ခင်၊ မောင် (ဆာ)

ဆာမောင်ခင်
(၁၈၇၂-၁၉၂၄)
မွေးသက္ကရာဇ် ၁၈၇၂
အမည်ရင်း မောင်ခင်
မိဘအမည် ဦးဘိုးကျော် + ဒေါ်ကြာနှင်း
မွေးဖွားရာဒေသ ရန်ကုန်မြို့၊ ပုဇွန်တောင်ရပ်
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာ
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် ဟိုက်ကုတ်တရားဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး
ကြင်ဖော် ဒေါ်ခင်သန်းမေ
သားသမီး သား ဝတ်လုံတော်ရ ဦးမျိုးခင်၊ သမီး ဒေါ်ခင်⁠ခင်အေး
ထင်ပေါ်ကျော်ကြားမှု ဟိုက်ကုတ်တရားဝန်ကြီး၊ အဂတိလိုက်စားခြင်းမှ ကင်းရှင်းသော တရားသူကြီးကောင်း တစ်ဦးအဖြစ် ကြည်ညိုလေးစားခြင်းခံရသူ
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ ကေ၊ စီ၊ အိုင်၊ အီး၊ ခေါ် ဆာဘွဲ့ (၁၉၂၄)
ကွယ်လွန်ရက် ၂၂ အောက်တိုဘာ ၁၉၂၄
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်

ဆာမောင်ခင် (ခရစ် ၁၈၇၂-၁၉၂၄)

မြန်မာနိုင်ငံတွင် ပထမဆုံးဆာဘွဲ့ရသူမှာ မောင်ခင် ဖြစ်သည်။ ဆာမောင်ခင်ကို ရန်ကုန်မြို့၊ ပုဇွန်တောင်ရပ် မြေပိုင်ရှင် အမှုထမ်းကောင်းတံဆိပ်တော်ရမင်း ဦးဘိုးကျော်နှင့် ဒေါ်ကြာနှင်းတို့မှ ခရစ် ၁၈၇၂ ခုနှစ်တွင် ဖွားမြင်သည်။ ငယ်စဉ်က ရန်ကုန်မြို့ စိန်ပေါကျောင်းတွင် ပညာသင်ပြီးနောက် ရန်ကုန်ကောလိပ်၌ ဆက်လက် ပညာသင်ယူခဲ့ရာ အက်(ဖ) အေ စာမေးပွဲကို အောင်မြင်ခဲ့လေသည်။ ထို့နောက် အင်္ဂလန်ပြည်သို့ သွားရောက်၍ ဝတ်လုံ အတတ်ကို ဆည်းပူးလေ့လာသည်။ ၁၈၉၈ ခုနှစ်တွင် မစ်ဒဲတင်ပယ်မှ ဝတ်လုံစာမေးပွဲကို အောင် မြင်ခဲ့သည်။

မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် နှစ်ပေါင်း အတော်ကြာအောင် ဝတ်လုံဘဝနှင့် အသက် မွေးခဲ့သည်။ ထို အတောအတွင်း၌ ရန်ကုန်ကောလိပ်တွင် ဥပဒေကထိက ဆရာ အဖြစ်ဖြင့် ဆောင်ရွက်ခဲ့ဘူးသည်။ ထို့နောက် အစိုးရ ရှေ့နေချုပ်၏ လက်ထောက်အဖြစ်ဖြင့် ခန့်ထားခြင်းခံရသည်။ ထိုမှတစ်ဆင့် ရန်ကုန်မြို့ စမော်ကော်ရုံးကြီးတွင် တရားသူကြီး အဖြစ်မှ ခန့်အပ်ခြင်းခံရသူ ဖြစ်လေသည်။ ဆာမောင်ခင်မှာ မြန်မာထဲမှ ထိုရာထူးကို ပထမဆုံး ခန့်အပ်ခြင်းခံရသူ ဖြစ်လေ သည်။

ထို့နောက် များမကြာမီ တရားသူကြီးအဖြစ်မှ နုတ်ထွက်၍ ဒုတိယအစိုးရရှေ့နေချုပ်အဖြစ် ဆောင်ရွက်နေစဉ် ချိကုတ်ခေါ် တရားလွှတ်တော်တွင် မြန်မာထဲမှ ပထမဆုံး တရားဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရလေသည်။ ခရစ် ၁၉၂၁ ခုနှစ်တွင် ချိကုတ်တရားလွှတ်တော်တွင် တရားဝန်ကြီးချုပ်အဖြစ် ခန့်အပ် ခြင်း ခံရသည်။ ၁၉၂၂ ခုနှစ်တွင် မြန်မာပြည်ချိကုတ်ကို ဟိုက် ကုတ်အဖြစ်သို့ တိုးမြှင့်လိုက်ရာ ဦးခင်မှာ ဟိုက်ကုတ်တရား ဝန်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။

