ကော့ဒငါး

ကော့ဒငါးသည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး ငါးတစ်မျိုးဖြစ်သည်။ ဤငါးကို ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ သမ ပိုင်းပင်လယ်များတွင် အမြောက်အမြား တွေ့ရသည်။ အထူး သဖြင့် ဥရောပတိုက် ပြင်သစ်နိုင်ငံနှင့် မြောက်အမေရိကတိုက် ဗာဂျင်းနီယားပြည်နယ်တို့၏ မြောက်ဘက်ကျသော အတ္တလန္တိတ် သမုဒ္ဒရာကမ်းခြေများတွင် အထူးပေါများသည်။ ကော့ဒ ငါးသည် ကိုယ်ထည်ခပ်ပြားပြားဖြစ်၍ အမြီးဘက်သို့ သွယ်ဆင်း သွားသည်။ ကျောပိုင်းနှင့် ကိုယ်နံဘေးတွင် အစိမ်းရောင် သန်းကာ အညိုစက်ကလေးများဖြင့် ပြည့်လျက်ရှိ၍ ဝမ်းပိုင်းမှာ ဖြူသည်။ သို့သော် ကျက်စားရာအရပ်ကိုလိုက်၍ အရောင်များ အနည်းငယ်ကွဲလွဲတတ်သည်။ ဆူးတောင်ရှည်လျား၍ မေးအောက်တွင် ငါးနှုတ်ခမ်းမွေးဟုခေါ်သော အမျှင်နှစ်ပင်ရှိသည်။

ကော့ဒငါး
Gadus morhua, Atlantic cod
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Actinopterygii
မျိုးစဉ်:
Gadiformes
မျိုးရင်း:
Gadidae
မျိုးစု:
Gadus

Linnaeus, 1758 [1]
Species
  • Gadus macrocephalus
  • Gadus morhua
  • Gadus ogac
  • Gadus chalcogrammus

သာမန်အရွယ်ရောက်ပြီးသော ကော့ဒငါးသည် အလျား ၂ ပေ ကျော်မျှ ရှည်သည်။ သို့သော် အလျား ၆ ပေ၊ အလေးချိန် ပေါင် ၁ဝဝ ကျော်ရှိသည့် ကော့ဒငါးများကိုလည်း တစ်ခါ တစ်ရံ တွေ့ရတတ်၍၊ တစ်ခါက အလေးချိန် ပေါင် ၄ဝဝ ခန့် စီးသော ကော့ဒငါးကိုပင် ဖမ်းဆီးရမိဘူးလေသည်။ ဤငါးမျိုးသည် ပုစွန်၊ ကနန်း၊ ယောက်သွား၊ ငါးငယ် ကလေးများနှင့် ပင်လယ်ကျောက်ပွင့်အမျိုးမျိုးကိုစားသည်။ အလွန် အစားကြမ်းသည့်အတိုင်း ရေထဲ၌ တွေ့ရသမျှ ပစ္စည်း အားလုံးလိုလိုကို စားမျိုတတ်ရာ၊ ကော့ဒငါး၏ ဝမ်းပိုက် အတွင်းမှ ကတ်ကျေး၊ သံဗူး၊ ဓား၊ သားရေစ၊ မှန်စ၊ ကျောက် ခဲ၊ သော့တွဲစသည့် ပစ္စည်းမျိုးစုံတွေ့ရဘူးသည်။ အတ္တလန္တိတ် သမုဒ္ဒရာ မြောက်ပိုင်းကျသော ဥရောပကမ်းခြေ ဘက်ရှိ ကော့ဒငါးများသည် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ဥအုကြ၍၊ အမေရိကတိုက်ကမ်းခြေတွင် အောက်တိုဘာမှ ဇန်နဝါရီလအထိ အုကြသည်။ အရွယ်ရောက်ပြီးသော ကော့ ဒငါး တစ်ကောင်သည် ဥအုချိန်တစ်ချိန်အတွင်း၌ ဥပေါင်း ၃ သန်းမှ ၁ဝ သန်းအထိ အုနိုင်သည်။ သို့သော် ဥများသည် အလွန် သေးငယ်၍ ပင်လယ်ရေမျောဒိုက်များနှင့်အတူ ရေပေါ် တွင် ပေါလောပေါ်လျက်မျောနေတတ်ရာ ထိုသို့မျောနေစဉ် အချိန်တွင် လည်ကောင်း၊ ဥမှ ပေါက်စအရွယ်တွင် လည်း ကောင်း၊ အခြားငါးအမျိုးမျိုးနှင့် ပင်လယ်သတ္တဝါတို့၏ စား သောက်ခြင်းကို ခံရသောကြောင့်၊ ကော့ဒငါးအရေအတွက်သည် ထင်သလောက်များပြားလာခြင်း၊ လျင်စွာတိုးပွားလာခြင်းမရှိချေ။

ကော့ဒငါး၏အသားသည် အနည်းငယ်ကြမ်းတမ်း၍ အရသာမှာ ပြောပလောက်အောင်မကောင်းချေ။ သို့သော် အာဟာရ ဓာတ် နှင့်ပြည့်စုံခြင်း၊ လွယ်ကူစွာဆားနယ်နိုင်၊ အခြောက်လှန်းနိုင် ခြင်းတို့ကြောင့်၊ ယင်းတို့ကို နှစ်စဉ်နှစ်တိုင်း မြောက်မြားစွာ ဖမ်းဆီးပြီးနောက်၊ များသောအားဖြင့် အသားကို ဆားနယ်၍ ဖြစ်စေ၊ အခြောက်လှန်း၍ဖြစ်စေ၊ ရောင်းချကြသည်။

အသားသာမက ကော့ဒငါး၏အစိတ်အပိုင်းအားလုံးလိုလိုပင် အသုံးဝင်ပေသည်။ ကော့ဒငါး၏ အသည်းမှရသော အဆီသည် ဗီတာမင်ဒီဓာတ်၊ ထုံးဓာတ်နှင့် ဖော့စဖောရပ်တို့ဖြင့် များစွာ ကြွယ်ဝသောကြောင့် ဆေးဝါးဖက်တွင် များစွာ အဖိုးတန်သည်။

ဤအဆီကို ငါးကြီးဆီဟု လူသိများလေသည်။ စည်ဖောင်းများ မှလည်း ငါးစည်ဖောင်းကော်ကိုရနိုင်သည်။ ငါးခေါင်းနှင့် စား မကောင်းသော အသားများကိုမူ အခြောက်လှန်းပြီးသော် အချို့ တိုင်းပြည်များတွင် ကျွဲနွားစာအဖြစ်၎င်း၊ မြေဩဇာအဖြစ် လည်းကောင်း အသုံးပြုကြသည်။

ကော့ဒငါးကို အကြီးအကျယ်ဖမ်းဆီးရောင်းချကြသော တိုင်းပြည်များမှာ နော်ဝေး၊ ဆွီဒင်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ နျူးဖေါင်းလန်၊ အမေရိကန်ပြည်ထောင်စုနှင့် အလာစကာပြည် နယ်တို့ ဖြစ်ကြသည်။ ကော့ဒငါးသည် ရေနက်တွင် ကျက်စား သော ငါးမျိုးဖြစ်၍ ယင်းတို့ကို ဆွဲပိုက်များဖြင့်လည်းကောင်း၊ ငါးမျှားတန်များဖြင့်လည်းကောင်း ဖမ်းဆီးလေ့ရှိကြသည်။

[2]

ကိုးကား

  1. WoRMS (2011)။ Nicolas Bailly:Gadus FishBase World Register of Marine Species July 5, 2011 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.