ကျောက်စိမ်း

ကျောက်စိမ်းဟု ပြောဆိုခေါ်ဝေါ်နေကြသော်လည်း ယေဘုယျအားဖြင့် ဂျေဒိုက် (Jadeite) နှင့် နက်ဖရိုက်(Nephrite) ဟူ၍ ကျောက်စိမ်းနှစ်မျိုးရှိသည်။ ဤနှစ်မျိုးသည် အမြင်အားဖြင့် ခပ်ဆင်ဆင် တူသော်လည်း စင်စစ်တွင် တစ်ခုနှင့်တစ်ခု လုံးဝ ကွဲပြားခြားနားသည်။ ယင်းကွဲပြားမှုကို ပြင်သစ်လူမျိုး သိပ္ပံပညာရှင် ဒမား (Damur) ဆိုသူက စနစ်တကျ ခွဲခြားပြသခဲ့၏။ အဆိုပါကျောက်စိမ်းနှစ်မျိုးတွင် ဂျေဒိုက်ကျောက်စိမ်းသည် ပိုမိုကောင်းမွန်လှပပြီး ပိုရှားပါးသည့် အမျိုးအစားဖြစ်သည်။

ကျောက်စိမ်းအရိုင်းတုံး

သမိုင်းကြောင်း

ကျောက်စိမ်းကို သမိုင်းမတင်မီ ခေတ်များကပင် လူသားတို့ အသုံးပြုခဲ့ကြောင်း သိရှိရပေသည်။ ကနဦးကျောက်စိမ်းကို ယင်း၏ မာကျောသောသတ္တိကြောင့် ကျောက်လက်နက် တန်ဆာပလာများအဖြစ် အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ယဉ်ကျေးမှု တဖြည်းဖြည်း ထွန်းကားလာသောအခါ လူသားတို့သည် ကျောက်စိမ်းကို အလှအပ အဆင်တန်ဆာပလာ ပစ္စည်းများအဖြစ် သုံးစွဲလာကြသည်။ တရုတ်ပြည်တွင်မူ ကျောက်စိမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၄၀ဝ၀ ခန့်ကပင် အကြီးအကျယ် သုံးစွဲခဲ့ကြသည်။ ထိုခေတ်က တရုတ်လူမျိုးတို့သည် ကျောက်စိမ်းရုပ်တုများကို အဆောင်အယောင်သဖွယ် သုံးစွဲခဲ့ကြပြီး သေဆုံးသောအခါ ယင်းကျောက်စိမ်းများနှင့်အတူ ဂူသွင်းလေ့ရှိသည်။

တရုတ်လူမျိုးများသည် ကျောက်စိမ်းကို ကျောက်များအားလုံး၏ အချုပ်အခြာ အကြီးအကဲကျောက်မျက်အဖြစ် မှတ်ယူကြသည်။ ယင်းကျောက်စိမ်း ကျောက်မျက်ကို ဆင်မြန်းသူတိုင်းတွင် သဒ္ဓါရက်ရောခြင်း၊ ရဲစွမ်းသတ္တိနှင့်ပြည့်စုံခြင်း၊ တရားမျှတသော စိတ်ဓာတ်ရှိခြင်း၊ မိမိကိုယ်မိမိ နှိမ့်ချသော နိဝါတ တရားရှိခြင်း၊ အသိအလိမ္မာ ဉာဏ်ပညာ ကြီးမြင့်ခြင်း စသော ဂုဏ်အင်္ဂါကြီး ငါးရပ်နှင့် ပြည့်စုံသည်ဟု အယူရှိသည်။

တရုတ်လူမျိုးများ၏ ကျောက်စိမ်းနှင့် ပတ်သက်၍ ယုံကြည်ထားသော ရှေးဟောင်းပုံပြင်တစ်ပုဒ်မှာ ကျောက်စိမ်းကို ကောင်းကင်နတ်မင်းက လူသားတို့အား ပေးသော လက်ဆောင်ဟူ၍ ယူဆကြသည်။ တရုတ်လူမျိုးတို့၏ ယုံကြည်ချက်အရ ယူဟန်းဟုခေါ်သော ကျောက်စိမ်းနတ်သားသည် ကောင်းကင်ဘုံ တောင်ထွတ်ပေါ်တွင် တောင်ခြေတွင် ကျောက်စိမ်းပင်များ ပေါက်ရောက်သည်ဆို၏။ တရုတ်တို့၏ တာအို (Taoiam) ဘာသာတွင် ကျောက်စိမ်းကို အဖိုဟု အဓိပ္ပါယ်ရသော “ယန်” (Yang) ဟူသော စကားဖြင့် ခေါ်ဆိုကြ၏။

