ကုသိုလ်စေတသိက်
ကုသိုလ်စေတသိက် သည် (၂၅) ပါးရှိ၏။ ၎င်း (၂၅) ပါးတို့မှာ အလောဘ၊ အဒေါသ၊ အမောဟ၊ သဒ္ဓါ၊ သတိ၊ ဟီရိ၊ ဩတ္တပ္ပ၊ တတြမဇ္ဈတ္တာ၊ ကာယပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကထာ၊ စိတ္တုဇုကထာ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ ကရုဏာ၊ မုဒိတာ တို့ ဖြစ်ကြသည်။[1]
(၁) အလောဘ
အလောဘဆိုသည်မှာ အာရုံ၌ အငြိအတွယ်မရှိခြင်း ဖြစ်သည်။ ဤအလောဘကို နေက္ခမာတ်လည်း ခေါ်၏။ အနဘိဇ္ဈာလည်း ခေါ်၏။[1]
(၂) အဒေါသ
အဒေါသဆိုသည်မှာ အာရုံ၌ စိတ်ညွတ်နူးခြင်း ဖြစ်သည်။ ဤအဒေါသကို အဗျာပါဒလည်း ခေါ်၏။ မေတ္တာလည်း ခေါ်၏။[1]
(၃) အမောဟ
အမောဟဆိုသည်မှာ အမှန်ကိုသိခြင်း ဖြစ်သည်။ ဤအမောဟကို ဉာဏ်လည်း ခေါ်၏။ ပညာလည်း ခေါ်၏။ ဝိဇ္ဇာလည်း ခေါ်၏။ သမ္မာဒိဋ္ဌိလည်း ခေါ်၏။[1]
ဤတရားသုံးပါးတို့သည် အလုံးစုံသော ကလျာဏဓမ္မတို့၏ အရင်းအမြစ်အခြေခံ ဖြစ်သောကြောင့် ကလျာဏမူလ တရားသုံးပါး မည်ကုန်၏။[1]
(၄) သဒ္ဓါ
သဒ္ဓါဆိုသည်မှာ ယုံကြည်ထိုက်သော အမှန်တရားကို ယုံကြည်ခြင်း ဖြစ်သည်။ ဤသဒ္ဓါကို ပသာဒလည်း ခေါ်သည်။ အဓိမောက္ခလည်း ခေါ်သည်။[1]
(၅) သတိ
သတိဆိုသည်မှာ ကောင်းမြတ်သောအရာတို့၌ မမေ့မလျော့ မပျောက်မကွယ်နိုင်ရန် အဖန်ဖန် အာရုံပြုခြင်း ဖြစ်သည်။ သရဏလည်း ခေါ်၏။ ဥပဋ္ဌာနလည်း ခေါ်၏။[1]
(၆) ဟီရိ
ဟီရိဆိုသည်မှာ ရှက်ခြင်း ဖြစ်သည်။ ရှက်ခြင်း ဆိုသည်မှာ ရှက်သဖြင့် မကောင်းမှုသို့ မတိုးဝံ့ခြင်း ဖြစ်သည်။[1]
(၇) ဩတ္တပ္ပ
ဩတ္တပ္ပဆိုသည်မှာ ကြောက်ခြင်း၊ လန့်ခြင်း ဖြစ်သည်။ အတဝာနုဝါဒဘေး၊ ပရာနုဝါဒဘေး၊ အပါယ်ဘေးတို့မှ ကြောက်လန့်သဖြင့် မကောင်းမှုသို့ မတိုးဝံ့ခြင်း ဖြစ်သည်။[1]
(၈) တတြမဇ္ဈတ္တာ
တတြမဇ္ဈတ္တာဆိုသည်မှာ ထိုထိုအာရုံ၌ ငြိတွယ်ခြင်း၊ ဆန့်ကျင်ခြင်း အစွန်းတို့မှ ကင်းလွတ်သဖြင့် လျစ်လျူအနေ၌ တည်ခြင်း ဖြစ်သည်။ ဤတတြမဇ္ဈတ္တာကို ဗြဟ္မဝိဟာရအရာ၌ ဥပေက္ခာဗြဟ္မဝိဟာရ ခေါ်၏။ ဗောဇ္ဈင်္ဂအရာ၌ ဥပေက္ခာသဗ္ဗောဇ္ဈင် ခေါ်၏။[1]
(၉) ကာယပဿဒ္ဓိ
