ကံကြမ္မာနတ်ဘုရား ခုနစ်ပါး
ကံကြမ္မာနတ်ဘုရား ခုနစ်ပါး (ဂျပန်: 七福神 Shichifukujin) သည် ဂျပန် နိုင်ငံတွင် ကိုးကွယ်သော ကံကောင်းမှုနှင့် သက်ဆိုင်သည့် နတ်ဘုရား ခုနစ်ပါး အုပ်စု ဖြစ်သည်။ အဆိုပါ နတ်ဘုရားများသည် ကံကြမ္မာကောင်းများကို ဆောင်ကြဉ်းပေးနိုင်သည်ဟု ဂျပန်များက ယုံကြည်ကြသည်။ ၎င်းနတ်ဘုရား ခုနစ်ပါး၏ ပုံတော်ကို အိမ်တို့တွင် အမြတ်တနိုးဖြင့် ချိတ်ဆွဲပူဇော်ထားကြသည်။
ကံကြမ္မာနတ်ဘုရား ခုနစ်ပါးဟုဆိုသော်လည်း နတ်ခုနှစ်ပါးစလုံးသည် ဂျပန်နတ်ဘုရားများ မဟုတ်ပေ။ ဂျပန်နတ်စစ်စစ်ဆို၍ အဲဘီဆု တစ်ပါးသာ ပါသည်။ အများစုမှာ ဟိန္ဒူဘာသာမှ ဆင်းသက်လာသော နတ်ဘုရားများ၊ တောက် (Tao) ဘာသာမှ နတ်ဝိဇ္ဇာများသာ ဖြစ်ကြသည်။
ကံကြမ္မာနတ်ဘုရား ခုနစ်ပါးကို ပထမဆုံး ဖန်တီးခဲ့သူမှာ ဘုန်းတော်ကြီး တန်ကိုင် (Tenkai) ဖြစ်သည်။ သူသည် ရှိုဂွန်အမတ် အိအဲမိစု တိုကူဂါဝါနှင့် ဆွေးနွေး၍ နတ်ဘုရား ခုနစ်ပါးကို ရွေးထုတ်ကာ ကံကြမ္မာနတ်ဘုရား ခုနစ်ပါးဟု အမည်ပေးလိုက်သည်။ ၎င်း နတ်ဘုရား ခုနစ်ပါးသည် သက်တမ်းကြာရှည်မှု၊ ကံကောင်းမှု၊ လူကြိုက်များမှု၊ ရိုးသားမှု၊ ကြင်နာ သနားမှု၊ ဂုဏ်သိက္ခာ၊ သဘောထားကြီးမှု ဟူသော အရည်အသွေး ၇မျိုးကို ကိုယ်စားပြုကြသည်။
ကံကြမ္မာနတ်ဘုရား ခုနစ်ပါးသည် နှစ်သစ်ကူး ကာလတိုင်းတွင် ရတနာသင်္ဘောစီး၍ ကောင်းကင်မှ ဆင်းကာ လူ့ပြည်ကို လေ့လာတတ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ကံကြမ္မာ နတ်ဘုရား ခုနစ်ပါးကို ရတနာသင်္ဘော စီး၍ ငါးဖမ်းနေဟန်ဖြင့်လည်း ရေးဆွဲကြလေသည်။
အဲဘီဆု(ဂျပန်ဘာသာ: 恵比寿 Ebisu)
ပထမ ကံကြမ္မာ နတ်မင်း အဲဘီဆုသည် တံငါသည် တို့ကို အထူးစောင်မသော နတ်ဖြစ်သည်။ ထို့ကြောင့် အဲဘီဆုကို တံငါသည်တို့၏ ဝတ်စားဆင်ယင်ပုံ အတိုင်း ဝတ်ဆင်၍ လက်တစ်ဖက်က ငါးမျှားတံ၊ လက်တစ်ဖက်က ငါးကြီး တစ်ကောင်ကို ကိုင်ဆောင် ထားဟန် ရေးဆွဲကြသည်။
အဲဘီဆုသည် စီးပွားရေး ကြွယ်ဝချမ်းသာမှု၊ ကောက်ပဲသီးနှံ ပေါကြွယ်ဝမှု၊ စားနပ်ရိက္ခာ ပေါများမှုတို့ကို ဖြစ်စေသော နတ်ဖြစ်သည်။
ဂျပန်ဒဏ္ဍာရီအရ အဲဘီဆုသည် အီဇာနာဂီ နတ်ဘုရားနှင့် အီဇာနာမီ နတ်ဘုရားမတို့၏ သားဦး ဖြစ်သည်။ သို့သော် အရိုးများ မပါဘဲ မွေးလာခဲ့သဖြင့် မိဘနှစ်ဦးက ကျူရိုးဖောင်မှာ တင်၍ ပင်လယ်ထဲ မျှောချလိုက်ကြောင်း ရေးသားထားသည်။
