ကွမ်ယင်မယ်တော်

ကွမ်ယင်(Guanyin) ကို ဂျပန်ဘာသာဖြင့် ခမ်နွန်ဟု ခေါ်သည်။ ကွမ်ယင်မယ်တော် ဆိုသော နတ်သည် မဟာယာနဂိုဏ်းကြီးမှ အဓိကထား၍ ကိုးကွယ်သော အဝလောကိတေသွရ ဘုရားလောင်းမှ ဆင့်ပွား ယူထားသော နတ်ဖြစ်သည်။ အဝလောကိတေသွာရသည် မူလက ပုရိသလိင်ဖြစ်သော နတ်တစ်ပါး ဖြစ်သည်။ အေဒီ ၈-ရာစု နောက် ပိုင်းရောက်မှ ဣတ္ထိလိင်အသွင် ပြောင်း၍ ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်ဟု အချို့က ဆို၏။

ကွမ်ယင် သစ်သားရုပ်ထု


ကွမ်ယင်မယ်တော် ဖြစ်ပေါ်လာပုံကို အမျိုးမျိုး ရေးသား ပြောဆိုကြသည်။ မဟာယာန ဂိုဏ်းသားတို့သည် ဟိန္ဒူတန္တရဂိုဏ်းကို အတုယူ၍ မဟာယာနတန္တရဂိုဏ်းကို ထူထောင်ကြသည်။ ဟိန္ဒူတန္တရဂိုဏ်းတွင် ဒေဝီနတ်မယ် အသွယ်သွယ်ကို ဖန်တီးထားသကဲ့သို့ မဟာယာနတန္တရဂိုဏ်းကလည်း ဒေဝီနတ်ပွား အစားစားကို ဖန်တီးကြသည်။ မဟာယာနမှ အဝလောကိတေသရ ဘုရားလောင်းကိုလည်း ကြင်ရာတော်အဖြစ် ပညာပါရမိတာနတ်မယား ကို မွေးဖွားပေးလိုက်သည်။ ဤနတ်သမီးမှာ ဘုန်းကြီးများသာ ကိုးကွယ်ခွင့် ရကြသည်။ ထို့ကြောင့် သာမန် လူဝတ်ကြောင်များ ကိုးကွယ်ရန် မဟာစိနတာရာဒေဝီ နတ်သမီးကို တီထွင်ပေးကြရပြန်သည်။

ထိုစိနတာရာနတ်သမီးကို တရုတ်လို ကွမ်ယင်ဟုခေါ်သော အဝလောကိတေသရ၏ မျက်ရည်မှ ဖြစ်သော ကြာပွင့်မှ ဖွားမြင်ခဲ့သည်ဟုလည်း အဆိုရှိသည်။ ထိုစိနတာရာဒေဝီ နတ်သမီးကိုပင် ကွမ်ယင်မယ်တော် အဖြစ် ထုလုပ် ကိုးကွယ်ခဲ့ကြသည်ဟုလည်း ဆိုပြန်သည်။ အချို့ကလည်း ကွမ်ယင်ကို အဝလောကိတေသရအဖြစ် ပုရိသလိင်နှင့် ရှိစဉ်က အမျိုးသမီးများ ကိုးကွယ်ခွင့် မရခဲ့ကြ။ ထို့ကြောင့် အဝလောကိတေသရကိုပင် ဣတ္ထိလိင်အသွင်ပြောင်း၍ ကိုးကွယ်ခဲ့ကြသည်ဟု ဆိုပြန်သည်။ ကွမ်ယင်မယ်တော်သည် လောကသားများ အပေါ်၌ သားသမီးကဲ့သို့ မေတ္တာ ကရုဏာ မျိုးဖြင့် ကယ်တင်စောင့်ရှောက်တတ်သည်ဟု အယူရှိကြ၏။ ကွမ်ယင်နှင့် ပတ်သက်၍ ဒဏ္ဍာရီ ဇာတ်လမ်း ခပ်ဆန်းဆန်းများလည်း များစွာ ရှိသည်။

ပညာပါရမိတာ နတ်သမီး၊ စိနတာရာဒေဝီ၊ ကွမ်ယင်မယ်တော်စသော အမည်အမျိုးမျိုး တို့၏ အခြေခံမှာ အဝလောကိတေသရ ဘုရားလောင်းပင် ဖြစ်သည်။ အဝလောကိတေသရမှ ပေါက်ပွားသော စိတ္တဇ ရုပ်ပွား ဒေဝီများသာတည်း။ အဝလောကိတေသရ ကိုးကွယ်မှုသည် မြန်မာနိုင်ငံသို့ သရေခေတ္တရာခေတ်ကပင် ရောက်ရှိခဲ့ ဖူးပြီ ဖြစ် သည်။ ထိုစဉ်က အဝလောကိတေသရမှာ ပုဆိုးဝတ်ဖြင့် လာရောက် ကိုးကွယ် ခံခဲ့သည်။ ကွမ်ယင်မယ်တော် ဆိုသူကား တရုတ်ပြည်ဘက်မှ လှည့်၍ ထဘီဝတ်ဖြင့် ပြန်လည်ဝင်ရောက်လာခြင်းသာ ဖြစ်လေသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.