ခနုံထုပ်

ခနုံထုပ်ဆိုသည်မှာ မန္တလေးမြို့၏ တော်ဝင်နန်းသုံး အစားအစာတစ်ခုဖြစ်သည်။ ခနုံထုပ်သည် မြန်မာအမည်မဟုတ်ပါ။ ယိုးဒယားအမည် Khanom (ထိုင်း: ขนม)ဖြစ်သည်။

မန္တလေးမြို့ရဲ့ တော်ဝင်နန်းသုံးအစားအစာ ခနုံထုပ်

ခရစ်နှစ် ၁၇၆၃ ခုနှစ်တွင် အင်းဝနေပြည်တော်ဆင်ဖြူရှင်မင်း စိုးစံစဉ်အခါက စစ်ပွဲနိုင်သဖြင့် ခေါ်ယူလာသော ယိုးဒယားလူမျိုးများကို အင်းဝတွင် နေရာချထားပေးခဲ့သည်။ ကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်ရောက်သည့်အခါ မင်းတုန်းမင်းက ရတနာပူရ ခေါ် မန္တလေးရတနာပုံ နေပြည်တော် တည်ထောင်သည့်အခါတွင် ယိုးဒယားဝင်း၊ ယိုးဒယားတန်း၊ မင်းသားစု၊ မုန့်တီစု ဟူသော ဝင်းများ၊ ရပ်ကွက်များတွင် ယိုးဒယားလူမျိုးများ ဆက်လက်ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။

ယိုးဒယားဝင်းသည် လက်ရှိ မန္တလေးမြို့ (၂၉ ) လမ်းနှင့် လမ်း (၃၀) ကြား ၊ (၈၁) လမ်းနှင့် (၈၂) လမ်းကြားတွင် တည်ရှိသည်။ ထို ယိုးဒယားဝင်းတွင် ယိုးဒယား အစားအသောက်များ ရောင်းချသော ဈေးလည်း ရှိခဲ့သည်။ ယိုးဒယားဈေးတွင် ရောင်းချသော ယိုးဒယား အစားအသောက်များမှာ မုန့်တီမုန့်ဟင်းခါးအုန်းနို့ခေါက်ဆွဲထိုးမုန့်ဆနွင်းမကင်းမာစကတ်မုန့်လက်ဆောင်းနှင့် ခနုံထုပ်တို့ ဖြစ်ပြီး ထိုအစားအစာအားလုံးသည် အခုအခါတွင် မန္တလေးမုန့်များ ဖြစ်ကုန်ကြသည်။

ဒီအစားအစာများထဲမှ ခနုံထုပ်သည် တော်ဝင်နန်းသုံးအစားအစာ ဖြစ်ခဲ့သည်။ ပါတော်မူပြီးနောက် ကာလများတွင်လည်း ဆွေတော် မျိုးတော်များ၏ အလှူအတန်း ပွဲလမ်းများတွင် ခနုံထုပ်ကို ဂုဏ်ယူဝင့်ကြွားစွာ ထည့်သွင်းကျွေးမွေးကြသည်။ ခေတ်ပြောင်းလာသည့်အခါတွင်လည်း ကုန်သည် ပွဲစား ပိုက်ဆံရှိအသိုင်းအဝိုင်း၏ အလှူအတန်းများတွင် ခနုံထုပ်ကို တခုတ်တရ ထည့်သွင်းကျွေးမွေးဧည့်ခံသော အစဉ်အလာ တစ်ရပ်လည်းရှိခဲ့သည်။

မန္တလေး ဈေးချိုတော် ခေတ်ကောင်းစဉ်အခါကလည်း ဈေးချိုသူများ၏ နေ့လယ်နေ့ခင်း အဆာပြေတန်ဖိုးရှိ အစားအစာဖြစ်ခဲ့ပါသေးသည်။ နောက်ပိုင်း အလှူအတန်းများတွင် အသင့်စား ရေခဲမုန့်၊ ကိတ်မုန့်၊ ဒင်းဆမ်းတို့ နေရာယူသွားချိန်တွင် ခနုံထုပ်သည် ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရသည်။

မန္တလေးမြို့တွင် လ္ဘက်ရည်ဆိုင် ယဉ်ကျေးမှု ထွန်းကားလာချိန် မန္တလေးအစားအစာအများစု လ္ဘက်ရည်ဆိုင်များတွင် ရရှိနိုင်သော်လည်း တော်ဝင်နန်းသုံးအစားအစာ ခနုံထုပ်အား မရရှိနိုင်ခဲ့ပေ။ ထိုမုန့်ကို မန္တလေး ဒေသခံ ဇနီးမောင်နှံ နှစ်ဦးက မန္တလေးမြို့နာမည်ကြီး လ္ဘက်ရည်ဆိုင်များမှာ ခနုံထုပ်ကို ပြန်လည်ဖော်ထုတ်လိုက်ရာတွင် မန္တလေး၏တော်ဝင်နန်းသုံး အစားအစာ ခနုံထုပ်သည် လက်ရှိ မန္တလေးမှ နာမည်ကြီး လ္ဘက်ရည်ဆိုင် တော်တော်များများတွင် မှာယူစားသုံးလို့ရနေပြီ ဖြစ်သည်။

အကိုးအကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.