ခင်မောင်ချင်း
ခင်မောင်ချင်းသည် အရာရှိဘဝမှ မြန်မာ့ရုပ်ရှင် လောကသို့ ကူးပြောင်းလာသော သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ဇာတ်သဘင်လောကတွင်လည်း ပုလဲအရောင်မမှိန် ဇာတ်ကို တည်ထောင်သူဖြစ်သည့် ဇာတ်မင်းသားလည်း ဖြစ်သည်။ ၁၉၄၄−ခု၊ ဇန္နဝါရီလ (၂၄)ရက်နေ့တွင် အဖ ဦးထွန်းရွှေနှင့် အမိဒေါ်ချစ်တို့မှ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် သာထွန်းရွာတွင် မွေးဖွားသည်။ အမည်ရင်းမှာ ခင်မောင်ချင်းပင် ဖြစ်သည်။
၁၉၆၈-ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ သိပ္ပံ(ဓာတုဗေဒ)ဘွဲ့ ရရှိခဲ့သည်။ ရုပ်ရှင်လောကထဲသို့ မရောက်မီ ၁၉၆၉ မှ ၁၉၇၂-ခုထိ သန်လျင် ရေနံချက် စက်ရုံတွင် ရေနံအရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် မိစမ်း ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ စတင်ဝင်ရောက် လာခဲ့သည်။ စံပယ်မွှေးမွှေး အထွေးဖို့၊ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိသိန်းကြည်၊ ပုလဲအရောင်မမှိန် ဇာတ်ကားတို့သည် လူကြိုက်များသော ဇာတ်ကားများ ဖြစ်သည်။ ကျော်ဟိန်းခေတ်ကောင်းချိန်တွင် ကျော်ဟိန်းနှင့် တူသော ဓာတုဗေဒမင်းသားဟု ဆိုကြသည်။ ကာတွန်းမြင့်သိန်း၏ စံရွှေမြင့် ဇာတ်ကောင်အနေဖြင့် လူသိများပြီး ပုလဲအရောင်မမှိန် ဇာတ်ကားဖြင့် နာမည်ကြီးလာသူ ဖြစ်သည်။ ခေါင်းဆောင် မင်းသားအနေဖြင့် ရုပ်ရှင်ကားပေါင်း ၂၇-ကား ရိုက်ကူးခဲ့ပြီး ဇာတ်သဘင်ဘက်သို့ ကူးပြောင်းသွားသည်။
ပုလဲအရောင်မမှိန် ဇာတ်သဘင်ကို လူပေါင်း နှစ်ရာကျော်ဖြင့် ဖွဲ့စည်းထူထောင်ကာ ကပြခဲ့သည်။ ဝေဒပညာလည်း ဝါသနာပါသူဖြစ်ပြီး ဆရာကြီး မင်းသိင်္ခ၏ ဗေဒင်သင်တန်းကို ဝေဒပညာရပ်နှင့် ငါးဘာသာ ဂုဏ်ထူးရရှိခဲ့သူဖြစ်သည်။ မြန်မာ့ရုပ်ရှင် အစည်းအရုံးတွင် အမှုဆောင်အဖြစ် တာဝန်ယူကာ ဗေဒင်ဟောခန်း ဖွင့်၍ ဟောပြောလျှက် ရှိသည်။[1]
ကိုးကား
- မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