တရုတ်လူမျိုးများသည် ကျောက်စိမ်းကိုအသုံးပြုဝတ်ဆင်လျှင် ၎င်းကျောက်စိမ်းသည်ဝတ်ဆင်အသုံးပြုသူပိုင်ရှင်အား အန္တာရယ်မှကာကွယ်ပေးခြင်း၊ ပိုင်ရှင်၏ကျန်းမာရေးကိုကောင်းအောင် စောင့်လျှောက်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ကျောက်စိမ်းကိုတရုတ်လူမျိုးများသည် ကံကောင်းခြင်းကိုယူဆောင်လာပြီး ကံဆိုးခြင်းများကိုကာကွယ်တားဆီးပေးနိုင်သည်ဟု ယုံကြည်ကြသည်။

တရုတ်လူမျိုးများသည် ကျောက်စိမ်းကို ကမ္ဘာပေါ်တွင် ပထမဦးဆုံးစတင်အသုံးပြုခဲ့သည့်လူမျိုးများဖြစ်ကြသည်ကို ရှေးနှစ်ပေါင်းလေးထောင်ကျော်စဉ်တွင် ၎င်းတို့အသုံးပြုခဲ့ကြသောကျောက်စိမ်းပန်းပုများ၊ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင်၊ လက်ဝတ်ရတနာများကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ထို့ကြောင့် ကျောက်စိမ်းကိုတရုတ်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်အသိအမှတ်ပြုကြပြီး ကမ္ဘာပေါ်တွင်မည်သည့်လူမျိုးထက်မဆို ကျောက်စိမ်းကိုပို၍ တန်ဖိုးထားတက်ကြသည်။

တရုတ်လူမျိုးများသည် ကမ္ဘာပေါ်တွင်မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်ဒေသမှ ၉၅ရာခိုင်နှုန်းအထိအဓိကထွက်သော ဂျေဒိုက်ကျောက်စိမ်းကို [[翡翠|Fěicuì]]သို့မဟုတ် [[硬玉|Yìngyù]] ဟုခေါ်ဆိုပြီး တရုတ်ပြည်နှင့်အခြားအရှေ့အလယ်ပိုင်းဒေသများတွင်ထွက်ရှိသော နက်ဖရိုက်ကျောက်စိမ်းများကို [[软玉|Ruǎn yù]] ဟုခေါ်ဆိုပါသည်။

တရုတ်ပြည်တွင် ဂျေဒိုက်ကျောက်စိမ်း မထွက်ရှိဘဲ နက်ဖရိုက်ကျောက်စိမ်းသာ ထွက်ရှိသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆင်ကျန်ပြည်နယ်တွင် နက်ဖရိုက်ကျောက်စိမ်းများကို ရှေးနှစ်ပေါင်းများစွာကပင် တူးဖော်ခဲ့ကြသည်။ ထို့ကြောင့် တရုတ်ပြည်သည် မြန်မာနိုင်ငံမှ ထွက်ရှိသော ဂျေဒိုက်ကျောက်စိမ်းများအား ၁၈ ရာစုနှစ်များကပင် ဝယ်ယူတင်သွင်းခဲ့ကြသည်။

ဂျေဒိုက်နှင့် နက်ဖရိုက် ခြားနားချက်

ဂျေဒိုက်ကျောက်စိမ်း
နက်ဖရိုက်ကျောက်စိမ်း

ဂျေဒိုက်ကျောက်စိမ်းနှင့် နက်ဖရိုက်ကျောက်စိမ်းတို့၏ ခြားနားချက်များမှာ ယင်းကျောက်စိမ်းနှစ်မျိုးလုံးသည် ဖြစ်ပုံ ရင်းမြစ် အနေအထား အသွင်ပြောင်းကျောက်များ ရှိရာ ဝန်းကျင်၌ ဖြစ်ပေါ်ခဲ့ကြသော်လည်း တွင်းထွက်အုပ်စုချင်းမတူဘဲ ဂျေဒိုက်ကျောက်စိမ်းသည် ပိုင်ရော့ဆင်း (Pyroxene) တွင်းထွက်အုပ်စုတွင် ပါဝင်၍ နက်ဖရိုက်ကျောက်စိမ်းသည် အမ်ပီဖိုး(Amphipole) တွင်းထွက်အုပ်စုတွင် ပါဝင်လေသည်။

