ကျော်၊ ဦး (ရှုမဝ)

ရှုမဝဦးကျော်သည် ခရစ်သက္ကရာဇ် ၁၉၁၀-ခုနှစ်၊ဇန်နဝါရီလ (၁၀)ရက်နေ့ ၊ မြန်မာသက္ကရာဇ် ၁၂၇၁-ခုနှစ်၊ တပို့တွဲလဆန်း (၁)ရက်နေ့တွင် ရွှေတောင်မြို့၊ ကြာနီကန်ရပ်၌ အဖ ဦးဖိုးတုတ်နှင့် အမိ ဒေါ်ရွှေညွန့်တို့မှ မွေးဖွားခဲ့သည်။

ရှုမဝဦးကျော်
အမည်ရင်းမောင်ကျော်
မွေးဖွား၁၀ ဇန်နဝါရီ ၁၉၁၀ ခုနှစ်
ရွှေတောင်မြို့၊ ကြာနီကန်ရပ်
ကွယ်လွန်၂၃ ဖေဖော်ဝါရီ၁၉၇၄
ရန်ကုန်မြို့
ကလောင်အမည်နေရှင်နယ် ကျော်ကျော်၊ ရဲကျော်၊ ဇော်ဟိန်း၊ ဖိုးရှုမဝ၊ ရှုမဝဦးကျော်
အလုပ်အကိုင်ရှုမဝမဂ္ဂဇင်း၊ ရှုမဝမရုပ်ရှင် ပိုင်ရှင်
လူမျိုးမြန်မာ
နိုင်ငံသား မြန်မာ
အိမ်ထောင်ဖက်ဒေါ်ကြည်သန်း
သားသမီး(၆)ယောက်၊ အကြီးဆုံးသားရှုမဝ မောင်ဆွေတင့်
မိဘဦးဖိုးတုတ် + ဒေါ်ရွှေညွန့်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ငယ်ဘဝ

၁၉၂၄-ခုနှစ်၊ အသက် ၁၄-နှစ်သား အရွယ်တွင် ရွှေတောင်မြို့ နေရှင်နယ် အမျိုးသားကျောင်းမှ ခေတ်ပညာ (၇)တန်းအောင်ခဲ့သည်။ သို့ရာတွင် ထိုအချိန်၌ မိခင်နှင့် ဖခင်ပါ ကွယ်လွန်ခဲ့ပြီ ဖြစ်ကာ ကျန်ရစ်သော သားချင်းတစ်စု၏ စီးပွားရေးအခြေအနေမှာလည်း ဆိုးရွားလာခဲ့သဖြင့် ကျောင်းမှ ထွက်ခဲ့ရသည်။ အမျိုးသားကျောင်းမှ ထွက်သောသူသည် အင်္ဂလိပ်အစိုးရကို မလိုလားသူ ဖြစ်၏။ ထို့ကြောင့် အစိုးရအမှုထမ်း အလုပ်ကိုလည်း လုပ်ရန် ဝန်လေးခဲ့မိလေသည်။ သို့ဖြင့် ကိုယ်ဒူးကိုယ်ချွန်ရန် ရန်ကုန်မြို့သို့ ထွက်ခွာလာခဲ့သည်။ ၁၉၂၆ ခု၊ စက်တင်ဘာလ ပထမပတ်တွင် ရန်ကုန်မြို့သို့ ခြေချခဲ့သည်။

ကျောင်းသင်ပညာကို အထက်တန်း ကျော်လွန်သည် အထိ သင်ကြားမှု မရရှိခဲ့ရှာသော်လည်း သူ့ဘာသာ ပြင်ပမှ ပညာရေး တိုးတက်မှုအတွက် မြန်မာစာပေနှင့် နိုင်ငံခြားစာပေ ဗဟုသုတများကို အစဉ်မပြတ် လေ့လာကြိုးကုတ် သင်ကြားဆည်းပူးခဲ့သည်။


ငယ်စဉ်ကပင် စာပေ၊ ကဗျာနှင့် ပန်းချီကို အထူးဝါသနာပါခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် 'နေရှင်နယ်ကျော်ကျော်' ကလောင်အမည်ဖြင့် ဒဂုန်မဂ္ဂဇင်း၌ သူ၏ ပထမဆုံး ကဗျာကို ထည့်သွင်းဖော်ပြခြင်း ခံရသည်။


၁၉၃၂ တွင် မန္တလေးမြို့သို့ ပြောင်းရွှေ့ရောက်ရှိခဲ့သေးသည်။ ထိုခေတ်ကာလ အပိုင်းအခြား၌ 'ရဲကျော်' ကလောင် အမည်ဖြင့် လုံးချင်း ဝတ္ထုစာအုပ်များ ရေးသားခဲ့ဖူးသည်။

၁၉၃၆ ခုနှစ်ခန့်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ပြန်သည်။

၁၉၄၆ ခုနှစ်တွင် သီတာအေး ပုံနှိပ်စက်နှင့် ရှုမဝစာအုပ်တိုက်ကို တည်ထောင်သည်။ ရှုမဝ ရုပ်စုံမဂ္ဂဇင်းကို ၁၉၄၇၊ ဇွန်လမှ စတင်၍ တည်းဖြတ် ထုတ်ဝေခဲ့သည်။ ဤတွင် 'ဇော်ဟိန်း'၊ 'ဖိုးရှုမဝ'၊ 'ရှုမဝဦးကျော်' နှင့် အခြား ကလောင်အမည် အမျိုးမျိုးဖြင့် ဝတ္ထုဆောင်းပါး၊ ကဗျာများကို ရေးသားခဲ့သည်။


၁၉၅၆၊ ဩဂုတ်လ ၁၅ ရက်တွင် ရှုမဝရုပ်ရှင်ကို စတင် တည်ထောင်ခဲ့သည်။


ကွယ်လွန်သည့် အချိန်အထိ ရုပ်ရှင် ဇာတ်ကားပေါင်း ၁၁ ကားကို ကိုယ်တိုင် ဇာတ်ညွှန်းရေးသား စီစဉ် ညွှန်ကြား ရိုက်ကူးခဲ့သည်။


၁၉၇၄၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ မွန်းလွဲ ၁၂:၃ဝ တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။


ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ကြည်သန်းနှင့်အတူ သားသမီး ၆ ဦး ကျန်ရစ်ခဲ့သည်။ ရှုမဝ မောင်ဆွေတင့်သည် သားသမီး ၆ယောက်တွင် အကြီးဆုံးသားဖြစ်သည်။

မောင့်ကြက်သရေ ခေါင်းပေါင်း

မောင့်ကြက်သရေ ခေါင်းပေါင်းအား တီထွင်သူမှာ ရှုမဝဦးကျော် ပင်ဖြစ်သည်။

[1]

ကိုးကား

  1. ရှုမဝဦးကျော်၏ နှစ်၁၀ဝပြည့် မွေးနေ့ အမှတ်တရ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.