ကာယပဿဒ္ဓိဆိုသည်မှာ စေတသိက်အပေါင်းဟူသော နာမကာယ၏ ငြိမ်းချမ်းခြင်း ဖြစ်သည်။[1]
(၁၀) စိတ္တပဿဒ္ဓိ
စိတ္တပဿဒ္ဓိဆိုသည်မှာ စိတ်၏ ငြိမ်းချမ်းခြင်း ဖြစ်သည်။ ငြိမ်းချမ်းခြင်း ဆိုသည်မှာ ကုသိုလ်မှုတို့၌ မငြိမ်းချမ်းခြင်းကို ပြုတတ်ကုန်သော ပါပဓမ္မတို့နှင့် မယှဉ်သဖြင့် သမ္ပယုတ်တရားတို့၏ ကြည်လင်ချမ်းမြေ့ခြင်း ဖြစ်သည်။[1]
(၁၁) ကာယလဟုတာ
ကာယလဟုတာဆိုသည်မှာ နာမကာယ၏ ပေါ့ပါးခြင်း ဖြစ်သည်။[1]
(၁၂) စိတ္တလဟုတာ
စိတ္တလဟုတာဆိုသည်မှာ စိတ်၏ ပေါ့ပါးခြင်း ဖြစ်သည်။ ပေါ့ပါးခြင်း ဆိုသည်မှာ ကုသိုလ်မှုတို့၌ လေးလံခြင်းကို ပြုတတ်ကုန်သော ပါပဓမ္မနှင့် မယှဉ်သဖြင့် သမ္ပတရားတို့၏ ပေါ့ပါးခြင်း ဖြစ်သည်။[1]
(၁၃) ကာယမုဒုတာ
ကာယမုဒုတာဆိုသည်မှာ နာမကာယ၏ နူးညံ့ခြင်း ဖြစ်သည်။
(၁၄) စိတ္တမုဒုတာ
စိတ္တမုဒုတာဆိုသည်မှာ စိတ်၏ နူးညံ့ခြင်း ဖြစ်သည်။ နူးညံ့ခြင်း ဆိုသည်မှာ ကုသိုလ်မှုတို့၌ စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်းကို ပြုတတ်ကုန်သော ပါပဓမ္မတို့နှင့် မယှဉ်သဖြင့် သမ္ပယုတ်တရားတို့၏ နူးညံ့ပျော့ပျောင်းခြင်းကို ဆိုလိုသည်။[1]
(၁၅) ကာယကမ္မညတာ
ကာယကမ္မညတာဆိုသည်မှာ နာမကာယ၏ အမှု၌ ကောင်းခြင်း ဖြစ်သည်။[1]
(၁၆) စိတ္တကမ္မညတာ
စိတ္တကမ္မညတာဆိုသည်မှာ စိတ်၏ အမှု၌ ကောင်းခြင်း ဖြစ်သည်။ အမှု၌ ကောင်းခြင်းဆိုသည်မှာ ကုသိုလ်မှုတို့၌ စိတ်၏ မကောင်းမွန်မခံ့ညားခြင်းကို ပြုတတ်ကုန်သော ပါပါဓမ္မနှင့် မယှဉ်သဖြင့် သမ္ပယုတ်တရားတို့၏ ကောင်းမြတ်ခံ့ညားခြင်းကို ဆိုလိုသည်။ ကုသိုလ်မှု၌ မငြင်းဆန်ခြင်းကို ဆိုလိုသည်။[1]
(၁၇) ကာယပါဂုညတာ
ကာယပါဂုညတာဆိုသည်မှာ နာမကာယ၏ လေ့လာခြင်း ဖြစ်သည်။[1]
(၁၈) စိတ္တပါဂုညတာ
စိတ္တပါဂုညတာဆိုသည်မှာ စိတ်၏ လေ့လာခြင်း ဖြစ်သည်။ လေ့လာခြင်းဆိုသည်မှာ ကုသိုလ်မှုတို့၌ စိတ်၏ ထစ်ထစ်ငေါ့ငေါ့ ရှိခြင်းကို ပြုတတ်ကုန်သော ပါပဓမ္မတို့နှင့် မယှဉ်သဖြင့် သမ္ပယုတ်တရားတို့၏ သွက်လက်ကျေမွန်ခြင်းကို ဆိုလိုသည်။[1]
(၁၉) ကာယုဇုကထာ
ကာယုဇုကထာဆိုသည်မှာ နာမကာယ၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။[1]
