ကံကျွေးချစနစ်

ဥရောပတိုက်တွင် ဂ ရာစုနှစ်မှ ၁၀ ရာစုနှစ်အတွင်း ကံကျွေးချစံနစ်သည် တဖြည်းဖြည်းအကောင်အထည် ပေါ်လာလေသည်။ ကံကျွေးချစံနစ် ပထမဦးဆုံးပေါက်ပွားရာနှင့် စနစ်တကျထွန်းကားဆုံးဒေသမှာ ပြင်သစ်နိုင်ငံပင် ဖြစ်လေသည်။ သို့ရာတွင် အခြားအနောက်ဥရောပနိုင်ငံများတွင် ကံကျွေးချစနစ်သည် အသွင်တမျိုးမျိုးဖြင့် ပေါ်ပေါက်ခဲ့ရာ ၁၃ ရာစုနှစ်အထိ အထူးတိုးတက် ထွန်းကားခဲ့သည်။ ဥရောပတိုက်တွင် အလယ်ခေတ်၌ ကံကျွေးချစနစ် ထွန်းကားနေသကဲ့သို့ အင်္ဂလန်တွင်လည်း နော်မန်မင်းများ ရောက်လာအုပ်စိုးသည့်အချိန်မှ အစပြု၍ ကံကျွေးချစနစ်သည် အမြစ်တွယ်ခဲ့လေသည်။ ဥရောပတိုက်တွင် ထိုအချိန်အခါက မြောက်နှင့်အရှေ့အရပ်မှ ရိုင်းစိုင်းသောလူအမျိုးမျိုးတို့ ဝင်ရောက်တိုက်ခိုက်ဒုက္ခပေးလာခါစဖြစ်ရာ အအုပ်အထိန်းရှိနိုင်သမျှရှိအောင် ပြုလုပ်ရာမှ ကံကျွေးချစနစ် ပေါ်ပေါက်ခဲ့၏။ ကံကျွေးချစနစ်မှာ ကိုယ့်ဘက်တော်သားဖြစ်အောင် သစ္စာခံစေပြီးမှ မြေငှား၍ အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်တမျိုး ဖြစ်ပေသည်။
သို့သော် ကံကျွေးချစနစ်ကို အုပ်ချုပ်ရေးစနစ်တခုဟု ဆိုခြင်းထက် နေထိုင်ဆက်ဆံမှု စနစ်တခုဟုဆိုက ပို၍မှန်ကန်ပေမည်။ ကံကျွေးချစနစ်အရ ရှင်ဘုရင်သည် နိုင်ငံအလုံးကိုထာဝရဘုရားသခင်က ပေးသနား တော်မူသောကြောင့် အုပ်စိုးရ၍ မြေယာအားလုံး၏ ပိုင်ရှင်ဖြစ်သည်ဟု ဆိုလေသည်။ အဓိကမြေရှင်ကြီး ဖြစ်သော ရှင်ဘုရင်သည် မြေယာများကိုခွဲဝေပြီးလျှင် သူ၏ဆွေတော်မျိုးတော်များနှင့် နောက်လိုက်နောက်ပါ အခြွေအရံမှူးကြီးမတ်ရာများအား သစ္စာခံယူစေပြီးနောက် ငှားရမ်းလေသည်။ ထိုသစ္စာခံ မြေရှင်ကြီးများသည် ဝင်ရောက်တိုက်ခိုက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန်၊ ခိုင်ခံ့လှသော ကိုယ်ပိုင်ရဲတိုက်ကြီးများ တည်ဆောက်ထားလေသည်။ အခြွေအရံလည် ပေါများသည်။ သူတို့သည် အနီးအနားတဝိုက်တွင် ဘုရင်ကလေးတဆူတဖွယ် ဩဇာလွှမ်းမိုးသူများဖြစ်ကြသည်။ မြေရှင်ကြီးများက တဖန် မိမိတို့ရရှိသော မြေများကို ခွဲဝေ၍ မိမိထက် အင်အားငယ်သောသူများအား သစ္စာခံယူစေပြီးလျှင် ငှားရမ်းပြန်လေသည်။ မြေရှင်ကြီးများသည် ဘုရင့်သစ္စာတော်ခံများဖြစ်သကဲ့သို့ ထိုသူတို့သည်လည်း မြေရှင်ကြီးများ၏ သစ္စာခံများ ဖြစ်လာကြသည်။ ထို့ပြင် သူတို့်သည် မြေရှင်ကြီးများကဲ့သို့ပင် ခိုင်ခံ့သော ရဲတိုက်ကြီးများကို ပိုင်ဆိုင်၍ အနီးအနားတဝိုက်တွင် မင်းမူနေသူများ ဖြစ်၏။ သူတို့ကတဆင့် မြေကို ခွဲဝေ၍ အထက်နည်းအတိုင်း ငှားရမ်းပြန်သည်။ ထိုသို့မြေများကို အဆင့်ဆင့် ငှားရမ်းသွားကြရာ နောက်ဆုံးအဆင့်တွင်ရှိသော သစ္စာခံ၍ မြေငှားယူသူများမှာ စားနိုင်သောက်နိုင်ရုံမျှသာ ရှိလေသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.