ခင်မောင်ဝင်း (သင်္ချာ)

ဒေါက်တာခင်မောင်ဝင်းသည် ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ တစ်ဦးတည်းသော သား ဖြစ်သည်။ ၁၉၄ဝ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။

ဒေါက်တာခင်မောင်ဝင်း
မွေးဖွားခင်မောင်ဝင်း
(၁၉၄၀-၁၀-၂၃) အောက်တိုဘာ ၂၃၊ ၁၉၄၀
ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာနိုင်ငံ
ပညာရေးမဟာဝိဇ္ဖာ (သင်္ချာ) (ရန်ကုန်တက္ကသိုလ်)၊ ပါရဂူဘွဲ့ (ကွန်းတက္ကသိုလ်) ပြင်သစ်နိုင်ငံ
အလုပ်အကိုင်သင်္ချာ ပါမောက္ခရန်ကုန်တက္ကသိုလ်
ကျော်ကြားမှုအရင်းခံစာရေးဆရာ
အိမ်ထောင်ဖက်(များ)တက္ကသိုလ်ရွှေရီဝင်း
သားသမီးအမွှာမောင်နှမ မောင်ရစ်နှင့် ဂျူနီယာဝင်း
မိဘ(များ)ဦးခင်မောင်လတ် + ဒေါ်ခင်မျိုးချစ်

ပညာရေး

၁၉၅၆ ခုနှစ်တွင် ကမာရွတ်မြို့နယ်၊ ဝဂ္ဂီကျောင်းတွင် ဆယ်တန်းအောင်သည်။ ၁၉၆ဝ ခုနှစ်တွင် သင်္ချာအထွေထွေဂုဏ်ထူး BA (Gen.Hons) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၆ တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဖာ (သင်္ချာ) MA (Maths) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇ဝ တွင် ပြင်သစ်နိုင်ငံ Caen (ကွန်း) တက္ကသိုလ်မှ ပါရဂူဘွဲ့ Phd ရရှိခဲ့ပါသည်။

အိမ်ထောင်ရေး

၁၉၆၇ ခုနှစ်တွင် တက္ကသိုလ်ရွှေရီဝင်းနှင့် အိမ်ထောင်ကျပြီး သားနှင့်သမီး အမွှာမောင်နှမ မောင်ရစ်နှင့် ဂျူနီယာဝင်း တို့ရရှိခဲ့သည်။

စာပေရေးရာ

၁၉၈၇-၈၈ ခုနှစ်တွင် Working people Daily သတင်းစာတွင် အင်္ဂလိပ်လို ဆောင်းပါးများကို တစ်ပတ်ကို ၂ ကြိမ်ခန့် ရေးသားခဲ့သည်။ ၁၉၉ဝ နောက်ပိုင်းတွင် အတွေးအမြင်တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ နောက်ပိုင်းတွင် စတိုင်သစ်၊ ပိတောက်ပွင့်သစ်၊ ချယ်ရီ မဂ္ဂဇင်းများတွင် ဆောင်းပါးများ အလျင်းသင့်သလို ရေးသားခဲ့သည်။

ဆရာဘဝ

ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် ၁၉၆၁ မှစတင်၍ အမူထမ်းခဲ့သည်။ ၎င်းနောက် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် (၁၉၆၆-၁၉၇၄)၊ ပုသိမ်ဒီဂရီကောလိပ် (၁၉၇၄-၇၆)၊ တက္ကသိုလ်စာပေးစာယူသင်တန်းဌာန (အဝေးသင်တက္ကသိုလ်) ရန်ကုန် (၁၉၇၇-၁၉၉၁) တို့တွင် အမှုထမ်းခဲ့သည်။ တက္ကသိုလ် စာပေးစာယူ သင်တန်းတွင် အမှုထမ်းနေစဉ် အတွင်း ၁၉၈ဝ ခုနှစ်တွင် အင်္ဂလန်နိုင်ငံရှိ Open University တွင် စာပေးစာယူသင်တန်း တက်ရောက်ခဲ့သည်။ ၁၉၉၁ တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် အမှုထမ်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ၃ လသာ ရန်ကုန်တက္ကသိုလ် သင်္ချာပါမောက္ခရာထူး ဆက်ခံခဲ့ပြီး အနားယူခဲ့သည်။