ဒိုင်ကိုကုတန်(ဂျပန်ဘာသာ: 大黒天 Daikokuten)
ဒုတိယ ကံကြမ္မာ နတ်မင်း ဒိုင်ကိုကုတန်သည် ပုသေးသော ခန္ဓာရှိသည်။ သူသည် အမဲရောင် ဦးထုပ်ကို ဆောင်းထားပြီးလျှင် သူ၏ မျက်နှာသည် အမြဲ ပြုံးရွှင်နေသည်။ သူ၏ လက်ထဲတွင် "ဥချီဒဲ နို ကိုဇူချီ" အမည်ရှိ ရွှေရောင် ကံကြမ္မာ မှော်တင်းပုတ် ကို ကိုင်ထားသည်။ သူ၏ ပခုံး ထက်တွင်လည်း ရတနာအိတ်ကို ထမ်းထားသည်။ ဒိုင်ကိုကုတန် နတ်မင်းအား ဆန်အိတ်များထက်တွင် မတ်တတ်ရပ်နေပုံဖြင့် သရုပ်ဖော်ကြသည်။
ဒိုင်ကိုကုတန် နတ်မင်းသည် ကုန်သွယ်ရေး နှင့် ကြွယ်ဝချမ်းသာမှုများကို ကိုယ်စားပြုသည်။ ထို့အပြင် စားဖိုမှူး၊ လယ်သမား၊ ဘဏ်လုပ်ငန်းရှင်များကို စောင့်ရှောက်သောနတ်၊ ကောက်ပဲသီးနှံများ မပျက်စီးရအောင် စောင့်သောနတ်၊ မိစ္ဆာများကို နှိမ်နင်းသော နတ်လည်း ဖြစ်သည်။
အမှန်တွင်မူ ဒိုင်ကိုကုတန်သည် ဂျပန်နတ်စစ်စစ် မဟုတ်ပေ။ သူ၏ မူရင်းမှာ အိန္ဒိယပြည်မှ ဟိန္ဒူ ဘုရား "မဟာကာလ ခေါ် သီဝ (ၐီဝ) နတ်မင်း" ဖြစ်သည်။ ၎င်း မဟာကာလဘုရားသည် မဟာယာန ဗုဒ္ဓဘာသာတွင် ရောပါသွားပြီး ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။ ယင်းနတ်မင်းကို ကိုးကွယ်မှု အလေ့အထသည် ဗုဒ္ဓဘာသာနှင့် အတူ တရုတ်၊ ကိုရီးယား၊ ဂျပန်သို့တိုင်အောင် ပျံ့လာခဲ့ခြင်း ဖြစ်သည်။
ဘီရှာမွန်တန် (ဂျပန်ဘာသာ: 毘沙門天 Bishamonten)
တတိယ ကံကြမ္မာ နတ်မင်း ဘီရှာမွန်တန်သည် နတ်စစ်သူကြီး ဖြစ်ပြီး စစ်ဝတ်တန်ဆာများဖြင့် ရေးဆွဲဖော်ပြကြသည်။ သူ၏ ဘယ်လက်တွင် စေတီ တဆူကို ကိုင်ထားပြီး ညာလက်ဖြင့် လှံတံ တစ်ခုကို ကိုင်ဆောင်ခါးသည်။ စေတီကို ကိုင်ထားခြင်းမှာ ဗုဒ္ဓ ဘာသာကို ကာကွယ်စောင့်ရှောက်သည့် နတ်ဖြစ်ကြောင်း ဖော်ပြသည်။ လှံတံကို ကိုင်ထားခြင်းမှာ မိစ္ဆာနတ်ဆိုးများကို နှိမ်နင်းရန်အတွက် ဖြစ်သည်။
ဘီရှာမွန်တန် နတ်မင်းသည် စစ်ပွဲများနှင့် ဆက်နွှယ်နေသော စစ်နတ်ဘုရား ဖြစ်သည်။ စစ်ပွဲများအတွင်း ကံကောင်းခြင်းများ ရရှိစေရန် စောင်မပေးသည်။ စစ်နတ်ဘုရား ဘီရှာမွန်တန်သည် စစ်သည်တော်များ ကို ကာကွယ် စောင့်ရှောက်ပေးသည်။
