ကရင်အမျိုးသားအလံတော်

၁၉၃၆ခုနှစ် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသား အဖွဲ့ချုပ်ကြီး၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည်

  • (၁) ကရင်နှစ်သစ်ကူးနေ့ (ကရင်အမျိုးသားနေ့)
  • (၂) ကရင်အမျိုးသားသီချင်း
  • (၃) ကရင်အမျိုးသားအလံတော် စသည်တို့ကို တောင်းဆိုခဲ့ကြသည်၊၊
ကရင်အမျိုးသားအလံတော်

ဤတောင်းဆိုချက်များရရှိသောအခါ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးသည် ကရင်ခေါင်းဆောင်များနှင့် ကရင်အမျိုးသားများထံ ကရင်အမျိုးသားအလံ ပုံစံများရေးဆွဲ၍ တင်ပို့ကြရန်မေတ္တာရပ်ခံခဲ့သည်။ ကရင်အမျိုးသား အဖွဲ့ချုပ်ကြီး ၏ မေတ္တာရပ်ခံချက်အရ အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားများထံမှ အလံပုံစံပေါင်း တစ်ရာကျော်ရောက်ရှိလာခဲ့ သည်။

ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးသည် ရှောက်ရှိလာသော ကရင်အလံပုံစံတစ်ရာအနက်မှ အလံပုံစံ ၁၂ ခုကို ပဏာမအဆင့် ရွေးချယ်လိုက်သည်။ ထိုမှတဆင့် (၁၂)ခုအနက်မှ စိတ်ကြိုက်(၃)ခုကို ထပ်မံရွေးချယ်ခဲ့သည်။ နောက်ဆုံး(၃)ခုမှ အသင့်တော်ဆုံး အကြိုက်ဆုံးတစ်ခုကို အတည်ပြုရွေးချယ်ခဲ့သည်။ ဤသို့နောက်ဆုံးအတည်ပြု ရွေးချယ်လိုက်သော အလံမှာ မန်းဘခင်(ဝန်ကြီးဟောင်း) ရေးဆွဲသောအလံ ပုံစံပင်ဖြစ်သည်။ ယခုတရားဝင် အတည်ပြုသုံးစွဲနေသော အလံတော်သည် ဤအလံပင်ဖြစ်သည်။

အနီရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ပေါ်တွင် တက်သစ်စနေဝန်းနှင့် ဖားစည်ပါရှိသော အလံသည် ကရင်အမျိုးသားအလံပင်ဖြစ်သည်။ ဤသို့အနီ၊ အဖြူ၊ အပြာ သုံးရောင်ခြယ်နှင့် တက်သစ်စနေဝန်း ဖားစည်ပါရှိသော အလံနှင့်ပတ်သက်၍ အဓိပ္ပယ်အနှစ်သာရကို အလံပုံစံရှင် မန်းဘခင်သည် အောက်ပါအတိုင်း အဓိပ္ပါယ်နှင့် အနှစ်သာရကို ဖော်ဆောင်ထားပေသည်။

  • (၁) အလံတော်၏ အနီရောင်သည် ကရင်အမျိုးသားများ၏ ရဲရင့်ခြင်းနှင့် သူရသတ္တိပြည့်စုံခြင်းကို ဖော်ဆောင်သည်။
  • (၂) အလံတော်၏ အဖြူရောင်သည် ကရင်အမျိုးသားများ၏ဘဝနှင့် စိတ်ထားများ ဖြူစင်သန့်ရှင်းစင်ကြယ်ခြင်းကို ဖော်ဆောင်ထားသည်။
  • (၃) အလံတော်၏အပြာနုရောင်သည် ကရင်အမျိုးသားများ၏ ဖြောင့်မတ်တည်ကြည်ခြင်းနှင့် သစ္စာရှိခြင်းကို ဖော်ဆောင်ထားသည်။
  • (၄) အလံတော်၏ တက်သစ်စနေဝန်းသည် ကရင်အမျိုးသားများ၏ လူမှုရေးဘဝတိုးတက်သာယာရေးကို ဖော်ဆောင်ထားသည်။
  • (၅) အလံတော်၏ ဖားစည်သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုနှင့်သာယာဝပြောခြင်းကို ဖော်ဆော်ထားသည်။

ကရင်အမျိုးသားများသည် ကရင်အမျိုးသားအလံတော်ကို လူထုအစည်းအဝေးပွဲများနှင့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့် ယှဉ်တွဲ၍ စိုက်ထူကြသည်။

အခြားကြည့်ရန်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.