀ ပြည့်နှစ်မှာ တောင်ဘက်မုခ်က ၂၂ ခန်းရှိတဲ့ သံစောင်းတန်းကို ဦးခန္တီက ကြီးမှူးဆောက်လုပ်တယ်။ ကုန်ငွေ (၂၀၀၀၀)။ တစ်နှစ်တည်းမှာပဲ အနောက်ဘက်စောင်းတန်း ၁၁ ခန်းကို ငွေ (၈၈၀၀ ကျပ်) အကုန်ခံပြီး ဦးခန္တီက ဆောက်ပြန်တယ်။ ၁၂၈၆ ခုနှစ်မှာ ဆာဦးသာက သွပ်မိုး ကျွန်းစောင်းတန်း ငွေ (၂၀၀၀ ကျပ်) ကုန် လှူပြန်တယ်။ ၁၂၈၉ ခုနှစ်မှာဆာဘိုးသာက စေတီ ကြီး အရှေ့ဘက်မှာ ကျွန်းတန်ဆောင်းကြီး ပျက်စီးလို့ အုတ်အာရုံခံကြီး ငွေ (၈၅၀၀ ကျပ်) အကုန်ခံပြီး ဆောက်တယ်။ ဒိနောက် နယ်ချဲ့တပ်တွေ ဖျက်ဆီးသွားလို့ ဟောင်းလောင်းဖြစ်နေရစ်တဲ့ မဟာရံတံတိုင်းက သစ်သားပန်းပု တံခါး တွေ မရှိတော့လို့ အပြင်ဘက်ဆုံး တံတိုင်းမှာ မန္တလေး ပိဋကတ်တော်ကျောက်စာအသင်းက ၁၂၇၅ ခုနှစ်မှာ တောင်မုခ် သံတံခါး၊ မင်းသားကြီး ဖိုးစိန်က ပွဲကရင်း ထည့်တဲ့ငွေ ၁၀၀၀ ကျပ်၊ ပိဋကတ် ကျောက်စာအသင်းက ငွေ ၃၀၀ ကျပ်နဲ့ ၁၂၇၆ ခုနှစ်မှာ အနောက်မုခ်က သံတံခါးကို လှူဒါန်းကြတယ်။ မြောက်မုခ်နဲ့ အရှေ့မုခ်က သံတံခါးကိုတော့ ၁၂၉၄ ခုနှစ်ကျမှ မင်းတုန်းမင်း ကြီးရဲ့ သားတော်၊ သမီးတော်၊ မြေးတော်တွေက လှူဒါန်းကြတယ်။

၁၂၇၆ ခုနှစ်မှာ စေတီတော်ကြီး ဝန်းကျင်ကို သံဝရံတာ (၁၀၈) ခန်းတိတိ ဦးခန္တီက ကြီးမှူး ကာရံတယ်။ ဟိုတုန်းက ကုန်ငွေ (၁၀၈၀၀ ကျပ်) ဖြစ်သတဲ့။

၁၉၆၄ ခုနှစ်မှာတော့ ကုသိုလ်တော် ဂေါပကအဖွဲ့က ကျောက်စာဂူတွေရဲ့ အောက်ခြေပတ်လည်မှာ ခြုံနွယ်ပိတ်ပေါင်းတွေ ပေါက်နေတာကို ရှင်းပေးမှ ဖြစ်မယ်။ ဒါတွေက တစ်နေ့ကျရင် ဂူတွေကို ဖျက်ဆီးလာလိမ့်မယ်။ ဂူခြေရင်းကို ကျောက်သေးရိုက်ပြီး အင်္ဂတေ ကိုင်ပေးမှ ဖြစ်မယ်ဆိုပြီး ပြည်သူတွေက တတ်အားသမျှ လှူဒါန်းပေးဖို့ လူထု သတင်းစာကနေ နှိုးဆော်ခိုင်းတာနဲ့ နှိုးဆော်ပေးခဲ့ရဖူးတယ်။ ကျောက်သေးရိုက် အင်္ဂတေ ခင်းကြတဲ့ ပြည်သူ့အလှူဟာ ၁၉၆၈ ခုနှစ်အတွင်းမှာ ဂူအားလုံးအတွက် ပြည့်စုံသွားခဲ့တယ်။

သမိုင်းကြောင်း

ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေကို ရွှေပြား၊ ငွေပြား၊ ကျောက်ပြားနဲ့ ပေရွက်တွေပေါ်မှာ ရေးထိုးတဲ့ ဓလေ့ဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ စရောက်ကတည်းက ရှိခဲ့တဲ့ ဓလေ့တစ်ခုပါပဲ။ ဒါပေမယ့် ပိဋကတ်သုံးပုံစလုံးကို အပြည့်အစုံ ကျောက်ပြားပေါ်မှာ ရေးတင်တာကတော့ မင်းတုန်းမင်းကြီး ပထမဆုံးပါပဲ။ တစ်ပိုင်းတစ်စ တစ်စိတ်တစ်ဒေသကို ရေးတင်တဲ့ ဒီဓလေ့ ဘယ်လောက်အထိစောစောတွေ့ရဖူးသလဲဆိုရင် "အေဒီ ၆ရာစု မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ စရောက်ကတည်းကပဲ ဖြစ်ရမယ်" လို့ ရေးထားတဲ့ အက္ခရာကို ကြည့်ပြီး ခန့်မှန်းနိုင်တဲ့ ရွှေရေး ပိဋကတ်တွေ သရေခေတ္တရာပြည်မြို့နားမှာ ၁၈၉၇ ခုနှစ်က ပထမဆုံး တွေ့ရဖူးတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောက်စာဝန် (Emil Forchammer) တွေ့တာဖြစ်တယ်။ တွေ့တဲ့နေရာက သရေခေတ္တရာမြို့ဟောင်းနားက လယ်ပေါ်ရွာ မောင်ကန်ကုန်းမှာပါ။ ရေးထားတဲ့ စာက ဗြဟ္မီအက္ခရာပွားဖြစ်တဲ့ အိန္ဒိယတောင်ပိုင်းသုံး တေလဂူကနေရီ ကဒမ္မ အက္ခရာနဲ့ပါ။ ၃ ကြောင်းရေး ရွှေပေ ၂ ချပ်မှာ ရေးတဲ့စာက ရှင်သာရိပုတ္တရာဖြစ်မယ့် ဥပတိဿပရိဗိုဇ်ကို အရှင် အဿဇိမထေရ်က ဟောတော်မူတဲ့ ဝိနည်းမဟာဝါပါဠိတော်လာ- "ယေ ဓမ္မာ ဟေတုပ္ပဘဝါ" အစချီတဲ့ ဂါထာနဲ့ ဒိဃနိကာယ် ပါဠိတော်၊ မဇ္ဈိမနိကာယ် ပါဠိတော်၊ အင်္ဂုတ္တရနိကာယ် ပါဠိတော်၊ ခုဒ္ဒကနိကာယ်ပါဠိတော်၊ အဘိဓမ္မာ ပိဋကတ်၊ ဝိဘင်းပါဠိတော်တွေထဲက ဗုဒ္ဓစကားတွေ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးနဲ့ အစောဆုံးတွေ့ရတဲ့ ရှေးအထောက်အထားပါ။ လွန်ခဲ့တဲ့ အနှစ် (၁၃၀၀-၁၄၀၀) ကပေါ့။ ပိဋကတ်တော်တွေကို ကျောက်ပြားထက်မှာ ရေးထိုးသေးတယ်ဆိုတဲ့ အထောက်အထားတစ်ခုကိုလည်း ၁၉၁၀-၁၁ ခုနှစ်ကျတော့ ပြည်က ဘောဘောကြီးဘုရားခြေရင်းမှာ သုံးပိုင်းကျိုးနေတဲ့ ကျောက်ပြားတစ်ချပ်အဖြစ်နဲ့ တွေ့ရပြန်တယ်။ ဒီကျောက်ပြားပေါ်မှာ အဘိဓမ္မာ ပိဋကတ် ဝိဘင်းပါဠိတော်ထဲက ကောက်နှုတ်ချက်တွေ ရေးထားတယ်။ နောက် ၁၉၂၆ ခုနှစ်ကျတော့ ပြည်မြို့ဟောင်းက ကုလားကန်ကုန်းရွာနားက တောင်သူ ဦးခင်ဘရဲ့ ကုန်းကမူကလေး တစ်ခုကိုတူးလိုက်တော့ ရွှေပေလွှာ အချပ် ၂၀ တောင် တွေ့ရပြန်တယ်။ ၁၈ ချပ်က သုံးကြောင်းရေး. တစ်ချပ်က ၄ ကြောင်း၊ တစ်ချပ်က ၂ ကြောင်းရေးထားတယ်။ ရေးတဲ့စာက ပထမ ရွှေပေမှာ "သိဒ္ဓမ်၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ" အစချီတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာကို ကဒမ္ဗအက္ခရာနဲ့ ရေးထားပါတယ်။ ကျန်ရွှေပေချပ်တွေပေါ်မှာတော့ မဇ္ဈိမနိကာယ်၊ ခုဒ္ဒကနိကာယ်၊ ဒိဃနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ သံယုတ္တနိကာယ်ဆိုတဲ့ နိကာယ်၅ရပ်က ဗုဒ္ဓဝစနတွေ ဖြစ်ပါတယ်။ ၁၉၂၈ ခုနှစ်မှာတော့ ကျွန်းတောကျေးရွာစုက ရွှေပေတစ်ချပ် တွေ့သေးတယ်။ ပိဋကတ်တော် ကောက်နှုတ်ချက်တွေပဲ ရေးထားတယ်။