၁၉၂၃ ခုနှစ်၌ မြန်မာနိုင်ငံကို ဒိုင်အာခီအုပ်ချုပ်ရေးစံနစ် ပေးအပ်လိုက်သောအခါ ဦးခင်အား ပြည်ထဲရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့လေသည်။ ၁၉၂၄ ခုနှစ်တွင် ကေ၊ စီ၊ အိုင်၊ အီး၊ ခေါ် ဆာဘွဲ့ကို မြန်မာထဲမှ ပထမဆုံး ချီးမြှင့်ခြင်းခံရသူ ဖြစ်ပေသည်။

ဆာမောင်ခင်သည် ၁၉ဝ၁ ခုနှစ်၌ အိမ်ထောင်ပြုခဲ့သည်။ ဇနီးမှာ ရန်ကုန်မြို့ သမာဓိမြို့ဝန် ဦးဖိုး၊ ဒေါ်ဒေါ်ရွက်တို့၏ သမီးကြီး ဒေါ်ခင်သန်းမေ ဖြစ်သည်။ ဒေါ်ခင်သန်းမေမှာ ကုန်းဘောင်ခေတ် မြန်မာဘုရင်  ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရား ဒလမြို့စား  မွန်လူမျိုးစစ်ကဲကြီးမောင်ထော်လေး (နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး)၏ မြစ်ဖြစ်သည်။[1] ဆာမောင်ခင်နှင့် လေဒီ ခင်တို့တွင် သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ရာ သားမှာ ဝတ်လုံတော်ရဦးမျိုးခင်ဖြစ်၍ သမီးမှာ ဒေါ်ခင်⁠ခင်အေး ဖြစ်သည်။

ဆာ မောင်ခင်သည် ရန်ကုန်မြို့ ကန်တော်ကြီးစောင့်ရှိ အိုးရီးယင့် ကလပ်ကို စတင်တည်ထောင်ခဲ့သူတစ်ဦး ဖြစ်သည့် အပြင် ထိုကလပ်၌ ပထမဆုံးဥက္ကဋ္ဌလည်း ဖြစ်လေသည်။ ရန်ကုန်မြို့ မြင်းပွဲအသင်းကြီးတွင် စတူးဝပ် လူကြီးအဖြစ်ဖြင့် လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ သည်။ မြန်မာနိုင်ငံ သုတေသနအသင်းကြီး၌လည်း ထိရောက် စွာ ပါဝင်ဆောင်ရွက် ကူညီခဲ့လေသည်။

ဆာမောင်ခင်သည် အသားညို၍ အရပ်အမောင်း ကောင်း ပြီးလျှင် ခန့်ညားသော ဥပဓိရုပ်ရှိသည်။ အားလပ်ချိန်တွင် မြင်း စီးခြင်း၊ ပန်းပင်စိုက်ခြင်းများကို ပြုလုပ်လေ့ရှိသည်။ မြင်းပြပွဲ၊ ခွေးပြပွဲနှင့် ပန်းပင်ပြပွဲ ပြိုင်ပွဲများကို ဦးစီးကျင်းပလေ့ ရှိသည်။ ဆာခင်မောင်မှာ နိုင်ငံရေးသမားတစ်ဦး မဟုတ်ခဲ့သော်လည်း အုပ်ချုပ်ရေးဖက်တွင် တတ်သိကျွမ်းကျင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ အဂတိလိုက်စားခြင်းမှ ကင်းရှင်းသဖြင့် တရားသူကြီး ကောင်းတစ်ဦးအဖြစ် ကြည်ညိုလေးစားခြင်း ခံရလေသည်။ ပြည်ထဲရေးဝန်ကြီးအဖြစ် ဆောင်ရွက်နေစဉ် ၁၉၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကွယ်လွန်သည်။ [2]

ကိုးကား

  1. Oung, Kin Thida (2007). A Twentieth Century Burmese Matriarch. Lulu. p. 200. ISBN 9780557102297.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.