ဘီရှာမွန်တန် နတ်မင်းသည်လည်း အိန္ဒိယပြည်ဖြစ် နတ်တစ်ပါး ဖြစ်သည်။ ဟိန္ဒူ ဘာသာနှင့် ဗုဒ္ဓ ဘာသာတွင် ထင်ရှားသော နတ်ဖြစ်ပြီး "ဝေဿဝဏ် သို့မဟုတ် ကုဝေရ နတ်မင်း" ဟုခေါ်သည်။ ဗုဒ္ဓ ဘာသာ ကျမ်းစာများအရ လောကကို စောင့်ရှောက်သော စတုလောကပါလ နတ်လေးပါး အဝင် ဖြစ်သည်။ နောက်အခါ မဟာယာန ဗုဒ္ဓဘာသာနှင့် အတူ ဂျပန်သို့ ရောက်လာပြီး ဘီရှာမွန်တန် အမည်ဖြင့် ထင်ရှားလာသည်။
ဘန်ဇိုင်တန် (ဂျပန်ဘာသာ: 弁才天 Benzaiten)
စတုတ္တမြောက် ကံကြမ္မာ နတ်သမီး ဘန်ဇိုင်တန်သည် ဂျပန်ပြည်တွင် လူသိများသော နတ်သမီးဖြစ်ပြီး ဘန်တန် (Benten-弁天) ဟုလည်း ခေါ်သည်။ဘန်ဇိုင်တန် နတ်သမီးသည် ရုပ်ဆင်းပြေပြစ် ချောမော၍ ဂုဏ်သိက္ခာရှိ အမျိုးသမီး တစ်ယောက်၏ အသွင် ရှိသည်။ ဘန်ဇိုင်တန် နတ်သမီးသည် ဂီတကို ကိုယ်စားပြုသည့်အနေနှင့်"ဘီဝါ" တူရိယာကို ကိုင်ဆောင်ထားပြီး အနားတွင် မြွေဖြူ တစ်ကောင်က ခစား စောင့်ရှောက်နေသည်။
ဘန်ဇိုင်တန် နတ်သမီးသည် အနုပညာနှင့် ဆက်နွှယ်နေသော နတ်ဖြစ်သည်။ ထို့အပြင် စီးပွားရေး ဆိုင်ရာ လာဘ်လာဘ၊ စွမ်းရည်၊ ရုပ်ဆင်းလှပမှု၊ ဂီတ တို့ကိုလည်း ကိုယ်စားပြုသည်။ အနုပညာသည်များ၊ စာရေးဆရာများ၊ ကချေသည်များ၊ ဂေးရှားမယ် စသည့် အနုပညာနှင့် ပတ်သက်နေသူများကို အထူးစောင်မသည်။
ဘန်ဇိုင်တန် နတ်သမီး၏ မူရင်းဇစ်မြစ်မှာ အိန္ဒိယမှ ဖြစ်ပြီး အနုပညာ နတ်သမီး သူရဿတီ (သက္ကတ - သရသွတီ) ဟု လူသိများသည်။ ၎င်းသူရဿတီ နတ်သမီးသည် မဟာယာန ဗုဒ္ဓဘာသာနှင့်အတူ ရောပါသွားပြီး တရုတ်၊ ကိုရီးယားမှသည် ဂျပန်အထိ ပြန့်နှံ့သွားခဲ့သည်။
ဂျူရိုဂျင်း (ဂျပန်ဘာသာ: 寿老人 Juroujin)
ပဉ္စမမြောက် ကံကြမ္မာ နတ်မင်း ဂျူရိုဂျင်းသည် တရုတ်ပြည်မှ နတ်ဝိဇ္ဇာ တစ်ပါး ဖြစ်၍ သမိုင်းထဲတွင် အမှန်တကယ် ရှိခဲ့သော သူဟုလည်း ဆိုကြသည်။ သူသည် တောက် (Tao) ဘာသာမှ နန်ကျီ လောက်ရန် နတ် ဝင်စားသူ ဟုလည်း ယူဆကြသည်။
ဂျူရိုဂျင်းသည် အသက်ရှည်မှု ကို ကိုယ်စားပြုသော နတ်ဖြစ်သဖြင့် သက်ကြီးရွယ်အို တစ်ယောက်၏ အသွင်ဖြင့် ရေးဆွဲကြသည်။ သူသည် အရပ် ၁.၈၂ မီတာမျှ ရှိပြီးလျှင် ရှည်လျားသော ဦးခေါင်းနှင့် ရှည်လျားသော မုတ်ဆိတ်ဖြူ ရှိသည်။ သူ၏ လက်ထဲတွင် တောင်ဝှေးနှင့် စာလိပ်တခု ရှိနေပြီး ယင်းစာလိပ်ထဲတွင် ကမ္ဘာတခုလုံးမှ သက်ရှိများ၏ သက်တမ်းကို ရေးထားလျက် ရှိနေသည်။ သူ၏ အနားတွင် အသက်ရှည်ခြင်း၏ သင်္ကေတ အဖြစ် သမင် တစ်ကောင် အမြဲပါသည်။ ရံဖန်ရံခါ ကြိုးကြာ နှင့် လိပ်များကိုပါ ထည့်သွင်းရေးဆွဲကြလေသည်။
