ကာဠုဒါယီထေရ်
ကာဠုဒါယီထေရ်သည် ဂေါတမမြတ်စွာဘုရား အလောင်း သိဒ္ဓတ္ထမင်းသားနှင့် တစ်ပြိုင်တည်း ဖွားသော ဖွားဖက်တော်တစ်ဦးဖြစ်သည်။ သူငယ်ဖေါ် ကစားဖက်အဖြစ် ကြီးပြင်းခဲ့ရာ၊ သိဒ္ဓတ္ထမင်းသား၏ ဖခင်သုဒ္ဓေါဒနမင်းကြီးသည် ကာဠုဒါယီအား အမတ်အဖြစ် ခန့်အပ်မြှောက်စားသည်။ သိဒ္ဓတ္ထမင်းသားသည် ဘုရားဖြစ်တော်မူပြီး၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ၊ ခမည်း တော် သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားကို ဖူးတွေ့လို သဖြင့် ကြွလာတော်မူရန် အမတ်များကို အကြိမ်ကြိမ် လွှတ်၍ ပင့်စေသည်။ အပင့်လွှတ်သော အမတ်တို့လည်း မြတ်စွာဘုရား ထံသို့ ရောက်လျှင် အခြွေအရံများနှင့်အတူ အကျွတ်တရားရ၍ ရဟန္တာဖြစ်ကုန်ကြသဖြင့် ခမည်းတော်၏စကားကို မလျှောက် ထားမိဘဲ ရှိကြသည်။
သုဒ္ဓေါဒနမင်းကြီးလည်း မည်သည့်သတင်းစကားမျှ မကြား သိရသဖြင့် စိတ်မချမ်းမသာဖြစ်လျက် နောက်ဆုံးတွင် ကာဠု ဒါယီ အမတ်ကို ခေါ်၍ အခြွေအရံတစ်ထောင်နှင့် စေလွှတ်ပြန် သည်။
မြတ်စွာဘုရားထံသို့ ရောက်လျှင်ပင် ကာဠုဒါယီအမတ်နှင့် အခြွေအရံများသည် ရဟန္တာဖြစ်ကြပြန်သည်။ သို့ရာတွင် ခမည်း တော် မှာကြားလိုက်သည်ကို မမေ့လျော့ဘဲ ၆ဝ မျှသော ဂါထာ တို့ဖြင့် ကပိလဝတ် နေပြည်တော်သို့ ပြန်လည် ကြွရောက်ရန် လျှောက်ထားလေသည်။ ထိုဂါထာခြောက်ဆယ် လျှောက်ထား ချက်များကား၊ မြတ်စွာဘုရား၏ စိတ်သဘောတော် ကြည်နူး ညွတ်ပျောင်းအောင် တပေါင်းရာသီ၏ ရေမြေ တောတောင် ဩကာသလောက သာယာဟန်ကို အဖန်ဖန်ချီးကျူးကာ ပင့် ဆောင်သောစကားများ ပါဝင်သဖြင့် အလွန် သာယာနာ ပျော်ဖွယ်ရှိပေသည်။ ထိုအခါမှ မြတ်စွာဘုရားသည် ရာဇဂြိုဟ် ပြည်မှ ယူဇနာ ၆ဝ ကွာသော ကပိလဝတ်ပြည်သို့ ကြွရောက်၍ သာကီဝင်မင်းများအား တရားဟောကြားတော်မူသည်။ ကာဠုဒါယီထေရ်သည် ဒါယကာတို့၏စိတ်ကို သဒ္ဓါကြည် လင် ဖြစ်စေနိုင်သော ဘုရားတပည့်သားတို့တွင် ထူးချွန် မြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်အဖြစ် ကုလပ္ပသာဒကဧတဒဂ် ဘွဲ့ရလေသည်။
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)