ကရင်စာပေ

ကရင်ဘာသာစကားကို မြန်မာကက္ကရာဇ် (၁၁၆၀) ပြည့် ခန့်မှစတင်ကာ ပေထက်အက္ခရာတင်ခဲ့ပြီး ကရင်စာပေ ကျမ်းပေါင်း (၁၂၀) နှင့် ကရင်ကျမ်းစာများသည် ပိဋိကတ်တော်များနှင့် ရိုးရာယဉ်ကျေးမှုအပေါ် အခြေခံရေး သားခဲ့ကြောင်းသိရသည်။[1]

ကရင်ဘာသာ အရေးအသား

စာပေများကို အနှစ်သာရနှင့် လင်္ကာသဘောရေးနည်းမှ စကားပြောသဘောရေးနည်း သို့အဆင့်ဆင့် ပြောင်းလဲအသုံးပြု လာခဲ့ကြကြောင်း သိရသည်။ ကရင်စာပေကျမ်းကို ၁၈၅၁ ခုနှစ်မှ စတင်ကာရေးသားခဲ့ပြီး သိဒ္ဓတ္ထဝတ္ထုဖြစ်ကြောင်း သိရသည်။ အစော ပိုင်းတွင် ကရင်စာပေကို သာသနာရေး ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့ကြောင်းသိရသည်။

အဓိပ္ပာယ်စပ် အလင်္ကာရေးနည်း တစ်မျိုးကို အသုံးပြု သုံးစွဲခဲ့ကြပြီး ၁၈၇၀ပြည့်နှစ်နောက်ပိုင်းတွင် သာသနာရေး၊ အမျိုးသားရေးနှင့် စာပေ တည်ဆောက်ရေး ဟူသော ရည်ရွယ်ချက်များဖြင့် ကရင်စာပေကို ခမ်းနား ကြီးကျယ်စွာ ရေးသားခဲ့ကြကြောင်း သိရသည်။[2]

ကရင်ဘာသာ အရေးအသား

ကရင်စာပေများအကြောင်း

စနစ်တကျ ဖွဲ့ဆိုထားသော အလင်္ကာစပ်နည်းကို အသုံးပြုသည့် ကရင်စာပေကို ၁၉၂၀ ပြည့်နှစ်တွင် စတင်ကာ စက်တင်ပုံနှိပ် ထုတ်ဝေခဲ့ကြောင်း သိရသည်။ ကရင်စကားပြော အရေးအသားကို ၁၉၆၅ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး ကရင်ဆောင်းပါးအရေးအသားကို ၁၉၆၈ ခုနှစ်တွင် စတင်တွေ့ရှိရကြောင်း သိရသည်။

ကရင် လူမျိုးတွင် စာပေသုံးမျိုးရှိပြီး စကောကရင်စာ၊ အရှေ့ပိုင်းကရင်စာနှင့် အနောက်ပိုင်းကရင်စာတို့ ဖြစ်ကြောင်း သိရသည်။ ထိုစာပေသုံးမျိုးကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ကျယ်ပြန့်စွာ အသုံးပြု လျက်ရှိကြောင်း သိရသည်။

ကရင်စကား သုံးမျိုးတွင် စကောကရင် စကားကို ပိုးကရင်၊ ကယား၊ ပဒေါင်း၊ ပကူး၊ ဘွဲ၊ မိုးပွား၊ ပေလေခီး၊ ဂေခို၊ ဂေဘါး၊ ပရဲအစရှိသော အခြားကရင်မျိုးနွယ်များလည်း အများသုံး စာပေအဖြစ် အသုံးပြုကြ ကြောင်း သိရသည်။

ကရင်လူမျိုးတို့တွင် မူလရှေဟောင်းကရင် ရေးထုံးဖြစ်သော လီဆောဝဲ (လိတ်ဆမ်ဝှေ့) ဟု ခေါ်ဝေါ်သည့် ကြက်ယက်စာပေရှိကြောင်း လည်းသိရသည်။ ကြက်ယက်စာပေဟု ခေါ်ဝေါ်ခြင်းမှာ မြေကြီးပေါ်တွင် စတင်ရေးသားခြင်းကြောင့် ဖြစ်သည်။ ကြက်များ အစာစားသောအခါ ခြေဖြင့်ယက်သော သင်္ကေတကို အမှီ ပြုပြီး တီထွင် အသုံးပြုသောကြောင့် ဖြစ်ကြောင်း သိရသည်။

