ခမာလူမျိုး

ခရစ် ၁၃ ရာစုနှစ်များ မတိုင်မီကာလက အာရှတိုက်အရှေ့တောင်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် ယဉ်ကျေးမှု ဖက်၌လည်းကောင်း၊ နိုင်ငံအင်အားဖက်၌လည်းကောင်း၊ ပြိုင်ဖက်ကင်းလောက်အောင် တိုးတက်ထွန်းပြောင်ခဲ့သော နိုင်ငံမှာ ခမာဘာသာစကားကို ပြောဆိုကြသော သူတို့၏ နိုင်ငံဖြစ်ခဲ့၏။ ထိုနိုင်ငံမှာ ၉ ရာစုနှစ်များ အစလောက်မှစ၍ ကမ္ဗုဇဟု တွင်ခဲ့သည်။ ခမာမှာ ဘာသန္တရအရ ခေါ်ဝေါ်သော အမည်တစ်ခုဖြစ်သည်။ အာရှတိုက် အရှေ့တောင်ပိုင်းဒေသနှင့် ယင်းဒေသများ၏ တောင်ဖက်ရှိကျွန်းများတွင် အများဆုံးပြောဆိုကြသည့် ဘာသာစကားတို့မှာ ဩစတြစ်ခေါ် တောင်ပိုင်း ဘာသာစကားစုကြီးတွင် ပါဝင်သော ဘာသာစကားများဖြစ်ရာ၊ ကုန်းဩစတြစ်အစုဟု ခေါ်အပ်သော ဩစတြိုအေရှီ အက်တစ် အစုဝင် မွန်-ခမာအစုခွဲ၏ ဘာသာစကားတစ်ရပ်ဖြစ်ပေသည်။

မွန်ခမာအစုခွဲများ

ယင်းဘာသာစကားကို ပြောဆိုသော သူတို့မှာ ယခင်က ပြင်သစ်ပိုင် အင်ဒိုချိုင်းနားနိုင်ငံများတွင် အာနမ်ပြည်မှအပ နိုင်ငံရေးအရ လည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း အရေးကြီးဆုံးဖြစ်သည့် မဲခေါင်မြစ်ဝှမ်းတောင်ဖက်ပိုင်းရှိ ကမ္ဗောဇနိုင်ငံတွင် အများဆုံး နေထိုင်ကြသည်။ ထိုဒေသ၏ အနောက်ဖက် ယိုးဒယားနိုင်ငံနှင့် အရှေ့ဖက် ကိုချင်ချိုင်းနား နိုင်ငံတို့တွင်လည်း ခမာစကားပြောဆိုသူ အချို့တို့ကို တွေ့နိုင် ပေသေးသည်။ ယင်းတို့နှင့် ဘာသာစကားတူဖြစ်သော အခြားမွန်ခမာ အစုခွဲတွင် ပါဝင်သည့် ဘာသာစကားတို့ကို ပြောဆိုသူများကို ယခု ဗီယက်နမ်နိုင်ငံတွင် ပါဝင်သော မြောက်ဘက် တုံကင်းနယ်မှ အာနမ်တောင်ရိုးတစ်လျောက် တောင်ဘက် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများ ရှိ ကိုချင်ချိုင်းနားပြည်အထိလည်းကောင်း၊ ရှေ့ဘက် တုံကင်းနယ်မှ လာအိုနယ် ယိုးဒယား မြောက်ပိုင်တို့ကို ဖြတ်၍ အနောက်ဖက်မြန်မာပြည် ကျိုင်းတုံနယ်အထိ ဖြစ်သော ဒေသထိလည်းကောင်း တွေ့ရသည်။ ထိုမှတစ်ပါး မြန်မာနိုင်ငံအတွင်းရှိ မွန်များ၊ ပအိုဝ်းများ၊ ပလောင်များ၊ ဝ များသည်လည်း ယင်းတို့နှင့် အနွယ်တူ ဖြစ်ရာ ကမ္ဗောဒီးယားနေ ခမာတို့မှာ မြန်မာနိုင်ငံ တိုင်းရင်းသားအချို့နှင့် အနွယ်တူနေကြသူများလည်း ဖြစ်ပေသည်။ အခြားအနွယ်တူ လူမျိုးများမှာ အာသံပြည်ရှိ ခါစီလူမျိုးများ၊ အိန္ဒိယပြည် အလယ်ပိုင်းရှိ မုဏ္ဍာလူမျိုးများနှင့် နကဗရီကျွန်းသားများ ဖြစ်သည်။

