ကျောက်မီးသွေးကတ္တရာ

လမ်းခင်းရာတွင် အသုံးပြုလေ့ ရှိသောကျောက်မီးသွေးကတ္တရာကို လူတိုင်းလိုပင် မြင်ဘူးကြ ပေမည်။ ထိုကတ္တရာကို ကျောက်မီးသွေးအပျော့မျိုးမှ မီးထွန်း ဓာတ်ငွေ့နှင့် ကုတ်မီးသွေး ထုတ်လုပ်သည့်လုပ်ငန်းတွင် ဘေးထွက်ပစ္စည်းအဖြစ်ဖြင့် ရရှိ၏။ ထိုကျောက်မီးသွေး ကတ္တရာတွင် ဩဂဲနစ်ပစ္စည်း အမြောက်အမြားပါဝင်၍ ထိုပစ္စည်းမှ ပိုးနှိမ်ဆေး၊ ဆီချွတ်ဆေး၊ ဆိုးဆေး၊ ရေမွှေး၊ ဓာတ်မြေဩဇာ စသည်ဖြင့် ပစ္စည်းအမျိုး ပေါင်းများစွာကို ပြုလုပ်ယူနိုင်ပေသည်။ အမှန်မှာ ကတ္တရာမှ ပစ္စည်း ၁၂ မျိုးလောက်ကိုသာ မူရင်းအားဖြင့် ရရှိနိုင်လေသည်။ သို့ရာတွင် ဓါတုဗေဒပညာရှင်သည် ထိုမူရင်းပစ္စည်းများမှ ထောင်ပေါင်း များစွာသော ဒြပ်ပေါင်းအသစ်များကို ဓါတုဗေဒနည်း အမျိုးမျိုးဖြင့် ဖော်စပ်ချက်လုပ်နိုင်ပေသည်။ ကျောက်မီးသွေးကတ္တရာတွင် ပါဝင်လျက်ရှိသော ပစ္စည်းအမျိုးမျိုးကို ထုတ်ယူနိုင်ရန်အတွက် ကတ္တရာတန်ချိန် ၂ဝ မျှ ဝင်နိုင်သော သံပေါင်းအိုးကြီးများတွင် ကတ္တရာကို ထည့်၍ အဆင့်ဆင့် ပေါင်းခံနည်းဖြင့် ပေါင်းခံပေးလေ့ရှိသည်။ ထိုကဲ့သို့ ပေါင်းခံလိုက်သောအခါ ဆူမှတ်အနည်းဆုံးဖြစ်သည့် ပထမ ဆင့်၌ ဆီအပေါ့စားများကို ရရှိ၏။ ထိုပစ္စည်းများတွင် ဗင်ဇော၊ တော်လျူအောနှင့် ဇိုင်လောခေါ် ပစ္စည်းများ ပါဝင်သည်။

ဗင်ဇောမှ ဗင်ဇင်းအစစ်ကို ပြုလုပ်၍ ထိုပစ္စည်းမှတဖန် အန်နီလင်းနှင့်တကွ ဆိုးဆေးပေါင်း များစွာကို ပြုလုပ်ယူနိုင် လေသည်။ ဗင်ဇောမှ ဗစ်တား အယ်လမန်ဆီ (ဗာဒမ်စားဆီ) တစ်မျိုးကိုလည်း ပြုလုပ်နိုင်၍ ထိုဆီကို ဆပ်ပြာမွှေးများ ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိကြသည်။ တော်လျူအောမှ ဗင်ဇိုအစ်အက်ဆစ်ကို ပြုလုပ်နိုင်၍၊ ဗင်ဇိုအစ်ဆက်ဆစ်မှတစ်ဖန် အစားအစာများတွင် မပုပ်မသိုးရအောင် ထည့်ပေးရသော ဆိုဒီယမ်ဗင်ဇိုအိတ်ခေါ် ဓာတ်ဆားတစ်မျိုးကို ပြုလုပ်နိုင်ပေသည်။ တီအင်တီခေါ် အလွန်ပြင်းထန်စွာ ပေါက်ကွဲတတ်သည့် ပစ္စည်း၊ ရိုးရိုးသကြားထက် အဆပေါင်း ၃ဝဝ မျှ ပို၍ချိုသော ဆက်ကရင်းသကြားနှင့် အမွှေးနံ့သာများ ပြုလုပ်ယူရသော ဗင်ဇောဒီဟိုက်တို့မှာလည်း တော်လျူအောမှ ပြုလုပ် ယူခြင်းပင် ဖြစ်၏။ ဇိုင်လောမှ အရောင်အမျိုးမျိုးရှိသော ဆိုးဆေးပေါင်းများစွာကို ပြုလုပ်ယူနိုင်သည်။


ဗင်ဇင်းနှင့် တော်လျူအင်းတို့မှ အန်တီဆက်ပတစ် (အပုပ်နိုင်ဆေး)၊ အန်တီပိုင်ရက်တစ်(အဖျားပျောက်ဆေး)၊ ဟစ်ပနော့တစ် (အိပ်ဆေး)ကို ဖော်ယူနိုင်လေသည်။ ပထမဆင့်ထက် အပူချိန်မြင့်သော ဒုတိယဆင့်၌ ကာဗေါ်လစ်ဆီများကို ရ၍ ကာဗေါ်လစ်အက်ဆစ် (သို့မဟုတ် ဖီနော)မှ ဆိုးဆေးအမျိုးမျိုးအပြင် ပစ်ကရစ်အက်ဆစ်နှင့် ဆယ်လီဆီလစ် အက်ဆစ်များကို ပြုလုပ်ရရှိ၏။