ဂျေဒိုက်ကျောက်စိမ်းနှင့်နက်ဖရိုက်ကျောက်စိမ်းတို့၏ ခြားနားချက်များထဲမှ သိသာထင်ရှားပြီး အရေးအကြီးဆုံးသောတစ်ချက်မှာ ဂျေဒိုက်ကျောက်စိမ်းတွင် နေရောင်အောက်၌ယင်ကောင်၏အတောင်ပံကဲ့သို့စူးရှပြီး ရောင်ပြန်ဟပ်စေသောကမ္ဘာပေါ်တွင် မည်သည့်တွင်းထွက်တွင်မှမမြင်တွေ့နိုင်သော ယမ်းဆိုသည့်အလွှာပါရှိသည်။ နက်ဖရိုက်ကျောက်စိမ်းတွင် ကြွေကဲ့သို့သောစူးရှမှုအားနည်းသော အလွှာသာပါရှိချေသည်။ ဂျေဒိုက်ကျောက်စိမ်းများ၏အစိမ်းရောင်သည် ကြည့်ရှုသူအား ကြည်လင်အေးမြသောရေအောက်ထဲတွင် အစိမ်းရောင်ဖန်ပုလင်းကိုကြည့်နေရသကဲ့သို့သောရသမျိုးကို ပေးစွမ်းစေနိုင်ပြီး နက်ဖရိုက်ကျောက်စိမ်းများမှာမူ လေထဲတွင်ကြည့်နေရသကဲ့သို့သောရသမျိုးသာပေးစွမ်းနိုင်ချေသည်။

ဂျေဒိုက်ကျောက်စိမ်းသည် လက်ယှက်ထိုးအနေအထားမှာ ရှိသော ပုံဆောင်ခဲကလေးများဖြင့် ဖွဲ့စည်းထားသည်။ မျက်နှာပြင်တွင် ကျောက်ပေါက်မာကဲ့သို့သော ချိုင့်ခွက်ကလေးများ၊ အဖုအထစ်ကလေးများနှင့် ပြည့်နေသည်။ ၎င်းတို့ကို အဏုကြည့် ကိရိယာ မှန်ဘီလူးအောက်တွင် ကောင်းစွာ မြင်ရသည်။ နက်ဖရိုက်ကျောက်စိမ်းကား လက်ယှက်ထိုးအနေအထားရှိသော အမျှင်ကလေးများဖြင့် ဖွဲ့စည်းထားသည်။ အမျှင်အလိုက် အနေအထားရှိသည်။ အမဲဆီရောင် တောက်နေသော ရောင်လက်ရှိသည်။

ဂျေဒိုက်ကျောက်စိမ်းတွင် ခရမ်း၊ အနက်၊ အညို၊ အနီ၊ လိမ္မော်၊ အဝါ၊ အဖြူ၊ နို့နှစ်ရောင်နှင့် အစိမ်းရောင် အမျိုးမျိုးရှိသည်။ နက်ဖရိုက်ကျောက်စိမ်း၌ သစ်ရွက်စိမ်းရောင် အမျိုးမျိုး၊ မီးခိုးနှင့် အစိမ်းရောင်အမျိုးမျိုးရှိသည်။

ဂျေဒိုက်ကျောက်စိမ်းကို အပူပေးသောအခါ အရည်ပျော်၍ ပျော့ဖတ်အဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားသည်။ နက်ဖရိုက်ကျောက်စိမ်းသည် အလွယ်တကူ မပြောင်းလဲချေ။

ထို့ပြင် ဂျေဒိုက်ကျောက်စိမ်း၏ ထူးခြားချက်မှာ အပူရှိန်ပြင်း၍ ကြီးမားသော ဖိအားရှိသည့် မြေမျက်နှာပြင်အောက်ဘက် မိုင် ၂၀ မှ ၃၀ အထိ နက်သော အလွှာများတွင် ဖြစ်ပေါ်လေ့ရှိသည်။ ဂျေဒိုက်ကျောက်စိမ်း အပေါ်ယံအခွံအကာများအား ဖဲ့ထုတ်လိုက်သည့်အခါမှ အစိမ်းရောင် ကျောက်ကြောများဖြင့် ပေါင်းစပ်ထားသည့် ကျောက်စိမ်း၏ အတွင်းပိုင်းကို မြင်ရသည်။ မြန်မာနိုင်ငံမှ ထွက်သော ဂျေဒိုက်ကျောက်စိမ်းသည် နက်ဖရိုက်ကျောက်စိမ်းထက် ပိုမို၍ကောင်းမွန်ပြီး ပိုရှားသော အမျိုးအစားဖြစ်သည်။