လူမျိုးအလိုက်အနွယ်

မွန်ခမာအစုခွဲဝင် ဘာသာစကားများကို ပြောဆိုကြသော လူမျိုးတို့အနက်အချို့မှာ မူလတိုင်းဦးသားများ ဖြစ်ကြ၍ အချို့မှာ နောက်ကာလများမှ ရွေ့ပြောင်းဝင်ရောက်လာကြသော တောင်ပိုင်းမွန်လူမျိုးစုများ ဖြစ်ကြရာ လူမျိုးရေးအရဆိုသော် ခမာတို့မှာ မွန်မြန်မာတို့ကဲ့သို့ များသောအားဖြင့် တောင်ပိုင်း မွန်ဂိုလူမျိုးစုဝင်များ ဖြစ်ကြသည်။ လွပ်လပ်သော လူမျိုးအဖြစ် အချုပ်အခြာအာဏာပိုင် နိုင်ငံနှင့် နေထိုင်လျက်ရှိသော ယခုခေတ်ခမာတို့မှာ ကမ္ဗောဇပြည်သားများ ဖြစ်ကြပေသည်။

သမိုင်းအကျဉ်း

တချိန်က တန်ခိုးထွားခဲ့သော ခမာတို့သမိုင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ရှေးဟောင်းသမိုင်း ကျောက်ခေတ်ယဉ်ကျေးမှုသည် ဘီစီ ၁၅၀၀ က အာရှအရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် ဟိန်းဂဲလဒန်ခေါ် အရှေ့တိုင်း သမိုင်းပါရဂူ တစ်ဦးက ယူဆခဲ့သည်။ ထိုခေတ်က လူမျိုး၏ ယုံကြည်ကိုးကွယ်မှုနှင့် ယဉ်ကျေးမှု အချက်အလက်တို့သည် ခရစ်နှစ်အစလောက်တွင် ဤဒေသတွင် ကြေးဝါခေတ် ပေါ်ပေါက်လာသည့်တိုင်အောင် အစဉ်အဆက်ပါလာခဲ့လေသည်။ ထိုခေတ်က ဤဒေသတွင် နေထိုင်သူတို့မှာ အင်ဒိုနီးရှင်းများ ဖြစ်ကြ၏။ ထိုအချိန်လောက်မှစ၍ အိန္ဒိယပြည်မှ ကုန်သည်များ ရောက်ရှိခဲ့ကာ အိန္ဒိယယဉ်ကျေးမှု များ လွှမ်းမိုးလာခဲ့လေသည်။ ထိုလွှမ်းမိုးမှုမှာ မလ္လာယုကျွန်းဆွယ်နှင့် ယိုးဒယားပြည်တို့တည်ရာ အနောက်ပိုင်းတွင် ပိုမိုများပြား လေးနက်သလောက် ကမ္ဗောဇ၊ အာနမ်၊ စမ္ပာ စသည့် အရှေ့တိုင်းဒေသများတွင် လေးနက်မှု မရှိပေ။ ထိုဒေသတို့၌ အထူးသဖြင့် ကမ္ဗောဇပြည်၌ မူရင်း ယဉ်ကျေးမှုနှင့် တိုင်းရင်းသားတို့၏ ဗီဇအရည်အချင်းများက ယဉ်ကျေးမှုကို အသွင်ပြောင်းနိုင်စေခဲ့၏။

တရုတ်ပြည် ဟန်မင်းဆက် ကုန်ဆုံးပြီးနောက် (ခရစ် ၂၂၁ ခုနှစ်နောက်) ပေါ်ပေါက်ခဲ့သော သုံးပြည်ထောင်ခေတ်တွင် တောင်ဘက်ပြည်ဖြစ်သော ဝုပြည်မှ အာရှအရှေ့တောင်ပိုင်းသို့ စေလွှတ်သော သံတမန်တို့၏ မှတ်တမ်းများအရ ယခုကမ္ဗောဇပြည်ဒေသတွင် ဖူနန်ပြည် ရှိခဲ့ကြောင်းနှင့် ဖူနန်ပြည် တန်ခိုးကြီးပုံကို ဖော်ပြထားလေသည်။ ၅ ရာစုနှစ် ၆ ရာစုနှစ်များလောက်တွင် ဖူနန်နိုင်ငံ တန်ခိုးမှိန်ခဲ့၍ မဲခေါင်မြစ်ဝှမ်းတွင် ချန်လပြည်သစ် ပေါ်ပေါက်လာခဲ့သည်။ ထိုပြည်သစ်မှာ ခမာတို့၏ ပြည်ဖြစ်၍ ခမာတို့ရောက်ရှိ တန်ခိုးကြီးလာခြင်း၏ အစပင် ဖြစ်သည်။