ဒုတိယကမ္ဘာစစ်ပြီးတော့ သရေခေတ္တရာ မြို့ရိုးတံခါးပေါက်နားက ကျောက်စာတိုင် ၂ တိုင် တွေ့လာတယ်။ ရွှေတံခါးမြို့ပေါက်နားကတွေ့တဲ့တိုင်မှာ မင်္ဂလသုတ်ဂါထာတွေ ထိုးထားတယ်။ ကုန်းရိုးရွာနားက မြို့ပေါက်မှာ တွေ့တဲ့တိုင်မှာ တော့ ရတနသုတ် ပါဠိတော်တွေ ရေးထားတယ်။ သရေခေတ္တရာမြို့တစ်ဝိုက်ကတွေ့တဲ့ ဒီရွှေပေ ကျောက်ပြားတွေပေါ်မှာ သက္ကရာဇ်တောင် တစ်ခုမှ မပါဘူး။ ရေးထားတဲ့ အက္ခရာကို ကြည့်ပြီးတော့ပဲ ၅ ရာစု၊ ၆ ရာစု၊ ၇ ရာစု က ဖြစ်မယ်လို့ ခန့်မှန်းရတာဖြစ်တယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံကို ရောက်တယ်။ ရောက်ကတည်းက ပိဋကတ်တော်တွေကို ပေထက်၊ ကျောက်ထက် အက္ခရာတင်တဲ့အလေ့ရှိတယ်ဆိုတာကို ဒီတွေ့ရှိချက်နဲ့ ကောက်ချက်ချရပါတယ်။

ပုဂံ

သက္ကရာဇ် ၉ ရာစုမှာ သရေခေတ္တရာ မှေးမှိန်ပြီး ပုဂံခေတ် ထွန်းကားလာတယ်။ ပုဂံခေတ်ရောက်တော့ အနော်ရထာမင်းက သထုံမင်းအဆက်ဆက်တို့ ကိုးကွယ်တဲ့ မွန်စာနဲ့ ပေရေး ပိဋကတ်တော် အစုံ ၃၀ ကို ဆင်ဖြူ ၃၂ စီးနဲ့ ပုဂံပင့်လာပြီး ပုဂံမှာ ပိဋကတ်တော်တွေကို မြန်မာ အက္ခရာနဲ့ ပေပေါ်မှာ အားလုံးရေးတင်ပါတယ်.။ မွန်ကနေ မြန်မာပြန်တဲ့ အခါ မွန်ပိဋကတ်ကိုချည်း စိတ်မချလို့ အနော်ရထာမင်းက သီဟိုဠ်ဘုရင့်ဆီ လူလွတ်စေပြီး သီဟိုဠ်ပိဋကတ်တစ်မူ ယူစေခဲ့၊ သီဟိုဠ်မူနဲ့လည်း တိုက်စေခဲ့ပြီးမှ ပြန်ရေးတာ ဖြစ်သတဲ့။

နောက်တော့ ပုဂံမှာ ပိဋကတ်တော်တွေကို ပေပေါ်ရေးတာ အလွန်များပြားလာလို့ စာရေးတဲ့သူနဲ့ ပေသမားရယ်လို့ အလုပ်သမားနှစ်မျိုးရှိတဲ့အကြောင်း ပုဂံကျောက်စာတွေထဲမှာ 'စာရိယ်' တို့ 'ပိယ်သမာ' တို့ဆိုတဲ့ စကားလုံးတွေ ခဏခဏ တွေ့တာကို ထောက်လို့ သိနိုင်ပါတယ်။ ပုဂံခေတ်ကစပြီး ပိဋကတ်တော်ကို ပေပေါ်ရေးတဲ့အလေ့ ထွန်းကားလာလိုက်တာ ရတနာပုံ မန္တလေးခေတ်အထိပဲ ဆိုပါစို့။ ဘုရင်တစ်ပါး ထီးနန်းတက်တယ်ဆိုရင် ပိဋကတ်တော်ကို ပေထက်ရေးပြီး ပူဇော်တာဟာ ပထမဆုံးလုပ်တဲ့ ဘုရင်သစ်ရဲ့ အလေ့တစ်ခုပါပဲ။ ရှေးက ပေမှာ ကညစ်ရေး မင်ရေး ၂ မျိုးပဲ ရှိတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၀ ကျော်က နန်းစံတဲ့ (၁၆၇၃) ခု ဝမ်းပဲအင်းစံမင်းလက်ထက်ရောက်တော့ ပေကို သစ်စေးသရိုးကိုင်ပြီး ဆေးဒန်းနှင့် အက္ခရာရေး ရွှေချတဲ့ ရွှေစာရေးနည်း ပေါ်လာလို့ ရွှေရေး၊ မင်ရေး၊ ကညစ်ရေးပေရယ်လို့ ပေသုံးမျိုး ဖြစ်လာပါတယ်။ ပုဂံခေတ်မှာ ပိဋကတ်တော်ထဲက ကောင်းနိုးရာရာ မိမိကြိုက်နှစ်သက်တဲ့ ပါဠိတော်ကို ကျောက်ထက် အက္ခရာတင်တာမျိုးတော့ ရှိတယ်။ နို့ပေမယ့် ပိဋကတ်သုံးပုံစလုံး အပြည့်အစုံကို ကျောက်ထက်အက္ခရာတင်တာတော့ မင်းတုန်းမင်းကြီး လုပ်ဆောင်တာ ပထမဆုံးပဲ ဖြစ်ပါတယ်။