ယခုအခါ အတွေးအမြင်မဂ္ဂဇင်းတွင် ရေးနေကျဆောင်းပါးများ၊ သိပ္ပံနှင့်နည်းပညာဂျာနယ် တွင် သိပ္ပံဝတ္ထုများ ရေးသားလျက်ရှိသည်။


ထွက်ရှိခဲ့သောစာအုပ်များ

  1. သင်္ချာသစ် (စာပေဗိမာန်) ၁၉၈၆၊ ၁၉၈၇
  2. အခြေခံသင်္ချာသစ် (လောကသစ်စာပေ) ၁၉၉၁
  3. ဂိမ်းသီအိုရီ (ဒေါင်းစာပေ) ၂၀၀၂
  4. သင်္ချာပညာတော်သင်ဘဝ (ဒေါင်းစာပေ) ၂၀၀၃
  5. ခေတ်သစ်သင်္ချာ (စိတ်ကူးချိုချို) ၂၀၀၃
  6. သင်္ချာဝေါဟာရ (မုံရွေးစာပေ) ၂၀၀၃
  7. အသက်ကိုဖန်တီးခြင်း (ဒေါင်းစာပေ) (တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍) ၂၀၀၃
  8. သင်္ချာအတွေးအခေါ်ဆောင်းပါးများ (ယူနတီ) (တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍) ၂၀၀၄
  9. ဖက်ဇီလောဂျစ် (မုံရွေး) ၂၀၀၄
  10. ကွန်ပြူတာသုံးသင်္ချာ (မြန်မာ society) ၂၀၀၄
  11. နဝမတန်းသင်္ချာအကြောင်းသိကောင်းစရာ (ယူနတီ) ၂၀၀၅
  12. သင်္ချာအဘိဓာန် (ဓူဝံစာပေ) (ဂျူနီယာဝင်း နှင့်တွဲ၍)၂၀၀၅
  13. သင်္ချာမိတ်ဆက် (မုံရွှေး) ၂၀၀၅
  14. သင်္ချာဝေါဟာရ - ၂ (မုံရွေး) ၂၀၀၅
  15. ဒေးကားမိတ်ဆက် (မုံရွေး) ၂၀၀၆
  16. ပထမနှစ်သိပ္ပံ (အဝေးသင်) (စိတ်ကူးချိုချို) ၂၀၀၆
  17. ၁ဝ တန်း သင်္ချာပုစ္ဆာများကို သရုပ်ခွဲလေ့လာနည်း (စိတ်ကူးချိုချို) ၂၀၀၆
  18. စကြာဝဠာ မိတ်ဆက် (မုံရွေး) ၂၀၀၆ (တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)
  19. ကမ္ဘာနှင့်အိမ်နီးချင်းဂြိုဟ်များ (မုံရွေး) ၂၀၀၇ (တက္ကသိုလ်ရွှေရီဝင်းနှင့်တွဲ၍)
  20. ရောင်စုံလှစွာပြည်မြန်မာ (ပါရမီ) ၂၀၀၇ (ဒေါ်ခင်မျိုးချစ်ရေး Colourful Burma မှ ဗုဒ္ဓဘာသာအကြောင်း ဆောင်းပါးများ ဘာသာပြန်ဆိုချက်)
  21. ပညာအလင်းမိတ်ဆက် (မုံရွေး) ၂၀၀၇
  22. ခေတ်သစ်အတွက်ပညာရေး (မုံရွေး) ၂၀၀၈
  23. ပညာရှာခြင်းနှင့် မှတ်မိခြင်းမိတ်ဆက် (မုံရွေး) ၂၀၀၈

ဘာသာပြန်အချို့နှင့် သိပ္ပံဆောင်းပါးများ

The Light Of English တွင် အင်္ဂလိပ်စာဆောင်းပါးများ၊ English For All တွင် တက္ကသိုလ်ရွှေရီဝင်းနှင့် တွဲ၍ ဒေါ်ခင်မျိုးချစ် ရေးသားခဲ့သော Wonderland Of Burmese Legends ဘာသာပြန်ဆောင်းပါးများ လစဉ်ရေးသားသည်။

ကိုးကား

    • Voice of America Tribute to Dr Khin Maung Win, Interview with Sayar Kyawe. Original Air Date : 25 July 2008.
    • Burmese Encyclopedia Vol 4, p-742 Printed 1980.
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.