ခမာတို့အလျင် ဖြစ်ခဲ့သော သမိုင်းအကျဉ်းကို ဖော်ပြရခြင်းမှာ အိန္ဒိယပြည်မှ ယဉ်ကျေးမှုများ ရောက်ရှိလွှမ်းမိုးလင့်ကစား၊ ခမာယဉ်ကျေးမှုမှာ ကျောက်ခေတ်သစ်၊ ကြေးဝါခေတ်တို့မှ ဆက်လက်ရရှိခဲ့သော အချက်အလက်များတို့ကို အခြေခံထားသောကြောင့် ဖြစ်သည်။ ခမာတို့၏ ပထမပြည်ဖြစ်သော ချန်လအကြောင်းကို ရွှန်ဆန်၏ မှတ်တမ်းများနှင့် ထိုခေတ်ကျောက်စာတို့မှ သိရသည်။ ချန်လမှာ ဖူနန်၏ မြောင်ဖက် မဲခေါင်မြစ်ပေါ်၌ တည်ရှိ၍ ယခု ဗဆက်ဒေသလောက်တွင် ရှိသည်ဟု သိရသည်။ မြို့တော်မှာ ဣသျှာနပုရ ဖြစ်၏။ ခရစ် ၆၇၀ ပြည်နှစ်လောက်တွင် ချန်လမှာ ရေချန်လ၊ ကုန်းချန်လဟု တောင်ပိုင်း မြောက်ပိုင်း ၂ ပိုင်းကွဲခဲ့၏။ မြောက်ပိုင်းကုန်းချန်လမှာ ယခုကမ္ဘောဒီးယားနိုင်ငံပင် ဖြစ်သည်။

ဤကဲ့သို့ ကွဲပြားခဲ့သဖြင့် အင်အား နည်းကာ ဆူမတြားကျွန်းနှင့် ဂျားဗားကျွန်းတို့ အခြေပြု၍ တန်ခိုးကြီးလာသော သီရိဝိဇယနိုင်ငံ၏ လွှမ်းမိုးမှုကို ခေတ္တအားဖြင့် ခံခဲရလေသည်။ ထိုနိုင်ငံနှင့် အဆက်အသွယ်ရှိသော ဒုတိယမြောက် ဇဝရမန်သည် ၈၀၂ ခုနှစ်တွင် ကွဲပြားနေသော ချန်လပြည်တို့ကို စုစည်း၍ ကမ္ဗုဇာ (ကမ္ဗု၏သားများ) အမည်ဖြင့် ကမ္ဗောဇနိုင်ငံကို စတင်ထူထောင်ခဲ့သည်။

ကမ္ဗောဇတန်ခိုးထွားသည့်ခေတ်

စီးပွားရေး ကောင်းစွာတိုးတက်၍ တန်ခိုးကြီးချက်ရှိသော သီရိဝိဇယနိုင်ငံနှင့် မဟာမိတ်ဖြစ်သော ကမ္ဗောဇနိုင်ငံကို အုပ်ချုပ်လာခဲ့သော ထိုမင်းဆက်၏ မင်းများသည် နှစ်ပေါင်း ၇၅ နှစ်မျှ ဆက်လက်အုပ်ချုပ်ခဲ့ကြ၏။ ၉ ရာစုနှစ်များ ကုန်သောအခါတွင် ခမာတို့၏နိုင်ငံမှာ မြောက်ဖက် တရုတ်ပြည်၊ အနောက်မြောက်ဘက် နန်ချို၊ အနောက်ဖက် မြန်မာပြည်ရှိ ပျူနိုင်ငံတို့အထိ ဩဇာလွှမ်းမိုးကျယ်ပြန့်ခဲ့သည်။

ဇယဝရမန်မင်းဆက်ကို ဣန္ဒဝါရမန်မင်းဆက်က ဆက်ခံခဲ့၏။ ပထမမြောက် ဣန္ဒဝါရမန်မင်းသည် ကမ္ဘာပေါ်၌ ထင်ပေါ်သော အင်းကော(အန်ကော ဟုလည်း ခေါ်သည်)မြို့တော်ကို စတင်တည်ထောင်ခဲ့သည်။ ထိုမင်းဆက်မှာ ၁၂၅ နှစ်မျှတန်ခိုးကြီးခဲ့ကြ၍ ဘုရားကျောင်းကန်များ များပြားလှသော အင်းကောမြို့ကြီးကို အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် အခမ်းနားအကြီးကျယ်ဆုံးဖြစ်အောင် ဖန်တီးခဲ့ကြလေသည်။ အင်းကောဝတ်ကျောင်းကိုမူ ထိုမင်းဆက်ကို ဆက်ခံသော မင်းဆက်၏ ဒုတိယမြောက် မင်းလက်ထက် ၁၁၁၅ ခုတွင် တည်ဆောက်ခဲ့သည်။ အင်းကောတွင် တွေ့ရသည့် ဆန်းကြယ်လှသော ဗိသုကာပညာ ကျော်ဆစ်လက်ရာ ပန်းပုပညာ စသည်တို့တွင် ဗြာဟ္မဏအယူဝါဒ ဗုဒ္ဓအယူဝါဒတို့နှင့် သက်ဆိုင်သည့် အချက်အလက်တို့ကို တွေ့ရပေသည်။ ကမ္ဗောဇပြည်မှာ ၁၃ ရာစုနှစ် အလယ်လောက်ထိအောင် အင်ဒိုချိုင်းနားတွင် ပြိုက်ဖက်မရှိ ကြီးကျယ်တန်းခိုး ထွားခဲ့လေသည်။