နောက်တိုးများ

ကုသိုလ်တော်ထဲမှာ ပိဋကတ်သုံးပုံစလုံးကို သလင်းကျောက်ဖြူနဲ့ ကျောက်ထက်အက္ခရာတင်ပြီး ကျောက်စာဂူနဲ့ လှူဒါန်းတဲ့ ကုသိုလ်ဟာ အလွန်ထူးမြတ်တယ်၊ အဓွန့်ရှည်လို့ တည်ထွန်းနိုင်တယ်လို့ ပြင်းပြင်းပြပြ ယုံကြည်ကြတာနဲ့ နောက်လူတွေက သဘောကျပြီး ကိုယ်တတ်နိုင်သလောက်လိုက်ပြီး ကျောက်ထက်အက္ခရာ တင်လှူတဲ့ ကုသိုလ်တွေ လုပ်ကြတာ တော်တော်များများ ပေါ်လာတယ်။

  1. ရသေ့ကြီး ဦးခန္တီက ပိဋကတ်တော်ကိုသာမက အဋ္ဌကထာနဲ့ ဋီကာတွေကိုလည်း ကျောက်ထက်အက္ခရာ တင်သင့်တယ်လို့ ယူဆတာနဲ သာသနာပိုင် တောင်ခွင်ဆရာတော် အမှူးပြုတဲ့ ဆရာတော်များကို လျှောက်ထား ခွင့်ပန်တယ်။ ဆရာတော်များရဲ့ ခွင့်ပြုချက်ရတဲ့အခါ အဋ္ဌကထာနဲ့ ဋီကာ စုစုပေါင်း ကျောက်စာချပ် ၁၇၇၄ ချပ်ကို ကုသိုလ်တော်အနီးက စန္ဒာမုနိဘုရားအတွင်းမှာ ၁၂၇၅ ခုနှစ်က စိုက်ထူစေခဲ့ပါတယ်။ ရသေ့ကြီး ဦးခန္တီကို အိမ်ရှေ့မင်း ကနောင်ကိုယ်တော်ကြီးရဲ့ သမီး ရန်အောင်မြင်မြို့စား မင်းသမီး သုသီရိသင်္ခါဝတီက မင်းတရားကြီးရဲ့ ကုသိုလ်တော်ထဲမှာ ပိဋကတ်သုံးပုံ ပါဠိတော်တွေရှိရင် အိမ်ရှေ့ဘုရားရဲ့ စန္ဒာမုနိဘုရားထဲမှာ အဋ္ဌကထာနဲ့ ဋီကာတွေ ရှိဖို့ကောင်းပါတယ်လို့ အကြံပေး လျှောက်ထားတာလို့ သိရပါတယ်။
  2. မုံရွာက လယ်တီကျောင်းတိုက်အတွင်းမှာတော့ လယ်တီဆရာတော်ဘုရား ရေးသားခဲ့တဲ့ ဗုဒ္ဓဘာသာ ကျမ်းစာအုပ်ပါ စာတွေကို ကျောက်စာရေးထွင်းပြီး စိုက်ထူလှူဒါန်းထားကြပါတယ်။
  3. ညောင်ရမ်းမှာတော့ မြို့မရွာက သူဌေးကုန်းဘုရား အနောက်ဘက်ဘေးမှာ သူဌေး ဦးဘိုးရုန်းက အဋ္ဌကထာတွေကို ကျောက်ထက်အက္ခရာတင်ပြီး လှူထားပါတယ်။
  4. ရေနံချောင်းမှာတော့ ဦးသာကံဆိုတဲ့ အလှု့ဒကာက ပိဋကတ်သုံးပုံ ပါဠိတော်နဲ့ အဋ္ဌကထာတွေကို စကျင်ကျောက်ပြားတွေပေါ်မှာ ရေးထွင်းပြီး ကျောက်စာတိုက်ကြီး ၅ တိုက်အပြည့် စိုက်ထူပြီး လှူဒါန်းထားပါတယ်။
  5. မင်းကင်း
  6. မိတ္ထီလာ
  7. ဓနုဖြူ
  8. မိုးကုတ်နဲ့
  9. ဟင်္သာတမှာလည်း ပိဋကတ်တွေကို ကျောက်စာထွင်းထုပြီး လှူကြပါသေးတယ်။ ဟင်္သာတမှာတော့ ဟင်္သာတခရိုင် အဖျောက်၊ ဆကာကြီးရွာမှာ ဦးပွကြီးဆိုတဲ့ လူချမ်းသာတစ်ဦးက လှူထားခဲ့တာပါ။ မန္တလေး ကုသိုလ်တော်ထဲကလိုပဲ ပိဋကတ်သုံးပုံ ပါဠိတော်များကို ကျောက်ပြား ၇၃၀ ကျော်မှာ ထွင်းထု လှူဒါန်းတာဖြစ်တယ်။ ၁၂၉၆ ခုနှစ် (၁၉၃၄) က စထွင်းတယ်။ စစ်ကြီးပြီးမှ လုံးဝ အပြီးတတ်တယ်။
  10. မိတ္ထီလာခရိုင်ထဲက သဲတောသိမ်တော်မှာလည်း ပိဋကတ်သုံးပုံကို ကျောက်စာထွင်းထုပြီး လှူထားတာ ရှိပါသေးတယ်။
  11. သထုံက ရွှေစာရံဘုရားမှာတော့ နိဿယနဲ့ အဋ္ဌကထာတွေကိုချည်း ကျောက်ပြားပေါ်မှာ ထွင်းပြီး လှူဒါန်းထားပါတယ်။

မိတ္ထီလာ ကျောက်စာတိုက်

မိတ္ထီလာမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ရွှေမြင်မိ ဘုရား ပရဝဏ်ထဲမှာ ပိဋကတ်သုံးပုံအဖွင့် အဋ္ဌကထာ ပါဠိတွေကို ကျောက်ထက်အက္ခရာတင်ပြီး သားသမီး ၁၁ယောက်ရဲ့ မိဘ ဦးလှိုင်နဲ့ ဇနီး ဒေါ်အိမ်ငြိမ့်တို့က လှူဒါန်းထားပါတယ်။ ဒီအလှူကို ကျောက်တံခါးတောရစာချဆရာတော် ဦးပဏ္ဏဝက တိုက်တွန်းလှုံဆော်တဲ့အတွက် လှူတယ်လို့ သိရတယ်။

