ကိုးသိန်းရှင်

ကိုးသိန်းရှင်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်တစ်ပါး ဖြစ်သည်။ [1]

သမိုင်း

သက္ကရာဇ် ၇၃၉ ခုနှစ်တွင် အနော်ရထာမင်းသည် တရုတ်ပြည်သို့ မြတ်စွယ်တော်ပင့်ရန် သွားရာမှ အပြန်တွင် မောပြည်သို့ ရောက်ခဲ့သည်။ ထိုအခါ မောမင်းသည် မိမိ၏ လှပသည့် သမီးတော် “စောမွန်လှ” နှင့် ရွှေသင်ဖြူး ငါးချပ်ကို ဆက်သခဲ့သည်။

အနော်ရထာမင်းကြီးသည် စောမွန်လှအာ ချစ်ခင်စုံမက်တော်မူလေ၏။ တစ်ခုသောလပြည့်ညတွင် စောလွန်လှ၏ လက်ယာဘက်နားတောင်း၌ ကိန်းအောင်းတော်မူနေသည့် မြတ်စွာဘုရား၏ ဓာတ်တော်များသည် အရောင်အဝါတောက်ပနေ၏။ ထိုအကြောင်းကို အနော်ရထာမင်းကြီး ကြားသိသောအခါ အထင်တော်မှားပြီး စောမွန်လှအား မောဌာနေသို့ ပြန်ခိုင်းလေသည်။

စောမွန်လှသည် လမ်းခရီးတွင် ဆည်တော်ချောင်းကို ဖြတ်ကူးရာ သူ၏ ထဘီကို ဦးခေါင်းထက်သို့ တင်၍ ကူးမိ၏။ ထိုအခါ ဓာတ်တော်ကိန်းအောင်းနေသည့် နားတောင်းသည် ကျွတ်သွားကာ ကောင်းကင်ထက်တွင် တည်နေလေသည်။ ထိုအခါ ဓာတ်တော်တို့၏ ကွန့်မြူးနေသည့်အရောင်တို့သည် ရေတွင်ပေါ်နေ၏။ ထို့ကြောင့် နားတောင်းကို ရေတွင်စမ်း၍ ရှာသော်လည်း မတွေ့ပေ။ အထက်သို့ မော့ကြည့်သည့်အခါမှ နားတောင်းကို တေါ့လေသည်။ ထို့နောက်တွင် စောမွန်လှသည် ထိုနေရာ၌ အနီးအနားရွာများရှိ ဗိသုကာဆရာများ၊ ပန်းပုဆရာများကို လက်ခကံကျွေးပေးကာ စေတီတစ်ဆူ တည်ထားခဲ့သည်။ ထိုစေတီတော်မှာ ရွှေစာရံစေတီတော် ဖြစ်သည်။

စောမွန်လှပြန်လာသည်ကို ဖခင်ဖြစ်သူ စော်ဘွားကြီးသည် လာရောက်ကြိုဆို၏။ ထိုနေရာတွင် ဘုရားတစ်ဆူ တည်ထားခဲ့ပြီး ဘော်ကြိုဘုရား ဖြစ်လာခဲ့သည်။[1]

စောအောင်နှင့် စောနန်း

အနော်ရထာမင်းကြီးသည် စောမွန်လှကို နှင်မိသဖြင့် စိတ်နှလုံးမကြည်သာသည်နှင့် မောပြည်သို့ ချီတက်လာ၏။ ထိုအခါ မောစောဘွားသည် ကံကုန်သွားပြီ ဖြစ်သဖြင့် သားတော်ကျမိုင်း “စောနောင်” သည် စော်ဘွားအဖြစ် အုပ်ချုပ်နေ၏။ မင်းကြီးက ကျိုးကြောင်းဖြင့် ပြောပြသဖြင့် စိတ်ကျေနပ်ပြီး ခမည်းတော်လက်ထက်ကကဲသို့ နှစ်ပြည်တစ်ပြည် ချစ်ကြည်မှုအတွက် နှမတော်နှစ်ပါး ဖြစ်သည့် စောအောင်နှင့် စောနန်းကို ဆက်သလိုက်လေသည်။

