ခင်ဦးဇွန်း

ခင်ဦးဇွန်းသည် မြန်မာအမျိုးသမီးထဲ၌ အစောဆုံး အင်္ဂလိပ်စာ သင်ယူတတ်မြောက်သူဟု ဆိုနိုင်ပါသည်။ ခင်ဦးဇွန်းကို မြဝတီမင်းကြီး ဦးစ၏ နှမရင်း ဒေါ်လုံမနှင့် ပြင်သစ် အမေရိကန်ကပြား ဦးဝိုက်(Mr.White) တို့၏သမီး မဖြူနှင့် ခင်ပွန်း ဦးစံခိုင်တို့မှ ၁၈၇၁-ခုနှစ်တွင် ဖွားမြင်သည်။ ခင်ဦးဇွန်း၏ မိခင်ဒေါ်ဖြူမှာ ရွှေချည်ထိုး အတတ်ကို ကျွမ်းကျင်စွာ တတ်မြောက်သူဖြစ်သည်။ ဦးစံခိုင်မှာမူ မြန်မာမင်းလက်ထက် အမှုတော်ထမ်း ရွှေဇင်ယော် ပဲ့နင်းစစ်ကဲတော်မင်း ဖြစ်သည်။

ခင်ဦးဇွန်းမှာ မွေးချင်းမောင်နှမ ငါးဦးရှိရာ ဒေါ်ခင်ဆင့် (ပိုးကုန်သည်)၊ ဒေါ်ခင်ခင် (သံတော်ဆင့်ဦးအံ့ကိုးဇနီး)၊ ဦးအေး(နယ်စီးတောအုပ်ကြီး)၊ ဒေါ်ခင်တုတ်(ကြေးနန်းဝန်တော်ကတော်)နှင့် ခင်ဦးဇွန်းတို့ ဖြစ်ကြသည်။ ခင်ဦးဇွန်းသည် အငယ်ဆုံးဖြစ်ပြီး ငယ်စဉ်ကပင် မိခင်ဒေါ်ဖြူနှင့်အတူ သီပေါမင်းတရား နန်းစံရာ နန်းတွင်းသို့ လိုက်ပါသွားလေ့ ရှိခဲ့သည်။ ပါတော်မူပြီးစတွင် မိခင်အိုကြီးနှင့် မန္တလေးမြို့၊ သမီးတော်ဈေးရပ်တွင် အတူနေထိုင်ရင်း အေဘီအမ်ကျောင်း၌ အင်္ဂလိပ်စာ သင်ယူခဲ့သည်။ ခရစ်ယာန်သာသနာပြုတို့၏ ထောက်ပံ့မှုနှင့် ရန်ကုန်ကြည့်မြင်တိုင် နော်မံကျောင်းတက်ခဲ့သူဖြစ်သည်။

ခင်ဦးဇွန်းသည် ကျောင်းဆရာ ဦးထွန်းဖေ (နောင် ဂျပ်ဆင်ကောလိပ် ကျောင်းအုပ်ကြီး) နှင့် ၁၉၀၁-ခု၊ ဖေဖော်ဝါရီလတွင် လက်ဆက်ကာ သားသမီး (၈)ဦးဖွားမြင်ခဲ့သည်။ အားလုံးမှာ ဘွဲ့ရပညာတတ်များဖြစ်ကြပြီး သမီးဒေါ်လှသိန်း(ဆည်မြောင်းမင်းကြီးချုပ် ရောဘတ်မောင်တင်၏ ဇနီး) သည် မြန်မာအမျိုးသမီးများထဲတွင် ပထမဆုံး B.Sc ဘွဲ့ရရှိသူဖြစ်သည်။ ခင်ဦးဇွန်းသည် အသက် ၉၀-နှစ်နီးပါးအရွယ် ၁၉၆၀ ပြည့်နှစ်က ခင်ပွန်း ဦးထွန်းဖေနှင့် အတူ လမ်းမတော် ဦးနော ဇရပ်၌ နှစ် ၆၀-ပြည့် စိန်ရတုမင်္ဂလာပွဲ လုပ်ခဲ့သေးသည်။ ၁၈-ရက်၊ ဇူလိုင်လ၊ ၁၉၆၄-ခုနှစ်တွင် ခင်ဦးဇွန်း ကွယ်လွန်သွားသည်။

စာပေလက်ရာ

ခင်ဦးဇွန်းသည် ၁၈၉၅-ခုနှစ်တွင် ရန်ကုန် နော်မံကျောင်း အောင်မြင်ပြီးနောက် ရန်ကုန်၌ပင် အိမ်ထောင်ကျခဲ့သည်။ ထို့နောက် ခင်ပွန်းဦးထွန်းဖေနှင့်အတူ မန္တလေးပြန်သွားပြီး ၁၉၀၆-ခုနှစ်တွင် ရန်ကုန်သို့ တစ်ဖန်ပြောင်းရွှေ့လာခဲ့ကြပြန်သည်။ ထိုစဉ် သားတစ်ယောက်၊ သမီးတစ်ယောက် ရရှိနေသည်။ ခင်ပွန်းသည် တက္ကသိုလ် ဆီးနိတ်ကောင်စီလူကြီးဖြစ်စဉ် ခင်ဦးဇွန်းက ဒပ်ဖရင်ဆေးရုံ၌ သားဖွားဆရာမ သွားလုပ်၏။ ၁၉၄၁-ခုနှစ် ဂျပန်ဝင်စဉ် ရှမ်းပြည်နယ်၊ ကလောမြို့မှတစ်ဆင့် ရပ်စောက် ဘုရားဖြူရွာသို့ သွားရောက်တိမ်းရှောင်ရသည်။ ထို၌ စစ်ဘေးဒုက္ခသည်များကို ကြည့်ရှုစောင့်ရှောက်ခဲ့ရသည်။[1]

ကိုးကား

  1. တင်နိုင်တိုး ရေး၊ ကုန်းဘောင်နွယ် စာပေမျိုးဆက် စာအုပ်မှ ၊ စာ- ၂၅၊ ၂၀၁၀-ခုနှစ်၊ မေလ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.