ကျောက်အမျိုးအစား

မြန်မာနိုင်ငံမှာ ကျောက်ပြားပေါ် စာရေးတာ သရေခေတ္တရာခေတ်ကတည်းက ရှိခဲ့တယ်။ အဲဒီကျောက်စာတွေကို လေ့လာတဲ့အခါ ကိုယ့်ဒေသနဲ့ နီးတဲ့နေရာက ရတဲ့ကျောက်၊ ထုလို့ ထွင်းလို့ လွယ်တဲ့ ကျောက်နဲ့ပဲ စာထွင်းကြတာများတယ်။ ဒါကြောင့် ကျောက်စာတွေကို ကြည့်လိုက်မယ်ဆိုရင် သဲကျောက်တို့ လိပ်သဲကျောက်တို့ ဆိုတာတွေနဲ့ ထုကြတယ်။ ပုဂံခေတ်ကျောက်စာတွေဆိုရင် အများအားဖြင့် ကျောက်ဆည် ဝေဘူတောင်ကထွက်တဲ့ ကျောက်တွေနဲ့ ထုထာ များပါတယ်။

ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလို့ခေါ်တဲ့ ဗဒုံမင်းလက်ထက်ကျတော့ မတ္တရာနယ် စကျင်တောင်က ကျောက်ကို စသုံးလာတာ တွေ့ရပါတယ်။ စကျင်ကျောက်ဟာ တကယ်တော့ ကျောက်စာထွင်းဖို့အတွက်ဆိုရင် မာအားကြီး တဲ့ ကျောက်မို့ စာထွင်းသမား မကြိုက်ဘူးပေါ့၊ နို့ပေမယ့် သူက အသားဖြူတယ်။ ဇြူသမှ ဆွတ်ဆွတ်ဖြူတယ်။ ပြီးတော့ ကောင်းတဲ့ကျောက်ဆိုရင်ဖြင့် အရည်ဝင်နေတာမို့ ကျောက်သလင်း ကျောက်စိမ်းဖြူအထိ အဆင့်မြင့်မြင့်မှာ ရှိပါတယ်။ စကျင်တောင်ဟာ မူလက ကျောက်ဖြူတောင်လို့ပဲ သိကြတယ်။ မင်းတုန်းမင်းကြီးလက်ထက်မှာတော့ စကျင်တောင်က မိုးကုတ်ထွက် ပတ္တမြားနဲ့မခြား အရည်အသွေးကောင်းတဲ့ ကျောက်နီတွေ ရှာတွေ့လို့ ဘုရင်ကို လာဆက်ကြတာနဲ့ ပတ္တမြားတောင်တော်လို့ မင်းတရားကြီးက နာမည်ပြောင်းပြီး ခေါ်ဝေါ်ခဲ့ပါတယ်။ "ဒီတောင်ဟာ တောင်ထူးတောင်မြတ်ဖြစ်သတဲ့။ ဒီတောင်ကထွက်တဲ့ ဘူမိဥက္ကဋ္ဌ- ပဝရသေလာ ရတနာ ကျောက်သလင်းထက်မှာ ဘုရား နှုတ်ကပါဌ် ပိဋကတ်တော်များကို ထွင်းထုစေတယ်။ ကျောက်မှာ ၁။ အမျက်မဏိကျောက်မျိုး.. ၂။ ပါသာဏ ကျောက်မျိုးရယ်လို့ ၂ မျိုး၂ စား ရှိတဲ့အနက်က ပါသာဏကျောက်မျိုးကတော့ သူများရေးထိုးဖူးခဲ့လှပြီ အရှည်မတည် ပျက်စီးတတ်တယ်။ ဒီစကျင်တောင်က အမျက်မဏိကျောက်မျိုးကတော့ ကျောက်သလင်းမျိုးမို့ အလွန်ခိုင်ခံ့တယ်" ဆိုပြီး ဒီ ကျောက်ဖြူပြားကို ရွေးချယ်ထုလုပ်စေတာ ဖြစ်ပါတယ်။ မင်းတုန်းမင်းကြီးရဲ့ ယုံကြည်ချက်ကတော့ ဘုရားဟောကြားခဲ့တဲ့ တရားတော်ဆိုတာ သာသနာ တည်သလောက်သာ တည်တယ်။ ဒိထက်ပိုပြီး အရှည်မတည်ဘူး။ ကဿဖဘုရားလက်ထက်က ဝက်တူးတဲ့ ကျောက်ဂူဟာ ဂေါတမဘုရားလက်ထက်အထိ ကပ်တစ်ကပ်ကျော်ပြီး တည်တံ့ခိုင်မြဲသတဲ့။ ဒါကြောင့် ပိဋကတ်တော်တွေ ကို အပြည့်အစုံ အလွန်ခိုင်မယ့် ကျောက်ဖြာကြီးတွေပေါ်မှာ ထွင်းထုခဲ့မယ်။ ဒါတွေကဖြင့် "ဝိဝဋဋ္ဌာ၊ ကမ္ဘာကပ်ကြေ၊ မကြေဥဒါန်း၊ စာတန်းမော်ကွန်း၊ တည်ထွန်းပကတိ၊ ပဉ္စမကပ္ပဋ္ဌီတိ၊ တည်ရှိထင်ရှားရစ်စေခြင်းငှာ၊ နှစ်ဆယ့်လေးပါး ပတ္တမြားမျိုးအပါ၊ သလင်းဘော်သား၊ ကျောက်ဖျာ ၇၂၉ ထက်၊ သေလက္ခရာ၊ ပိဋကတ် ဓမ္မခန္ဓာကို၊ သေချာစွာရေးထုရိုက်သွင်း၍ ရွှေမင်ဝင်းဝင်း ထည့်သွင်းတော်မူ…." မယ် (နိဗ္ဗနကထာ ကျူးရင့်စာ) လို့ ကမ္ဘာတည်သရွေ့ မပျက်မစီး တည်ရှိတဲ့ ငုံး၊ သိမ်၊ ကျူ၊ လ၊ ကပ္ပဋ္ဌီတိလေးပါး မကစေရဘူး ဒီကျောက်စာတွေက ပဉ္စမမြောက်ကပ္ပဋ္ဌီတိ ဖြစ်ရမယ်လို့ အောက်မေ့ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လုပ်ဆောင်ခဲ့ပုံ