ထိုကြောင့် ကရင်လူမျိုးတို့တွင် နေထိုင်ရာ ဒေသ၊ ကိုးကွယ်ရာ ဘာသာ တို့ကို လိုက်၍ အမျိုးမျိုးသော စာပေများ ပေါ်ထွက်ခဲ့လေခြင်း ဖြစ်သည်။ မျက်မှောက်ကာလတွင် သုတေသီများ၏ လေ့လာတွေ့ရှိချက်များ အရ ပုဂ္ဂိုလ်အသီးသီး က တီထွင်ရေးသားခဲ့သော စာပေရေးနည်းများ (၉) မျိုးထိရှိကြောင်း တွေ့ရသည်။ သို့သော် အချို့သော စာပေများသည် ထွန်းကားကျယ်ပြန့်၍ ထင်ရှားခြင်း မရှိပါ။ ဖော်ပြပါ လေ့လာတွေ့ရှိရသော စာပေများမှာ−

  1. ဗုဒ္ဓဘာသာ အရှေ့ပိုးကရင် စာပေ
  2. နှစ်ခြင်းဘာသာ စကောကရင် စာပေ
  3. နှစ်ခြင်းဘာသာ ပိုးကရင် စာပေ
  4. ရောမအက္ခရာ စကောကရင် စာပေ
  5. မြန်မာအက္ခရာ ကို အခြေခံသော ပိုးကရင် စာပေ
  6. ဗုဒ္ဓဘာသာ ကရင် စာပေ
  7. ဗုဒ္ဓဘာသာ စကောကရင် စာပေ
  8. ဗရင်ဂျီဘာသာ စကောကရင် စာပေ
  9. လဲကယ်ဘာသာ လိုက်ဆန်ဝှေ့ (လိတ်ဆမ်ဝှေ့) တို့ဖြစ်သည်။

ဗုဒ္ဓဘာသာ အရှေ့ပိုးကရင် စာပေ

ထိုစာပေသည် ဖလုံ(ပိုးကရင်) တို့က လိက်ထူ့လီ ရှေးဟောင်းစာပေ အဖြစ် သတ်မှတ်ကြသည်။ ယင်းစာပေကို သထုံဘုရင်၊ မနူဟာ မင်းကြီးထံပါး ခစားရသော ကရင်အမျိုးသား ပညာရှိ မွန်ဒိင် အမည်ခေါ် ဖူ့ဒိုက်ကော် က တီထွင် ရေးသားခဲ့သည်။

နှစ်ခြင်းဘာသာ စကောကရင် စာပေ

အမေရိကန် သာသနာပြု ဒေါက်တာ ဂျွန်နသန်ဝိတ် က ခရစ်နှစ် ၁၈၃၂ ခုနှစ် တွင် မြန်မာ အက္ခရာ ကို မှီး၍ တီထွင် ရေးသားခဲ့သည်။ ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရ (၉)လုံး ပါဝင်သည်။

နှစ်ခြင်းဘာသာ ပိုးကရင် စာပေ

၁၈၃၂ ခုနှစ် တွင် ဒေါက်တာ ဂျွန်နသန်ဝိတ် က ပင် ရေးသားခဲ့သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံးပါဝင်သည်။ ထိုစာရေးနည်းမှာ ခေါမရောမ နှင့် အမျိုးအမည် မကွဲပြားသော အက္ခရာများ ပါဝင်နေသဖြင့် ဖတ်မှတ်ရာတွင် မလွယ်ကူခြင်း၊ ကရင်အများစုကလည်း မကြိုက်နှစ်သက်ခြင်း တို့ကြောင့် နှစ်မကြာမီ မှေးမှိန် ပျောက်ကွယ်သွားလေသည်။