ဟိုတဲ (ဂျပန်ဘာသာ: 布袋 Hotei)
ဆဋ္ဌမမြောက် ကံကြမ္မာနတ်မင်း ဟိုတဲသည် ထင်ရှားကျော်စောမှုကို ကိုယ်စားပြုပြီး ကလေးများကို စောင့်ရှောက်သူလည်း ဖြစ်သည်။
ဟိုတဲသည် အမှန်တွင် ဈာန်ဗုဒ္ဓဘာသာ ဘုန်းကြီး ဖြစ်သည်။ သူသည် ဝဖြိုးသော ခန္ဓာ ရှိပြီး သူ၏ မျက်နှာမှာ အမြဲ ပြုံးရွှင်နေသည်။ ဟိုထဲ၏ ခန္ဓာသည် ဝလွန်းသဖြင့် အဝတ် သင်္ကန်းများသည် သူ၏ ဗိုက်ကို မဖုံးနိုင်ဘဲ ရှိသည်။ သူ၏ ပုခုံးတွင် အိတ်ကြီး တစ်ခုကို လွယ်ထားပြီး ယင်းအိတ်ထဲတွင် ကံကောင်းခြင်း လက်ဆောင်များ ထည့်ထားသည်ဟု ဆိုသည်။ သူ့ကို ယုံကြည် ကိုးကွယ်သူများကို ယင်းလက်ဆောင်များ ပေးတတ်လေသည်။
ဟိုတဲ၏ မူလဇစ်မြစ်မှာ တရုတ်ပြည်မှ ဖြစ်ပြီး "ပုတိုက်" ဟူသော အမည်ဖြင့် ထင်ရှားသည်။ ပုတိုက် သည် သမိုင်းထဲတွင် အမှန်တကယ် ရှိခဲ့သော ပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ အမည်ရင်းမှာ ခိုက်ရှီ ဖြစ်၍ အေဒီ ၁၀ရာစု ဝန်းကျင်က တရုတ်ပြည်မှာ နေခဲ့သည်။
ပုတိုက် ဘုန်းကြီးသည် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ဆန်း ဖြစ်၏။ အဝတ်များ ထည့်ထားသော အိတ်ကြီး တစ်လုံးကို လွယ်၍ ခြေဦးတည့်ရာသို့ လျှောက်၍ သွားနေတတ်သည်။ ကြုံသည့်နေရာတွင် ကြုံသလို အိပ်သည်။ သို့သော် ပုတိုက်သည် တန်ခိုးရှိသော ပုဂ္ဂိုလ်ဖြစ်လေရာ ချမ်းအေးသော ဆောင်းရာသီ တွင်ပင် နှင်းကိုက်ခြင်း ဝေဒနာများ မဖြစ်ခဲ့ပေ။
သူသည် ကလေးချစ်တတ်သူလည်း ဖြစ်သဖြင့် သွားလေရာရာတွင် ကလေးများနှင့် ရယ်ရယ်မောမော ပျော်ပျော်ပါးပါး နေတတ်သည်။ ထို့အပြင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ဆန်း ပုတိုက်သည် လူအများ၏ ကံကြမ္မာ များကို ကြိုတင်ဟောပြောခဲ့လေသည်။ ရာသီဥတု အခြေအနေတို့ကိုလည်း ဟောပြောနိုင်ခဲ့သည်။
ပုတိုက်သည် အေဒီ ၉၁၆တွင် ပျံလွန်ပြီး မပျံလွန်ခင် သူသည် လူ့ပြည်သို့ ခေတ္တ ဝင်စားလာသော အရိမေတ္တယျ (သက္ကတ - မဲတြေယ) ဘုရားလောင်း ဖြစ်ကြောင်း စာချန်ထားရစ်ခဲ့သည်။ထို့ကြောင့် လူအများက ပုတိုက်ကို ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် အဖြစ် ကိုးကွယ် ပူဇော်လာကြသည်။