စကျင်တောင်ဆိုတာ မန္တလေးမြို့ရဲ့ မြောက်ဘက် အရှေ့ယွန်းယွန်း ၃၂ မိုင်အကွာမှာ တည်ရှိပါတယ်။ ဒီတောင်ကြီး ပေါ်က ကျောက်သားကောင်းတာ ချောတာတွေကို တူးဖော်ဖြတ်တောက်ပြီး ပထမကျောက်ဖျာကြီးတွေကို ကျောက်ပြား လောင်းတယ်။ ပုံကြမ်းဆတ်ရတယ်။ ပြီးရင်တောင်အောက်ချ၊ ရေတက်တဲ့အချိန်လှေပေါ်တင်၊ ကလမက်ချောင်းကနေပြီး ဧရာဝတီမြစ်ကိုဝင်တဲ့ လှေတွေနဲ့ စုန်ခဲ့ပြီး မန္တလေးဆိပ်ကို အရောက်လာ၊ မန္တလေးဆိပ်ကမ်းကမှ နန်းတော်ထဲကို သွင်းပြီး ကျောက်ပြားတွေကို ပထမဆုံး ရွှေဘော်ထိုး ချောကြရတယ်။ ချောပြီဆိုတော့ ထွင်းလိုတဲ့စာကို ခဲနဲ့ ရေးကြရတယ်။ ရေးပြီးရင် မှန်မမှန် စာနဲ့တိုက်ကြရတယ်။ မှန်ပြီဆိုတဲ့အခါ လက်တတ်ကျောက်ဆတ်သမား ၅၀ ကျော်နဲ့ ထွင်းပါတယ်။ ထွင်း ပြီးရင် ထွင်းတဲ့စာများ မှန်မမှန် တစ်ကြိမ်စာတိုက်ပြန်တယ်။ မှန်ကန်တဲ့အခါ မင်နဲ့ လိုက်ထပ်ရပါတယ်။ ကျောက်ပြားပေါ်မှာ ပထမဆုံး ထွင်းမယ့်စာရေးတော့ ကျောရော ဝမ်းပါ ၂ မျက်နှာရေးတာမို့ လက်ရေးလည်း ကောင်းတယ် မြန်လည်းမြန်တယ်ဆို ၃ ရက်ကြာရေးရတယ်။ လက်ရေးကောင်းပေမယ့် နှေးတယ်ဆိုရင် ၅ ရက်ကြာရေးရတယ်။ ရေးပြီးလို့ စာတိုက်ပြီးပြီ မှန်ပြီ ထုတော့ဆိုရင် စာထုမြန်တဲ့လူဟာ တစ်နေ့ကို ၁၅ ကြောင်း၊ ၁၆ ကြောင်း ပြီးအောင်ထုနိုင်တယ်။ နှေးတဲ့လက်က တစ်နေ့ ၁၀ ကြောင်းပြီးပါတယ်။ စာတစ်မျက်နှာမှာ စာကြောင်းရေ ၈၀ ကနေ ၁၀၀ ကျော်အထိ ရှိပါတယ်။ ကုသိုလ်တော်ထဲက မင်းတရားကြီး ကုသိုလ်ကျောက်ပြားတွေရဲ့ အဆင့်အတန်းအနေအထားကို ကနေ့ ကျောက်ဆစ်လုပ်ငန်း နယ်မှာ ရှိနေကြတဲ့ ပညာသည်တွေကို မေးကြည့်တဲ့အခါ ကျောက်သားအနေနဲ့လည်း ကျောက်ဆင်းတု တော်များထုတဲ့ အဆင့်ရှိတဲ့ အသားကောင်းတဲ့ကျောက်သားပထမတန်းတွေ ကုသိုလ်တော် ကျောက်စာတွေမှာ အားလုံးမဟုတ်သော်လည်း အများကြီးပါတယ်။ ကျောက်သားပွတဲ့ ညံ့တဲ့ကျောက်ချပ်က နည်းတယ်လို့ ပြောပြပါတယ်။ ကျောက်စာထုတဲ့ လက်ရာအနေနဲ့ကော ဘယ်လိုနေပါသလဲ၊ ထုကြရတာ မင်းမိန့်နဲ့မို့ လက်ရာဟာ တော်ရုံပဲ ရှိသလား ကောင်းသလားလို့ မေးတော့ လူမြင်ကွင်းမှာထားတဲ့ ကျောက်စာရဲ့ လက်ရာတွေက အကောင်းဆုံး၊ လူနဲ့ ဝေးရာ အပြင်တံတိုင်း ထဲကကျောက်စာတွေက တချို့လက်ရာ နည်းနည်းပါးပါး သီတာ ညံ့တာပါတယ်လို့ ပြောပါတယ်။ လက်ရာကောင်းတယ်ဆိုတာက ကျောက်ပြားကြီး မျက်နှာပြင် ညီနေတာရယ်၊ ထွင်းထားတဲ့စာလုံး အတိမ်အနက် ညီနေတာ၊ စာရဲ့ နှုတ်ခမ်း အကျဉ်းအကျယ် ညီတာကိုလက်ရာကောင်းတယ်လို့ ပြောတာပါ။ လက်ရာကောင်းမကောင်း သိချင်ရင် ဖယောင်းလုံးနဲ့ နှိပ်ကြည့်ရင် သိပါတယ်။ ကုသိုလ်တော်ကျောက်စာတွေ ထွင်းတဲ့ အချိန်တုန်းကလည်း အဲဒီနည်းနဲ့ လက်ရာကို စစ်ခဲ့ပါသတဲ့။ စန္ဒာမုနိထဲက အဋ္ဌကထာနဲ့ ဋီကာတွေ ထုထားတဲ့ ကျောက်စာတွေကတော့ ကျောက်စားအနေနဲ့လည်း ကုသိုလ်တော်ကျောက်ပြားကို မမီဘူး၊ လက်ရာအနေနဲ့လည်းမမီဘူး။ တချို့လက်ရာတော်တော်ညံ့တယ်လို့ သိရပါတယ်။ လယ်တီကျောက်စာကတော့ စာလုံးကြီးတယ် ကျဲတယ်။ ကျောက်ပြားပေါ်မှာ စာထွင်းတဲ့အခါ တကယ်လို့ မှားယွင်းပြီး ထု မိတယ်၊ စာကျနေရစ်တယ်ဆိုတာမျိုးရှိလို့ ပြင်ချင်ရင် ဘယ်လိုလုပ်ရသလဲဆိုတော့ မှားတဲ့နေရာ တစ်ဝိုက်ကို တံစဉ်းနဲ့ စာလုံးကုန်အောင် စားပစ်လိုက်ရတယ်။ တစ်လုံးမှားရင် တစ်ထွာလောက် စားပစ်လိုက်၊ ပြီးမှ အားလုံးအသစ်ပြန်ထု၊ ဒါမှ အမှားပြင်တာကို လူ့မျက်စိက မမြင်ဘဲ ရှိတယ်။ လက်ဖဝါးနဲ့ စမ်းမှသာ အဲဒီအနားတစ်ဝိုက်ရဲ့ မျက်နှာပြင်က နည်းနည်းနိမ့် တယ် ချိုင့်တယ်ဆိုတာ သိနိုင်တယ်။ ဒီနည်းနဲ့ ပြင်ရပါတယ်။ ကုသိုလ်တော်ပိဋကတ်ကျောက်စာတွေကို ၁၂၂၂ ခု တန်ဆောင်မုန်းလဆန်း ၁ ရက် (၁၄-၁၀-၁၈၆၀) နေ့ကစပြီး နန်းတော်ထဲက ကြီးကျယ်ခမ်းနားလှတဲ့ တန်ဆောင်းကြီးထဲမှာ စထုတယ်။ ၁၂၃၀ ကဆုန်လဆန်း ၁၄ ရက် (၄-၅-၁၈၆၈) မှာ အားလုံး ပြီးစီးပါတယ်။ ၇ နှစ် ၆ လနဲ့ ၁၄ ရက် ကြာပါတယ်။ ပိဋကတ်တော်တွေကို ကျောက်ထက် အက္ခရာတင်တာနဲ့ ပဉ္စမသင်္ဂါယနာတင်တာ အတူတူ မဟုတ်ပါဘူး၊ တခြားစီပါ။ ပဉ္စမသင်္ဂါယနာတင်ပွဲက ၁၂၃၃ ခု တန်ခူး လပြည့်ကျော် ၁၁ ရက် နှစ်ဆန်းတစ်ရက် (၁၅-၄-၁၈၇၁) စနေနေ့ကစပြီး သံဃာတော်အပါး ၂၄၀၀ နဲ့ ပိဋကတ်သုံးပုံကို ဝိနည်းတော်ကစပြီး နေ့ညမစဲ ရွတ်ဖတ် သရဇ္ဈယ်တာ အဲဒီနှစ် တော်သလင်း လပြည့်ကျော် ၁၄ ရက် (၁၂-၉-၁၈၇၁) အင်္ဂါနေ့မှာ ပြီးတယ်။ ၅ လနဲ့ ၃ ရက် ကြာပါတယ်။ ဒါကြောင့် ပဉ္စမသင်္ဂါယနာတင်တာက ကျောက်ထက်အက္ခရာတင်ပြီး ၃ နှစ်ကြာမှ ပြုလုပ်တာ ဖြစ်ပါတယ်။