(၂၀) စိတ္တုဇုကထာ
စိတ္တုဇုကထာဆိုသည်မှာ စိတ်၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ဖြောင့်မတ်ခြင်း ဆိုသည်မှာ ကုသိုလ်မှုတို့၌ စိတ်၏ ကောက်ကျစ်ခြင်းကို ပြုလုပ်ကုန်သော ပါပဓမ္မနှင့် မယှဉ်သဖြင့် သမ္ပယုတ်တရားတို့၏ ကောက်ကျစ်စဉ်းလဲမှု မရှိခြင်းကို ဆိုလိုသည်။ ။ သောတဏဆိုသည်မှာ တင့်တယ်ကောင်းမြတ်ခြင်းကို ဆိုလိုသည်။[1]
(၂၁) သမ္မာဝါစာ
သမ္မာဝါစာဆိုသည်မှာ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပတည်းဟူသော ဝစီဒုစရိုက်လေးပါးတို့မှ ကြဉ်ရှောင်ခြင်း ဖြစ်သည်။[1]
(၂၂) သမ္မာကမ္မန္တ
သမ္မာကမ္မန္တဆိုသည်မှာ ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရတည်းဟူသော ကာယဒုစရိုက်လေးပါးတို့မှ ကြဉ်ရှောင်ခြင်း ဖြစ်သည်။[1]
(၂၃) သမ္မာအာဇီဝ
သမ္မာအာဇီဝဆိုသည်မှာ မကောင်းသော အသက်မွေးမှုတို့မှ ကြဉ်ရှောင်ခြင်း ဖြစ်သည်။ ဝိရတိ ဆိုသည်မှာ ဒုစရိုက်မှ ကြဉ်ရှောင်ခြင်းကို ဆိုလိုသည်။[1]
(၂၄) ကရုဏာ
ကရုဏာဆိုသည်မှာ ဆင်းရဲနေသောသတ္တဝါကို တွေ့မြင်လျှင် သနားခြင်း၊ ကြင်နာခြင်း၊ ညှာတာခြင်း ထိုဆင်းရဲမှ ကယ်ဆယ်လိုခြင်း ဖြစ်သည်။[1]
(၂၅) မုဒိတာ
မုဒိတာဆိုသည်မှာ ချမ်းသာသောသတ္တဝါကို တွေ့မြင်လျှင် ဝမ်းသာခြင်း၊ ဝမ်းမြောက်ခြင်း ဖြစ်သည်။ ဤတရား (၂) ပါးကို အသီးသီး ကရုဏာဗြဟ္မဝိဟာရ မုဒိတာဗြဟ္မဝိဟာရတို့ဟူ၍လည်း ခေါ်သည်။[1]
အပ္ပမညာ ဆိုသည်မှာ လူသတ္တဝါ၊ တိရစ္ဆာန်တို့မှ စ၍ ခပ်သိမ်းသော သတ္တဝါတို့ကို အာရုံပြု၍ ဆင်းရဲသော သတ္တဝါတို့ကို သနားခြင်း၊ ချမ်းသာဖြစ်သောကြောင့် အပ္ပမာနေသု သတ္တသု ဘဝါတိ အပ္ပမညာ ဟူသည်နှင့်အညီ အပ္ပမညာ မည်၏။
ကိုးကား
- လယ်တီဆရာတော် (၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ တိုက် (၄)၊ အခန်း (၄၀၂)၊ ကျီတော်အိမ်ရာ၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ ရန်ကုန်မြို့: မိခင်ဧရာဝတီစာအုပ်တိုက်။ pp. ၃၅၊ ၂၆၊ ၃၇။
|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)