ကျော်ခိုင်

ဦးကျော်ခိုင် (၁၉၂၂–၃ အောက်တိုဘာ ၂၀၁၇) သည် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ၏ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်သည်။[1] ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကာလတွင် ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်၏မြို့မိမြို့ဖအဖြစ် ခေါင်းဆောင်ပါဝင်ခဲ့ပြီး ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။[1]

ဦးကျော်ခိုင်ကို အဖဦးအောင်ဘ၊ အမိဒေါ်လှိုင်တို့မှ ၁၉၂၂ ခုနှစ်တွင် တောင်ကုတ်မြို့ ၌မွေးဖွားခဲ့သည်။ မွေးချင်းရှစ်ယောက်အနက်ဒုတိယဖြစ်ပြီး အကြီးဆုံးသားဖြစ်သည်။ ဒုတိယမြောက်သားမှာ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်အမတ်၊ သံတွဲအရေးပိုင် ဗိုလ်ဘလှိုင်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တောင်ကုတ်မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် ရခိုင်ပြည်နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌအဖြစ် အဆင့်ဆင့်တာဝန်ယူဆောင်ရွက်ခဲ့သည်။ စစ်အစိုးရလက်ထက်ကာလများတွင် ခြိမ်းချောက်အကြပ်ကိုင်ခြင်း၊ အမှုဆင်ဖမ်းဆီးချုပ်နှောင်ခြင်းတို့ကို အကြိမ်ကြိမ်ခံခဲ့ရပြီး အစာမာမမျိုနိုင်သည့်နှလုံးသွေးကြောပွရောဂါကို အနှစ်သုံးဆယ်ကျော်ခံစားလျက် ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သူဖြစ်သည်။ ဒီမိုကရေစီကြိုးပမ်းမှုကာလများတွင် ဦးကျော်ခိုင်နှင့်တောင်ကုတ်မြို့နယ်သူမြို့နယ်သားများ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ခိုင်မာစွာရပ်တည်အားပေးထောက်ခံခဲ့မှုကြောင့် ‌ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတော့ တောင်ကုတ်လို့ကြားလိုက်တာနဲ့စိတ်အားတက်ကြွသွားတာပဲဟု ထုတ်ဖော်ပြောကြားခဲ့ရသည်။

၂၀၀၉ ခုနှစ်တွင် တရားရုံးကပြစ်မှုမမြောက်၍ ပလပ်ထားသောအမှုဖြင့် ပြန်လည်စွဲဆိုထောင်ချသဖြင့် ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရကာ ၂၀၁၁ ခုနှစ် သရက်ထောင်မှ လွတ်မြောက်လာသောအချိန်တွင် ဦးကျော်ခိုင်သည် အသက် ၈၉ နှစ်ရှိပြီဖြစ်သည်။[1]

ဦးကျော်ခိုင်သည် အသက် ၉၅ နှစ်အရွယ် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။[1]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.