ကုသိုလ်တော်မူ

မင်းတုန်းမင်းကြီးရဲ့ ပိဋကတ်သုံးပုံ ပါဠိတော်တွေဟာ စိုက်ထူပြီးလို့ နှစ်ပေါင်း ၃၀ ကျော် ကြာရှိတဲ့အခါ ပထမဆုံး အကြိမ်အဖြစ် စက္ကူစာရွက်ပေါ်ကို ရောက်ရှိလာပြီး စာအုပ်ကြီးများအဖြစ်နဲ့ ထွက်ပေါ်လာပါတော့တယ်။ ကျောက်ထက်ကနေပြီး စက္ကူထက်ရောက်အောင် ဆောင်ကြဉ်းသူကတော့ ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်ပိုင်ရှင် မစ္စတာ ပီ (ဖီးလစ်) အိပ်ချရစ်ပ်လေပါ။ ပိဋကတ်သုံးပုံစလုံးက ပါဠိတော်တွေကို ရွိုင်ရယ် ရှစ်ချိုးဆိုက်နဲ့ စာမျက်နှာ ၄၀၀ တစ်ဝိုက်မှာရှိတဲ့ စာအုပ်ကြီး ၃၈ အုပ် ရိုက်နှိပ်ရပါတယ်။ မစ္စတာရစ်ပလေက ဒီပိဋကတ်တော်တွေကို ပထမဆုံး စက္ကူထက်မှာ အက္ခရာတင်မယ်၊ စက်တင်ပုံနှိပ်မယ်လို့ စိတ်ကူးတဲ့အခါ တစ်ချို့က ပိဋကတ်တော်မို့ လူတွေ မလေးမစား လုပ်ကုန်ရင် ငရဲကြီးမယ်၊ အဂါဝရဖြစ်မယ်ဆိုပြီး သဘောမတူဘူး၊ ကန့်ကွက်တယ်။ ဒါကြောင့် တောင်ခွင်သာသနာပိုင်ဆရာတော်ကို မေးမြန်း လျှောက်ထားအခွင့်ပန်တော့ သာသနာပိုင်က သဘောကြိုက်ညီလို့ ပုံနှိပ်ဝံ့တာပါ။ မစ္စတာ ရစ်ပလေဟာ ဒီပိဋကတ်တော် ပါဠိကို ဖြစ်ကတတ်ဆန်း မရိုက်နှိပ်ဘဲ စာပြင်ဆရာတွေ အဆင့်ဆင့် အထပ်ထပ်နဲ့ တည်းတိုက်တဲ့အပြင် နောက်ဆုံး ပရုကို မန္တလေး ကုသိုလ်တော်ဘုရားထဲ စေလွှတ်ပြီး ကျောက်စာမူနဲ့ တိုက်ဆိုင်ပြီးမှ ရိုက်နှိပ်ပါတယ်။ သက္ကရာဇ် ၁၉၀၀ ပတ်ဝန်းကျင်က စက်တင်တဲ့ အဲဒီပိဋကတ်တော်စာအုပ်တွေမှာ.. "မန္တလေးမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော် ကျောက်ထက် အက္ခရာမူတော်" ဆိုတဲ့စာတန်း စာအုပ်အဖုံးမှာ အသေအချာ ရိုက်နှိပ်ဖော်ပြတဲ့အပြင်၊ ဥပမာ စာအုပ်နာမည်က "ပဋ္ဌာန်းပါဠိတော်" ဆိုရင် အဲဒီစာခေါင်းဟာ ကျောက်ပြားကြီးပေါ်မှာရေးထိုးထားတဲ့ လက်ရေးအတိုင်း ကူးယူတဲ့ စာလုံးတွေ ဖြစ်ပါတယ်။

မစ္စတာ ရစ်ပလေက ကျောက်စာမူနဲ့ အယွင်းအတိမ်းမရှိရအောင် အထူးဂရုစိုက်ပုံတွေကို ဟံသာဝတီ ဦးဘရင်တို့လို သူ့တိုက်မှာ စာပြင်ဆရာ လုပ်ခဲ့ဖူးသူတွေက ခိုင်ခိုင်မာမာ ပြောပါတယ်။ ဟံသာဝတီဟာ စာကိုတစ်လုံးချင်း ပေါင်းပြီး တိုက်တာမျိုးအထိ သေချာစေ့စပ် ဂနစွာ လုပ်ဆောင်တယ်လို့ ပြောကြပါတယ်။ သူ့တိုက်ထွက် ပိဋကတ်စာအုပ်တွေကို ကြော်ငြာရာမှာလည်း " ဟံသာဝတီတိုက်ထွက် ပိဋကတ်တော်များတွင် ကျောက်စာမူတော်နှင့်မတူ တိမ်းပါးသော အက္ခရာတစ်လုံးကို ပြနိုင်ပါက ဆုငွေ ၅၀ ကျပ် ပေးပါမည်" လို့ ရဲရဲကြီး ကြော်ငြာရောင်းပါသေးတယ်။

