ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန (အင်္ဂလိပ်: Department of Rural Development) သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၇ ဇွန် ၂၀၁၂ (စည်ပင်သာယာ​ရေးဦးစီးဌာန)
  • ဇွန် ၂၀၁၂ (ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန)
ယခင်အဖွဲ့အစည်းစည်ပင်သာယာ​ရေးဦးစီးဌာန
ဌာနချုပ်ရုံးအမှတ် (၁၄)[1]၊ ​နေပြည်​တော်
ဝန်ကြီးများ​ဒေါက်တာ​အောင်သူ
မိခင်အဖွဲ့အစည်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဝက်ဘ်ဆိုက်drdmyanmar.org

သမိုင်းကြောင်း

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အတွက် ကဏ္ဍပေါင်းစုံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၊ ကျေးလက်ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ရေးရာ ဝန်ကြီးဌာန အောက်တွင် စည်ပင်သာယာရေးဦးစီးဌာန အမည်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သစ်အရ စည်ပင်သာယာရေးဦးစီးဌာနမှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ သန္ဓေအဖြစ်စတင်ဖွဲ့စည်းခဲ့သောဌာနမှာ စည်ပင် သာယာရေးဦးစီးဌာနဖြစ်ပြီး ယင်းဌာနမှာ ဗြိတိသျှကိုလိုနီလက်ထက်လွန်ခဲ့သောနှစ်ပေါင်း (၁၄ဝ) ခန့်မှပင် မြူနီစီပါယ်အဖွဲ့များအဖြစ် စတင်ဖွဲ့စည်းခြင်းခံခဲ့ရသော အဖွဲ့အစည်းဖြစ်သည်။၁၈၇၄ ခုနှစ်တွင် မြူနီစီပါယ်အက်ဥပဒေကို ထုတ်ပြန်ကြေငြာပြီး ရန်ကုန်မြို့ အပါအဝင် မြို့ကြီး(၇)မြို့ တွင် စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့သည်။ မြူနီစီပါယ်ကော်မတီများ နှင့် မြို့နယ်ကော်မတီများကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိထိရောက် ရောက်လုပ်ဆောင်နိုင်ရန် ကျေးလက် ကိုယ်ပိုင်အုပ်ချုပ်ရေး အက်ဥပဒေကို ၁၉၂၁ ခုနှစ်တွင် ထုတ်ပြန် ကြေငြာခဲ့ပြီးနောက် ခရိုင်ကောင်စီများကို ဖွဲ့စည်းခဲ့သည်။ ဖွံ့ဖြိုးမှုနည်းပါးသည့် ဝေးလံခေါင်ဖျား ဒေသများအတွက် ခရိုင်ဝန်မင်းကြီး၏ ဒေသဆိုင်ရာ ရန်ပုံငွေအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။

၁၉၇၄ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မထုတ်ပြန်မီ ၁၉၇၂ ခုနှစ်တွင် အုပ်ချုပ်ရေးစနစ်သစ် အစပြုခဲ့သည်။ ထို့နောက် ခရိုင်များတွင် အခြေပြုဖွဲ့စည်းခဲ့သည့် ခရိုင်ဝန်မင်းကြီး၏ ဒေသဆိုင်ရာ ရန်ပုံငွေအဖွဲ့နှင့် ခရိုင်ကောင်စီများကို ဖျက်သိမ်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များကို မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဖွဲ့စည်းခဲ့သည်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ပြည်ထဲရေးနှင့် သာသနာရေးရာဝန်ကြီးဌာန အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပါဝင်ခဲ့သည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဥပဒေအမှတ် (၅/၉၃) အရ ၁၉၉၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကို ထုတ်ပြန်ကြေငြာခဲ့သည်။ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စည်ပင်သာယာရေးဦးစီးဌာနကို ဖွဲ့စည်းပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနအောက်တွင် စည်ပင်သာယာရေးဦးစီးဌာနသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များကို ကွပ်ကဲအုပ်ချုပ်ခဲ့သည်။

၂၀၁၁ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကို နယ်စပ်ရေးရာ ဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် စည်ပင်သာယာရေးဦးစီးဌာနကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟု ကျစ်လျစ်စွာ ပြန်လည်ဖွဲ့စည်းခဲ့သည်။ မြို့ပြနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေရာမှ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း တစ်ခုတည်းကိုသာ ပြောင်းလဲလုပ်ဆောင်ခဲ့သည်။ [2]

၂ဝ၁၃ ခုနှစ် ဩဂုတ်လ (၉)ရက်နေ့ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ (၆၇/၂ဝ၁၃) အရ "မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန" အား ​"​မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန် ကြီးဌာန" အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအား နယ်စပ်ရေးရာ ဝန်ကြီးဌာနကွပ်ကဲမှုအောက်မှ "မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန" ကွပ်ကဲ မှုအောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ပါသည်။