ဆယ်လီဆီလစ် အက်ဆစ်မှ အပုပ်နိုင်ဆေးနှင့် အကိုက်အခဲ ပျောက်ဆေးများကို ဖော်ယူနိုင်ရာ အက်စပီရင် ခေါင်းကိုက်ပျောက်ဆေးမှာ အဆိုပါ ဆယ်လီဆီလစ်အက်ဆစ်မှ ဖော်ယူသည်။ ဖီနောမှ ဗနီလာခေါ် သစ်ခွအနံ့အရသာနှင့်တူ၍ ထိုအနံ့အရသာအတွက် အစားထိုး အသုံးပြုလေ့ရှိသော ဓာတ်ပစ္စည်းတစ်မျိုးကိုလည်း ပြုလုပ်နိုင်လေသည်။ ဓာတ်သဘော အားဖြင့် ဖီနောနှင့်တူသော ကရီဆောခေါ် ဓာတ်ပစ္စည်းများကို ဤဒုတိယဆင့်မှာပင် ရရှိသည်။ ထိုဓာတ်ပစ္စည်းများကို စင်ကြယ်အောင် မပြုလုပ်ဘဲ ထိုအတိုင်းပင် ရောဂါပိုး နှိမ်ဆေးအဖြစ်ဖြင့် အသုံးပြုနိုင်သည်။ လိုင်ဆောနှင့် ကရီအိုလင်တို့မှာ အဆိုပါ ကရီဆောများကို ရောင်းဝယ်ရာ၌ ခေါ်ဝေါ်အသုံးပြုသည့် ကုန်တံဆိပ်အမည်များ ဖြစ်ကြလေသည်။

တတိယဆင့်တွင် ရရှိသော ပစ္စည်းများ၌ နက်ဖသလင်း၊ ကရီဥစုတ်များနှင့် ကွင်နိုလင်ခေါ် ပစ္စည်းများ ပါဝင်ကြ၏။ နက်ဖလင်းမှ မဲနယ်ရောင်၊ အဝါရောင်၊ ကြက်သွေးရောင်၊ ပန်းရောင်နှင့် အစိမ်းရောင်ဆိုးဆေးများကိုလည်းကောင်း၊ ဆေးဝင် ပစ္စည်းများကိုလည်းကောင်း၊ ပရုတ်လုံးများကိုလည်းကောင်း ပြုလုပ်ရရှိနိုင်သည်။ ကရီဥစုတ်၌ သစ်သားများ မဆွေးမြည့်နိုင် ပိုးမစားစေနိုင်သော သတ္တိရှိသဖြင့် အိမ်တိုင်နှင့် အကာအရံများကို ဤဆီဖြင့် သုတ်လိမ်းပေး ရလေသည်။


ကွင်နိုလင်သည် အပုပ်နိုင်ဆေး ဖြစ်သည့်အပြင် ယင်းမှ ဆိုးဆေးများလည်း ဖော်ယူနိုင်သည်။ စတုတ္ထဆင့် ပေါင်းချွေးမှ အန်သရာဆင်းဆီကို ရ၍ ထိုဆီမှ အထူးသဖြင့် ခြည်ထည်များအတွက် အရေးကြီးသောဆိုးဆေးများကို ပြုလုပ်နိုင်ပေသည်။ အန်သရာဆင်းဆီကို ထုတ်ယူပြီးသော ပေါင်းအိုးထဲ၌ မည်းနက်စေးကပ်သည့် ပစ်ချ ကတ္တရာသာ ကျန်တော့သည်။ ပစ်ချကတ္တရာအမာစားကို အလိုရှိလျှင် အန်သရာဆင်းကိုအကုန်အစင် ထုတ်ယူရ၍ ပစ်ချ ကတ္တရာ အပျော့စားကို အလိုရှိသော် ပေါင်းအိုးထဲ၌ အန်သရာဆင်း အနည်းငယ်ကျန်နေအောင်ချန်ထားရ၏။ ပစ်ချကတ္တရာမှာ အမှန်စင်စစ် ကတ္တရာစေးမှအဖိုးတန်ပစ္စည်းများ ထုတ်ပြီးနောက် အကြွင်းအကျန်ပင် ဖြစ်၏။ အကြွင်းအကျန်ဖြစ်သော်လည်း ဤပစ္စည်းကို စွန့်မပစ်ရသေးပေ။ ထိုကတ္တရာချေးမှ အိမ်မိုးရာတွင် အသုံးပြုသော ရေခံစက္ကူများ၊ ခြယ်ဆေးများ၊ သစ်သားမဆွေးမြည့်အောင် သုတ်လိမ်းပေးသည့် ပစ္စည်းများကို ပြုလုပ်နိုင်၏။ ကတ္တရာချေးကို လမ်းခင်းရာတွင်လည်း အသုံး ချနိုင်သည်။ဖီနော၊ ကရီဆော၊ နက်ဖသလင်းနှင့် ကျောက်မီးသွေးကတ္တရာမှ ရရှိသော အခြားပစ္စည်းတို့မှ ယခုခေတ် ဓါတုဗေဒ ပညာရှင်တို့သည် ပလပ်စတစ် အသုံးအဆောင်အမျိုးမျိုးကို ပြုလုပ်ယူကြသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.