ကျောက်စာမူကို တလေးတစား ဒီလို စက်တင်ပုံနှိပ်ရောင်းချတာနဲ့ပတ်သက်လို့ မစ္စတာ ရစ်ပလေဟာ စီးပွားရေး သက်သက်ချည်း မဟုတ်ဘူး၊ သူ့မှာ သဒ္ဓါရှိသလောက် ရှိတယ်လို့ ဓာတ်သိသူတွေက ထင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ရစ်ပလေဟာ ကျောက်ဖြူမှာမွေးတဲ့ အာမေးနီးယန်းလူမျိုး၊ သူ့အဖေ အရေးပိုင် "ထိပ်နီ" ရတနာပုံ မန္တလေးမှာ ဝင်ထွက် ခစားရတော့ သူက ကလေးအဖြစ်နဲ့ နန်းတော်ထဲ ပါပါသွားတယ်။ သူ့ကို မင်းတုန်းမင်းကြီးက တွေ့တဲ့အခါ သဘောကျလို့ ငါမွေးစားမယ်ဆိုပြီး သူ့အဖေဆီက ဘုရင်က တောင်းထားလိုက်ပြီး မန္တလေး သံတဲကျောင်းက ဆရာမှတ်ကြီးဆီမှာ တခြား မင်းသား၊ မူးသား၊ မတ်သားတွေနဲ့အတူ ပညာသင်စေခဲ့တယ်။ ဆံပင်နီကလေးနဲ့မို့ မင်းတရားကြီးက ဆံနီလို့ခေါ်တဲ့ ရစ်ပလေဟာ နန်းတော်ထဲမှာ ကြီးပြင်းရတာ၊ အသက် ၁၇ နှစ်သားကျမှ မင်းတရားကြီး မကျန်းမာတော့ နန်းတွင်းရေးတွေ ရှုပ်ထွေးလာလို့ ကြောက်တာနဲ့ ရန်ကုန်စုန်ပြေးတာ။ မြန်မာစာနဲ့ စကားကို ရေရေလည်လည်တတ်ရုံမက ကဗျာတောင် စပ်နိုင်တဲ့ နန်းတွင်းကြီး ငယ်ကျွန်တစ်ဦး၊ ဒါကြောင့် ရန်ကုန်မှာ စာပုံနှိပ်လုပ်ငန်းကို ကျကျနန လုပ်ကိုင်တဲ့အခါ မင်းတုန်းမင်းကြီး အလွန်ဂရုစိုက်ပြီး အမှားအယွင်းမရှိစေရအောင် အထပ်ထပ်တည်းတိုက် ရေးထွင်းခဲ့တဲ့ ကျောက်စာတော် မူကို မစ္စတာ ရစ်ပလေက သူ့အလှည့် သူ့အနေနဲ့လည်း အစွမ်းကုန် မှန်ကန်အောင် ကြိုးစားသွားခဲ့တာဖြစ်တယ်။

မစ္စတာ ရစ်ပလေက မင်းတုန်းမင်းကြီးကို ဘယ်အထိ လေးစားကြည်ညိုသလဲဆိုရင် လူတကာမင်းတုန်းမင်းခေါ်တာကို သူ့နားက သည်းမခံနိုင်ဘူး၊ မင်းတုန်းမင်းဆိုတာ မင်းသားဘဝက စားရတဲ့ မြို့ကို အစွဲပြုပြီးခေါ်တဲ့ အိမ်နိမ့်စံငယ်နာမည်ပါ။ ပဉ္စမသင်္ဂါယနာတင် ရတနာပုံ မြို့တည်နန်းတည် မင်းတရားကြီး လို့ခေါ်မှ မှန်ကန်တယ်လို့သူကပြောတတ်ပြီး ကိုယ်တိုင်ကတော့ ဘုရင်ကြီးရဲ့ သားမြေးကျေးကျွန်တွေက ခေါ်သလို "ဘုန်းတော်ကြီးဘုရား" လို့ ခေါ်တဲ့လူပါ။ မစ္စတာရစ်ပလေရဲ့ ကို စက်တင်ပုံနှိပ်တယ်။ မင်းတုန်းမင်းကြီးရဲ့ ကျောက်စာမူအတိုင်း သေသေချာချာ ရိုက်နှိပ်တယ်ဆိုတော့ ထေရဝါဒ ဗုဒ္ဓဘာသာ ပြန့်ပွားရာနိုင်ငံတွေက ပိဋကတ်တော် စာအုပ်တွေကို အစုံလိုက် အစုံလိုက် ဟံသာဝတီက မှာယူဝယ်ခြမ်းကြတယ်။ ဟံသာဝတီက ပိဋကတ်တော်စာအုပ်တွေ အလွန်ရောင်းရမှန်းသိတော့ တခြားပုံနှိပ်တိုက်တွေကလည်း ဟံသာဝတီလိုပဲ ပိဋကတ်တော်တွေကို လိုက်ရိုက်နှိပ်ကြတယ်။ မန္တလေးမြို့ တမ္ပဒီပတိုင်း ပုံနှိပ်တိုက်က ၁၉၁၂ ခုမှာ ရိုက်နှိပ်တဲ့ ပိဋကတ်တော်မှာ- " သက္ကရာဇ် ၁၂၂၂ ခုနှစ်၌ ပဉ္စမသင်္ဂါယနာတင်တော်မူသော ရတနာပုံ မြို့တည်နန်းတည် မင်းတရားကြီးဘုရား၏ ကုသိုလ်တော် ကျောက်စာတော်မူ" ဆိုတဲ့စာ စာအုပ်အဖုံးမှာ အတိအလင်းထည့်သွင်းရိုက်နှိပ်ရုံမက ကျောက်စာဂူကို မြင်းနဲ့ ခြူးရံထားတဲ့ပုံကို တံဆိပ်အဖြစ် ထည့်သွင်းပြီး ကျောက်စာဂူတံဆိပ်လို့ သူတို့ပုံနှိပ်တိုက်တံဆိပ် ခတ်နှိပ်ပါသေးတယ်။ ဒီတိုက်ကပဲ ၁၉၁၄ ခုမှာရိုက်တဲ့ ပိဋကတ်တော် စာအုပ်မှာတော့ ပါနေကျ "ကုသိုလ်တော်ကျောက်စာမူ"စာတန်း အပြင် ပုံနှိပ်တိုက်တံဆိပ်မှာ ခြူးနဲ့ မြင်းကိုဖယ်ပြီး ရှင်းရှင်းလင်းလင်း ကျောက်စာဂူကြီးတံဆိပ် ခတ်နှိပ်ထားပါတယ်။ စက်တင်ပုံနှိပ် ရိုက်ထုတ်သမျှ ပိဋကတ်သုံးပုံ ပါဠိတော်မှန်ရင် ကုသိုလ်တော် ကျောက်စာတော်မူချည်းပါပဲ။ ဒါကို ဗုဒ္ဓဘာသာ ရဟန်းတော်တွေအားလုံးက အသိအမှတ်ပြုပါတယ်။ ကုသိုလ်တော်ဘုရားအတွင်းက ပိဋကတ်သုံးပုံ ပါဠိတော်တွေ ကျောက်ထက်အက္ခရာတင်ထားတာကို နိုင်ငံအတော်များများကပဲ တအံ့တဩနဲ့ လာရောက် ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ကြတယ်။ ဘာမှ မကြာသေးခင်ကတော့ အနောက်ဂျာမနီအဖွဲ့တစ်ဖွဲ့က မန္တလေး ကုသိုလ်တော်ထဲ ရောက်လာပြီး ကျောက်ပြားတွေ အားလုံးကို မိုက်ကရိုဖလင်နဲ့ ဓာတ်ပုံရိုက်ယူခွင့် မှတ်တမ်းတင်ခွင့်ပြုပါလို့ ကုသိုလ်တော်ဂေါပကအဖွဲ့ကို ပန်ကြားပြီး ၇ ရက်ကြာ မိုက်ကရိုဖလင်နဲ့ မှတ်တမ်းတင်သွားပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်မယ် ဆိုတုန်းကတော့ သင်္ဂါယနာအဖွဲ့က သံဃာအပါး ၁၀၀ နီးပါး ကုသိုလ်တော်ထဲက ကျောက်စာတွေနဲ့ စာလာတိုက်ကြတာ ၁ လကြာတယ်။ ဟံဟာဝတီမူနဲ့ ကျောက်စာမူဟာ အကွဲအလွဲ မရှိသလောက်ပဲတဲ့။ ကျွန်မစာတမ်းကို ဒီမှာပဲ အပြီးသတ်ပါမယ်။ အပြီးမသတ်ခင် နှစ်စဉ်ကျင်းပမြဲ ကုသိုလ်တော်ဘုရားပွဲ အစောပိုင်း ရုပ်သေးမင်းသား ဆရာ ဉာဏ်ကြီး သီဆို သွားဖူးတဲ့ တေးထပ်ကလေးတစ်ပုဒ်နဲ့ ၈၀ ပေါ်တစ်ပုဒ်ကိုတော့ ဖော်ပြခဲ့ချင်သေးတယ်။ ကုသိုလ်တော် ဘုရားပွဲဟာ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့ကနေ လပြည့်ကျော် ၂ ရက်နေ့အထိ ကျင်းပလေ့ရှိတယ်။ ဒီဘုရားပွဲမှာ ဆရာဉာဏ်ကြီးရဲ့ ရုပ်သေးပွဲက ပါစမြဲ။ ဘုရားတောင်ဘက်မုခ်တည့်တည့်ဟာ ဆရာဉာဏ်ရဲ့ စင်နေရာပဲ။ ဒီပွဲတွေမှာ ဆရာဉာဏ်သူကိုယ်တိုင် အထူးစပ်ဆိုတဲ့ ဒီတေးထပ်နဲ့ ဒီ ၈၀ ပေါ်ကို သီဆိုဖူးတယ်။ မန္တလေးမြို့ အရှေ့ပြင် နန်းတော်ရှေ့ ရပ်တန်းရပ် ရုပ်စုံဆရာ ဆရာဉာဏ် (နန်းတော်ရှေ့ဆရာတင်ရဲ့ဆရာ) ရေးစပ်တဲ့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားဘွဲ့တေးထပ်