မင်းကြီးလည်း တိုင်းပြည်သို့ ပြန်လာ၏။ ကျောက်ဆည်သို့ ရောက်သည့်အခါတွင် ခရီးကွန်းထောက်ချ၍ ယာယီနန်းဖြင့် စံမြန်းနေ၏။ ထို့နောက် လယ်ယာမြေများအတွက် ရေသွယ်ရေမြောင်း မြောက်များစွာကို ဆည်ဖို့ခြင်း ပြုလုပ်တော်မူ၏။ မင်းကြီးကိုယ်တိုင် ဦးစီး၍ လုပ်ရာ သုံးနှစ်ကြာမြင့်၏။ ရာဗိုလ်ထုများစွာ သေဆုံးခြင်း၊ ဇော်ဂျီချောင်းမှ ဆည်တော်ကြီးမှာလည်း မကြာခဏ ကျိုးပျက်ခြင်း ဖြစ်ပေါ်လျှက်ရှိ၏။ ထိုအခါ မင်းကြီးသည် ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ အမည်တွင် “အောင်” ပါသည့် တနင်္ဂနွေသမီးကို စတေးရမည်ဟု လျှောက်ထားလေသည်။ မင်းကြီးသည် ကိုးခရိုင်နယ်အတွင်းတွင် ရှာဖွေစေရာ ရှာမတွေ့ဘဲ ဖြစ်နေလေ၏။

ထိုအခါ မင်းကြီး၏ အနားတွင် ခစားနေသည့် ကိုယ်ဝန်အရင့်အမာနှင့် စောအောင်သည် လယ်ယာကိုင်းကျွန်းသာယာဖွံ့ဖြိုးပြီး သာသနာတော်ထွန်းလေစေမည့် အကျိုးအတွက် မိမိအသက်ကို လှူပါရစေစု ဆိုလေသည်။ ကြိမ်ဖန်များစွာ လျှောက်ထားသဖြင့် စောအောင်ကို စတေးခဲ့လေသည်။

အရှင်လတ်လတ် စောအောင်ကို စလေးလိုက်သဖြင့် စောနန်းသည် ကြောက်လန့်သွားပြီး သွေးရူးသွေးတန်းဖြင့် ဇော်ဂျီချောင်းအတွင်း ခုန်ချကာ သေဆုံးသွားခဲ့သည်။ မင်းကြီးအမိန့်ဖြင့် ခေါ်လာခဲ့သည့် စော်ဘွားစောနောင်ကို နှမဖြစ်သူတို့က အစိမ်းနတ်ဘဝဖြင့် ကိုယ်ထင်ရှားပြကြလေသည်။ ထိုအခါ စောနောင်သည်လည်း စိတ်မချမ်းမသာဖြစ် ဇော်ဂျီချောင်းအတွင်း ခုန်ချသေဆုံးကာ အစိမ်းနတ် ဖြစ်သွားခဲ့သည်။

နတ်မောင်နှမသုံးယောက်တို့သည် အနော်ရထာမင်းကြီးအား ကိုယ်ထင်ရှားပြ၍ နေထိုင်ရန် နေရာတောင်းလေ၏။ ထိုအခါ စော်ဘွားကိုးခရိုင်နယ်၌ ၉ ရက်နေ့တွင် သေဆုံး၍ နတ်ဖြစ်သဖြင့် ကိုးသိန်းရှင်အဖြစ်ဖြင့် ကိုးခရိုင်တစ်လွှားတွင် လူအများအား ကိုးကွယ်ကြစေဟု အပိုင်စားပေးခဲသည်။ စောအောင်ကို ဆည်ကြီး၊ စောနန်းကိုမူ အောက်ဘက်ဆီးတောဆည်ကို အပိုင်စား ပေးခဲ့သည်။

အချို့နတ်ဆရာ၊ မှော်ဆရာတို့က စောအောင်ကို ဆည်ကတော်၊ စောနန်းကို မယ်ရေယဉ် (သို့) ရေယဉ်ကတော်ဟု ခေါ်ကြသည်။[1]

ကိုးကွယ်ယုံကြည်ခြင်း

လယ်တွင်းကိုးခရိုင်တွင် ယုံကြည်ကိုးကွယ်သူများသည် လဆန်း ၉ ရက်၊ လဆုတ် ၉ ရက်နေ့များတွင် လူကိုးယောက် ခရီးသွားလာမှု မပြုလုပ်ရဲကြပေ။ ပြုလုပ်ခဲ့ပါက ဘေးဥပဒ်တစ်စုံတစ်ခု ဖြစ်တတ်သည်ဟု ယုံကြည်မှု ရှိကြသည်။ ကျောက်ဆည်ခရိုင်ကို ရှေးအခါက လယ်တွင်းကိုးခရိုင်၊ ရေလွှဲကိုးခရိုင်ဟု ခေါ်ကြသည်။[1]

ကိုးကား

  1. ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ။ pp. ၁၅၀၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄၊ ၁၅၅။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.