ရောမအက္ခရာ စကောကရင် စာပေ

၁၈၃၂ ခုနှစ်တွင် ဒေါက်တာ ဂျွန်နသန်ဝိတ် တီထွင်ခဲ့သော စကောကရင် စာပေကို မှီး၍ ဆရာထွန်းမြက တီထွင်ရေးသားပြီး ကရင်ရေးရာ ပညာရေး အရာရှိချုပ် စောဘထွန်းတင် က စိစစ်ပြင်ဆင်သော ရေးသားနည်း ဖြစ်သည်။ ဗျည်းအက္ခရာ (၂၆) လုံးနှင့် သရ (၉) လုံး ပါဝင်သည်။

မြန်မာ အက္ခရာ ကို အခြေခံသော ပိုးကရင် စာပေ

ဒေါက်တာ ဂျွန်နသန်ဝိတ် တီထွင်ခဲ့သော ပိုးကရင် စာပေ ကို ၁၈၅၂ တွင် ဒေါက်တာ အယ်လ် ဘရေတန် က မြန်မာ ဗျည်း အက္ခရာ များကို မှီးယူ၍ တီထွင်ခဲ့သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံး ပါဝင်သော်လည်း နောင်အခါတွင် ထပ်မံ ဖြည့်စွက်၍ ဗျည်း (၂၇) လုံး ရှိလာလေသည်။

ဗုဒ္ဓဘာသာ ကရင်စာပေ

ကော့ကရိတ်မြို့၊ မင်္ဂလာ ဇေယုံကျောင်း ဘုန်းတော်ကြီး ဦးနန္ဒမာလာ က သက္ကရာဇ် ၁၂၉၁ ခု၊ ခရစ်နှစ် ၁၉၃၀ တွင် ကျုံဒိုး ဓမ္မသုခကျောင်း ၌ တီထွင်ရေးသားခဲ့သည်။ ဆရာတော် တီထွင်ရေးသားသော စာသည် ပိုးကရင်စကောကရင် တို့ ကရင် နှစ်မျိုးလုံး ဖတ်ရှုနိုင်ပြီး မြန်မာ၊မွန်၊ ရောမ အက္ခရာ ကို မှီး၍ ရေးသားခဲ့သည်။ ဗျည်း(၃၈) လုံး နှင့် သရ (၂) လုံး ပါဝင်သည်။

ဗုဒ္ဓဘာသာ စကောကရင်စာပေ

ဘားအံမြို့နယ်မုက္ကဒိ ကျေးရွာအုပ်စုကမ်းကြီးရွာမြိုင်သာယာ ဆရာတော် ဦးသာဂရ တီထွင်ရေးသားသော နည်းဖြစ်သည်။ ပထမတန်းမှ ဆဌမတန်း အထိ ကျောင်းသုံးစာအုပ်များ ပြုစု၍ သင်ကြားပို့ချခဲ့သည်။

ဗရင်ဂျီဘာသာ စကောကရင် စာပေ

ပြင်သစ်လူမျိုး အက်ဒွပ်ကဲလ်မင်း နှင့် ဗရင်ဂျီ ဘာသာဝင် စကောကရင် အမျိုးသား ဆရာကျော်စိန် တို့က ရောမအက္ခရာ ကို အသုံးပြု၍ တီထွင်ရေးသားခဲ့ပြီး ၁၉၅၄ ခုနှစ် စက်တင်ဘာလတွင် ယိုးဒယားပြည် ဘန်ကောက်မြို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဗျည်းအက္ခရာ (၂၀) လုံး နှင့် သရအက္ခရာ (၉) လုံး ပါဝင်သည်။ ထိုစာရေးနည်းကို ဖာပွန်ဒေသနှင့် ယိုးဒယားနယ် တို့တွင် သင်ကြားကြပြီး ယိုးဒယားနယ်တွင် ပို၍ ထွန်းကားလာကြောင်း သိရသည်။