မြို့ ကျုံး သိမ်တော် သုဓမ္မာကျောင်းသို့၊ ပြုပါကောင်းသမို့ သိုက်ဓာတ်အလာ၊ စုကာပေါင်းလို့ သမိုက်အပ်တာမှာ၊ တိုက်ပိဋကတ်ပါ စေတီမခြား၊ မဟာရံသုံးထပ် လှည့်ပတ်ရံသည်၊ ဤသတ္တဌာနံ၊ ဘုရင် ကိုးကွယ်သည့်ဘုရား၊ အုတ်ကျစ်ကျော်အေး ကဆုန်အမည်ပေါ်၊ ပုဏ္ဏမီအကျော် ခုနစ်ရက်အပွား။ စုံညီမျှော်ကာ ညွှန်ချက်ထား၍ ကျားမင်းဗျဂ္ဃအာရုံတော်။ သုတ်လေးရာ့တစ်ဆယ် အဘိဓမ္မာ နှစ်ရာ့ရှစ်၊ သိစရာပြလစ် ဝိနည်းတစ်သုံးပေါ်၊ စေတီဓါတုဘွဲ့မည်ခေါ်တလီ၊ သမိုင်းလျော်ညီစွာ သုံးဂူအလွတ်ပ၊ နှလုံးဖြူညွတ်၍ အတွင်းလေးဆယ့်နှစ်ဂူ၊ မဇ္ဈေ တစ်ရာ့ခြောက်ဆယ့်ရှစ်ဂူ၊ ငါးရာတစ်ဆယ့်ကိုး အပြင်ထပ်ဂူမှာ၊ အစဉ် မှတ်ယူပါ ခုနစ်ရာ့နှစ်ဆယ့်ကိုး။

ရုပ်စုံဆရာ ဆရာဉာဏ်ရေးစပ်သော လောကမာရဇိန် ကုသိုလ်တော်ဘုရား ၈၀ ပေါ်တေးထပ်

မြို့ ကျုံး သိမ်တော် သုဓမ္မာကျောင်းသို့၊ ပြုပါကောင်းသမို့ သိုက်ဓာတ်အလာ၊ စုကာပေါင်းလို့ သမိုက်အပ်တာမှာ၊ တိုက်ပိဋကတ်ပါ စေတီမခြား၊ မဟာရံသုံးထပ် လှည့်ပတ်ရံသည်၊ ဤသတ္တဌာနံ၊ ဘုရင် ကိုးကွယ်သည့်ဘုရား၊ (ရတုခံ)။ ငါးထောင်သာသနာ တည်စိမ့်ငှာဟု၊ ကိန်းလာတိုက်ဆိုက်၊ မန်းမကိုဋ်တွင်၊ နန်းစိုက်သာကိံ၊ ရတနာ သိရ်နွယ်၊ ဆယ်ကြိမ်ဥက္ကဋ္ဌ်၊ မောဠိနတ်နှင့်၊ သုံးထပ်ပရဝဏ်၊ မြေအမွန်မှာ၊ ရွှေညွန်တွက်ဆ၊ သင်္ချာပြသော်၊ ခုနစ်ရာ့နှစ်ဆယ်၊ စွန်းကယ်ကိုးဆူ၊ မကိုဋ်ဂူကို၊ စိုက်လှူပြီးလျှင်၊ ပွဲကြီးယင်သည်၊ နတ်ရှင် ပဉ္စမဋ္ဌဗျာဒိတ်လေး၊ အံ့ဖွယ်တည့်တည်ထား လောကမာရဇိန်ဘုရား။ ဒါယကာမင်းမြတ် နတ်ထီးယှဉ်သော်၊ ရပ်ကြီးနယ်ခွင် ပြည်သူအများသား၊ ဓာတ်မီးသွယ်ဆင်က မသွေလှူငြား၍၊ ရွှေစမုတ် ငှက်မနားထီးတော်ပါ၊ ညလုံးပတ်လည် တိမ်မှောင်မသန်း၊ စိန်ရောင်ခြည်လျှမ်း လျှပ်ပန်းသဏ္ဌာန်ဖြာ၊ တံခါးတော်လေးရပ် သံဝရံတာမှာ၊ ဒရဝမ်လှည့်ကာ ညဉ့်နာရီအလှည့်မတော့၊ ပထမတည်ခဲ့တဲ့ မြတ်ဘုရားဒါယကာတော်၊ နတ်တိုင်းဆီကနော်။ ပဉ္စမမင်းသို့ အလျင်တခဏဆင်းလို့ လာဖူးမြော်သော်၊ သာဓုခေါ်တော်မူကြောင်းပါဘုရာ့လေး။ သာဝတိံဖျားက မာရဇိတ်ဘုရားပ၊ လာချိန်အားရ ဖူးမြော်ဆင်ကာ သံတော်ဦးတင်လွှာ ဆက်စမ်းချင်ဘုရာ့လေး။

[1]

ကိုးကား

  1. ကမ္ဘာ့အကြီးဆုံးစာအုပ် ၊ လူထုဒေါ်အမာ ၁၉၇၃ အောက်တိုဘာ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.