ဖုကုရိုကုဂျု (ဂျပန်ဘာသာ: 福禄寿 Fukurokuju)
နောက်ဆုံး ကံကြမ္မာနတ်မင်းမှာ ဖုကုရိုကုဂျု ဖြစ်ပြီး အသိပညာ၊ ကံကြမ္မာ၊ အသက်ရှည်ခြင်း၊ ဓနဥစ္စာ၊ ပျော်ရွှင်မှုတို့ကို ကိုယ်စားပြုသည်။ သူ၏ နာမည် ကိုပင် ခွဲခြမ်းစိတ်ဖြာပါက (ဖုကု-ပျော်ရွှင်ခြင်း) (ရိုကု-ကြွယ်ဝခြင်း) (ဂျု-အသက်ရှည်ခြင်း) ဟူသည့် အဓိပ္ပါယ် ၃မျိုး ထွက်လေသည်။ ဖုကုရိုကုဂျု နတ်ဝိဇ္ဇာသည် စစ်တုရင် ထိုးခြင်းကို နှစ်သက်ပြီး စစ်တုရင် သမားတို့ကို စောင်မသူလည်း ဖြစ်သည်။
ဖုကုရိုကုဂျုသည် ဂျပန်နတ်စစ်စစ် မဟုတ်ပဲ တရုတ်ပြည်ဖြစ် နတ်တစ်ပါး ဖြစ်သည်။ သူသည် နတ်မဖြစ်ခင် လူဘဝက တရုတ်ပြည် စုန့်မင်းဆက်ခေတ်တွင် ရသေ့ ဖြစ်ခဲ့ဖူးသည်ဟု ဆိုသည်။ တောက် ဘာသာမှ ရွှမ်းဝူ နတ်ဘုရား ဝင်စားသူ ဟုလည်း ဆိုကြပြန်သည်။ ထို့အပြင် ဖုကုရိုကုဂျုသည် အစာ မစားဘဲ နေနိုင်ခြင်း၊ သေသူကိုပင် အသက်ပြန်ရှင်စေနိုင်ခြင်း စသည့် တန်ခိုးသိဒ္ဓိများ ရှိလေသည်။
ဖုကုရိုကုဂျု သည် ကြီးမားသော ဦးခေါင်း၊ ပြောင်သော နဖူး၊ ရှည်သော နှုတ်ခမ်းမွှေး ရှိပြီး လက် တစ်ဖက်တွင် စာလိပ်၊ နောက်တစ်ဖက်တွင် ကြိုးကြာငှက်ကို ကိုင်ထားသည်။ ရံဖန်ရံခါ အသက် ရှည်ခြင်းကို ကိုယ်စားပြုသည့် သမင်၊လိပ် စသော သတ္တဝါများကိုပါ ထည့်သွင်းရေးဆွဲကြသည်။
ကီချီဂျိုတန်(ဂျပန်ဘာသာ:吉祥天 Kichijōten)
ကံကြမ္မာ နတ်ဘုရား ခုနစ်ပါးကို ဖော်ပြရာ၌ တခါ တရံတွင် ဖုကုရိုကုဂျုကို ပယ်၍ သူ၏ နေရာတွင် ကီချီဂျိုတန် နတ်သမီးဖြင့် အစားထိုး ဖော်ပြကြသည်။ ကီချီဂျိုတန် နတ်သမီးသည် အလှတရား၊ ပျော်ရွှင်မှု၊ မျိုးဆက် ပွားများမှုတို့ကို ကိုယ်စားပြုသည်။ ကီချီဂျိုတန် နတ်သမီး၏ လက်ထဲတွင် စိတ်အလိုကို ပြည့်စေသော နျိုအိဟိုဂျု (စိန္တာမဏိ) ရတနာကို ကိုင်ဆောင်ထားသည်။
ကီချီဂျိုတန် နတ်သမီး၏ မူလဇစ်မြစ်မှာ အိန္ဒိယ နိုင်ငံမှ လက်ရှမိ (သက္ကတ-လက္ၑမီ) မယ်တော် ဖြစ်သည်။ နောင်အခါ မဟာယာန ဗုဒ္ဓဘာသာဖြင့် ရောပါသွားပြီး တရုတ်၊ ကိုရီးယား၊ ဂျပန် ပြည်အထိ ရောက်သွားသည်။ မဟာယာန ဗုဒ္ဓဘာသာ ကျမ်းစာများတွင် သီရိမဟာဒေဝီ(သက္ကတ-ၐြီမဟာဒေဝီ)ဟုလည်း ရေးသားသည်။