၂ဝ၁၆ ခုနှစ် မတ်လ (၃ဝ) ရက်နေ့မှစတင်ပြီး ပြည်ထောင်စုဝန်ကြီးဌာနများပြင်ဆင်ဖွဲ့စည်းရာတွင် ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့အား ပူးပေါင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ကို ဖွဲ့စည်းခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို အဆိုပါဝန်ကြီးဌာန လက် အောက်၌ ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။[1]

ရည်ရွယ်ချက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖွဲ့စည်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။[2]

  • နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးရန်၊
  • ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်နှင့် မြို့ပြနှင့် ကျေးလက် လူမှုစီးပွားဘဝ ကွာဟမှု ကျဉ်းမြောင်းစေရန်၊
  • မြန်မာ့ကျေးလက် ယဉ်ကျေးမှုကို ထိန်းသိမ်းရန်။

လုပ်ငန်းတာဝန်

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် အဓိက လုပ်ငန်းစဉ်(၁၂)ရပ်ချမှတ်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။[2] ၎င်းတို့မှာ-

  • ကျေးရွာချင်းဆက်၊ ကျေးလက်နှင့်မြို့ဆက် နှင့် ခရိုင်ချင်းဆက် လမ်း/တံတားများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပြင်ဆင် ထိန်းသိမ်းခြင်း၊
  • ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခြင်း၊
  • ကျေးလက် ကျန်းမာသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • ကျေးရွာများ တည်ဆောက်ပေးခြင်း၊
  • ကျေးလက် မီးလင်းရေး ဆောင်ရွက်ခြင်း၊
  • ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖော်ထုတ် ဆောင်ရွက်ပေးခြင်း၊
  • ကျေးလက် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ် ဆောင်ရွက်ပေးခြင်း၊
  • ကျေးလက်ပြည်သူများအတွက် အသေးစားချေးငွေလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • ကျေးလက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊
  • ကျေးလက်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ ဖော်ထုတ်ထိန်းသိမ်းခြင်း၊
  • မြို့ပြနှင့်ကျေးလက် လူမှုစီးပွားဘဝကွာဟမှု ကျဉ်းမြောင်းစေရေးအတွက် မဟာဗျူဟာ အစီအမံများ ချမှတ်ဆောင်ရွက်ပေးခြင်း၊
  • ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်(၈)ရပ်တွင် အကျုံးဝင်သော ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း။

ဖွဲ့စည်းပုံ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လက်အောက်ရှိ ဌာနခွဲများမှာ အောက်ပါအတိုင်းဖြစ်သည်။[3]

  • စီမံကိန်းရေးဆွဲရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန
  • ကျေးလက်လူမှုဘဝ မြှင့်တင်ရေးနှင့် စီမံရေးရာဌာန
  • ကျေးလက်စီးပွားရေးနှင့် ဘဏ္ဍာရေးဌာန
  • ဆင်းရဲမှုလျော့ချရေး အထောက်အကူပြုဌာန
  • ကျေးလက် လမ်း/တံတားဌာန
  • ကျေးလက်ရေပေးဝေရေးနှင့် ကျန်းမာသန့်ရှင်းရေးဌာန
  • ကျေးလက်မီးလင်းရေးနှင့် စံပြကျေးရွာ အကောင်အထည်ဖော်ရေးဌာန
  • ဝယ်ယူဖြန့်ဖြူးရေးနှင့် ထောက်ပံ့ရေးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)သည် နေပြည်တော်တွင် တည်ရှိပြီး ရုံးခွဲများကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှာ မြို့နယ်ခွဲအဆင့်ထိ အဆင့်ဆင့် ဖွဲ့စည်းထားသည်။ မြို့နယ်အဆင့်အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်အား တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ဟု အမည်သတ်မှတ်ထားသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် တာဝန်ရှိပြီး စည်ပင်သာယာရေးအဖွဲ့များသည် ယင်းတို့သက်ဆိုင်ရာ နယ်ပယ်အသီးသီး၌ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် တာဝန်ရှိသည်။

လက်ရှိတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကွပ်ကဲမှုအောက်တွင် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ရုံးခွဲ ၂ ခု၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၈၄ ဖွဲ့၊ မြို့နယ်ခွဲ စည်ပင်သာယာရေးအဖွဲ့ ၈၂ ဖွဲ့ ရှိကြသည်။[4]

ဆက်စပ်ဖတ်ရှုရန်

အကိုးအကား

  1. "ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန"၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
  2. About DRD ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။
  3. organization chart ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။
  4. ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန။ 9 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။

ပြင်ပအဆက်အသွယ်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.