လဲကယ်ဘာသာ လိုက်ဆန်ဝှေ့

လဲကယ်ဘာသာ ကိုးကွယ်သော ပိုးကရင် တို့၏ လိုက်ဆန်ဝှေ့ ခေါ် ကြက်ယက်စာပေဖြစ်သည်။ ထိုစာပေအား သက္ကရာဇ် ၁၂၀၈ ခု၊ ခရစ်နှစ် ၁၈၄၆ ခုနှစ် တွင် ကရင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖူ့ကျင်သောင်လျှက် က လည်းကောင်း၊ ဘားအံမြို့နယ် ၊ နှစ်ခြားရွာ သူကြီး ဦးမောင်ထိုင် က လည်းကောင်း၊ တီထွင် ရေးသားခဲ့ကြောင်း အဆိုနှစ်ရပ်ရှိလေသည်။ ထိုစာရေးနည်းအား သက္ကရာဇ် ၁၂၂၂ ခု၊ ခရစ်နှစ် ၁၈၆၁ ခုနှစ်တွင် နှစ်ခြားရွာ လဲကယ် ဘာသာဝင် ခေါင်းဆောင် ဖိမိုက်ကာလီ က ပုရပိုက်ပေါ်တွင် ပထမဆုံး အကြိမ် စတင်ရေးသားခဲ့သည်။ ဗျည်း အက္ခရာ (၂၅) လုံး နှင့် သရ အက္ခရာ (၁၂) လုံး ပါဝင်သည်။

အထက်ဖေါ်ပြပါ ပေါ်ထွန်းခဲ့သော ကရင်အမျိုးသား စာပေများ အနက် ရှေးကျသော စာရေးနည်း နှင့် မျက်မှောက်တွင် ထွန်းကားနေသော စာရေးနည်းမှာ (၃) မျိုးခန့်သာ ရှိလေသည်။ ထိုစာပေ ၃ မျိုးမှာ မျက်မှောက်တွင် ရေးသာ ပုံနိုပ်ထုတ်ဝေသော လိက်ထူ့လီ ခေါ် အရှေ့ပိုးကရင်စာပေ၊ စကော ကရင်စာပေ နှင့် အနောက်ပိုးကရင်စာ တို့ ဖြစ်သည်။ ကျန်သော စာပေအချို့တွင် သူ့ဒေသ အလျောက် ကိုးကွယ်ရာ ဘာသာအလိုက် သင်ကြားခြင်းလည်း ရှိလေသည်။ ရှေးကျ၍ လူအများ သုံးစွဲထွန်းကားနေသော စာရေးနည်းများ အနက် မူလက ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သော ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေသည် ကျယ်ပြန့်စွာ လွမ်းမိုးလျက် ရှိနေသည်။ ဖူ့ဒိုက်ကော် မှ အစပြုသော စာရေးနည်း ဖြစ်သည့်အလျောက်၊ ဗုဒ္ဓဘာသာ အရှေ့ပိုးကရင် တို့က လိက်ထူ့လီအစ ဖူ့ဒိုက်ကော် က ဟူ၍ လည်းကောင်း၊ ကရင်စာပေ ရှေ့ဆောင် ဖူ့ဒိုက်ကော် ဟူ၍ လည်းကောင်း ဂုဏ်ပြုကြသည်။မန်းသင့်နောင် (ကော့ကရိတ်)။ သထုံမြို့နယ်၊ ကရင်နှစ်သစ်ကူး ပွဲတော် အထိန်းအမှတ် စာစောင်မှ

စကောကရင်နှင့် ပတ်သတ်သည့်အဘိဓာန်

စကောကရင် ၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာ အဘိဓာန်စာအုပ်တစ်အုပ်ကို ရန်ကုန်မြို့ တူဒေးစာအုပ်တိုက်က ၂၀၀၅ ခုနှစ် တွင် ထုတ်ဝေခဲ့သည်။ စာအုပ်အမည်မှာ Trilingual Illustrated Dictionary (English-Myanmar-Karen) ဟူ၍ဖြစ်ပြီး ပြုစုသူများမှာ အင်္ဂလိပ်စာ ပါမောက္ခ ဦးသီဟနှင့် ဒေါ်သီတာမိုးတို့ ဖြစ်သည်။

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.