ကျောက်စိမ်းထွက်ရှိသည့် ဒေသများ

နက်ဖရိုက်ကျောက်စိမ်းကို တရုတ်ပြည် ဟိုတန်ဒေသ၊ ဗြိတိသျှ၊ ကိုလံဘီယာ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ အီတလီ၊ ပိုလန်၊ ထိုင်ဝမ်၊ အလက်စကား၊ ကယ်လီဖိုးနီးယား ဒေသများ၌ တွေ့ရှိရသည်။ ဂျေဒိုက်ကျောက်စိမ်းကို ဂွာတီမာလာ၊ ဆိုက်ဗေးရီးယားနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရှိရသည်။

ကျောက်စိမ်း၏ ဓာတုဖွဲ့စည်းမှု

သန့်စင်သော ဂျေဒိုက်ကျောက်စိမ်း၏ စံထား ဓာတ်ဖွဲ့စည်းပုံတွင် ဆိုဒီယမ်၊ အလူမီနီယမ်၊ ဆီလီကိတ်တို့ ပါဝင်ပြီး ယင်း၏ပုံသေနည်းမှာ NaAlSi2O6 ဖြစ်သည်။ ယင်းတွင် ဆီလီကွန်ဒိုင်အောက်ဆိုဒ် ၅၉.၄ ရာခိုင်နှုန်း၊ အလူမီနီယံအောက်ဆိုဒ် ၂၅.၂ ရာခိုင်နှုန်း၊ ဆိုဒီယမ်အောက်ဆိုဒ် ၁၅.၄ ရာခိုင်နှုန်း ပါဝင်သည်။

သို့ရာတွင် ဤအချိုးအတိုင်း ဖော်ပြပါဒြပ်အောက်ဆိုဒ်များ ပါဝင်သော ကျောက်စိမ်းသည် သဘာဝတွင် မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်း၏ ဇာကွက် (Lattice) တွင် ဆိုဒီယမ်နှင့် အလူမီနီယမ်တို့၏ နေရာကို အခြားသော အိုင်ယွန် (Iron) များက ဝင်ရောက်နေရာယူ အစားထိုးဖလှယ်သောကြောင့် ဖြစ်သည်။ သို့သော် ၎င်းအစားထိုးဖလှယ်သော အိုင်ယွန်များ၏ ပမာဏမှာ နှစ် ရာခိုင်နှုန်းခန့်သာ ရှိသည်။

ကျောက်စိမ်းနှင့် ဆင်တူယိုးမှား တွင်းထွက်များ

အရည်အသွေးကောင်းသော ကျောက်စိမ်းများ ရှားပါးလာခြင်းကြောင့် အချို့က အရည်အသွေးညံ့သော ကျောက်စိမ်းကို အရောင်ဆိုး၍ တုပပြုလုပ်လာကြသည်။ ယခင်ခေတ်များက ဆေးဆိုးကျောက်စိမ်းတုများကို လွယ်ကူစွာ ခွဲခြားသိရှိနိုင်ကြသော်လည်း ယခုခေတ်တွင် အသုံးပြုသော ဆေးများမှာ အမျိုးအစားကောင်းမွန်လှသဖြင့် လွယ်ကူစွာ ခွဲခြားမသိနိုင်ပေ။

ကျောက်စိမ်းနှင့် ဆင်တူသည့် အစိမ်းရောင် သဘာဝတွင်းထွက်များမှာ ခရိုင်ဆိုပရေ့(Chrysoprase) ၊ အစိမ်းရောင်ဆိုးထားသော မဟူရာဖြူ (Chalcedony) နှင့် ဆမစ်ဆိုနိုက် ( Smithsonite) စသည်တို့ဖြစ်သည်။ ဆမစ်ဆိုနိုက် တွင်းထွက်သည် ပင်ကိုယ်အားဖြင့် ခဲသတ္ထု ထုတ်လုပ်နိုင်သော ခဲသတ္တုရိုင်း တွင်းထွက်တစ်မျိုးဖြစ်သည်။ ယင်းကို (Bonamite) ဟူ၍လည်း ခေါ်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.