ယိမ်းယိုင်ပြိုပျက်လာခြင်း

၁၃ ရာစုနှစ်များ၏ နောက်ပိုင်းလောက်တွင် မွန်ဂိုတို့ အာရှအရှေ့တောင်ပိုင်း ဒေသအချို့တို့သို့ ဝင်ရောက်တိုက်ခိုက်သဖြင့် ထိုင်ရှမ်းလူမျိုးများ ရွေ့ပြောင်းနေထိုင်လာရာ ၁၃၅၀ ပြည့်နှစ်လောက်ရောက်သောအခါ အယုဒ္ဓပြည်ကို မေနမ်မြစ်ဝှမ်းအတွင်း ခိုင်မြဲစွာ တည်ထောင်မိကြလေသည်။ ထိုသို့ ပြည်သစ်တည်ထောင်ကြရာတွင် ထိုင်ရှမ်းတို့သည် ခမာတို့အား တိုက်ခိုက်နှိမ်နင်းကြ၏။ ၁၃၅၀ မှ ၁၄၆၀ ပြည်နှစ်အတွင်း ထိုင်ရှမ်းတို့သည် ခမာတို့ကို ၄ ကြိမ် ၅ ကြိမ်မျှ တိုက်ခိုက် အောင်မြင်ခဲ့ကြ၏။

ဤသို့အားဖြင့် ယခု ယိုးဒယား၊ လာအိုနယ်၊ ကမ္ဗောဒီးယားနယ်၊ ကိုချင်ချိုင်းနားနယ်အားလုံးကို လွှမ်းမိုးအုပ်ချုပ်ခဲ့သော ကမ္ဗောဇပြည်သည် ရွေ့ပြောင်းနေထိုင်လာကြ ကုန်သော ထိုင်ရှမ်းတို့၏ တိုက်ခိုက်မှုကြောင့် အနောက်ဘက်နှင့် မြောက်ဘက်မှ အဆက်မပြတ် ဆုတ်ခွာလာခဲ့ကြသည်။ အရှေ့ဖက်တွင်လည်း မြောက်ဘက်မှဆင်းလာသော အာနမ်လူမျို့းတို့၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာပေးခဲ့ကြရာ အာနမ်တို့သည် ၁၇ ရာစုလောက်မှစ၍ ကိုချင်ချိုင်းနားနယ်တွင် အခြေစိုက်မိကြလေသည်ဟု သမိုင်းဆရာကျော် ဟင်နရီမတ်စပါရိုးက မှတ်ချက်ချထားလေသည်။ ထိုင်ရှမ်းတို့အဆက်မပြတ် တိုက်ခိုက်သည့်အပြင် မြို့တဝိုက်ကို ရေလွှမ်းမိုးသောကြောင့် ခမာတို့မှာ ၁၅ ရာစုလောက်တွင် ခမ်းနားကြီးကျယ်လှသော အင်းကောမြို့ကို စွန့်လွှတ်ထွက်ခွာရွေ့ပြောင်းခဲ့ကြသဖြင့် ကာလကြာမြင့်သော် မြို့ကြီးမှာ ထူထပ်သော သစ်ပင်တို့အတွင်း၌ ပျက်စီးခြင်းသို့တိုင်ခဲ့ရလေသည်။ ဤသည်ကား ခမာတို့၏ တန်ခိုးအာဏာ လုံးဝပျက်စီးခြင်း ဖြစ်သည်သာမက လွတ်လပ်ရေးလည်း ဆုံးရှုံးခဲ့ရသော အချက်ဖြစ်သည်။ နောင်နှစ်ပေါင်း ၄၀၀ မျှ ခမာတို့မှာ မဲခေါင်မြစ်ဝတွင် ပြည်ငယ်ပြည်သိမ် အဖြစ်ဖြင့် အာနမ်နှင့် ယိုးဒယားသို့ တလှည့်စီ အခွန်ပဏ္ဏာ ဆက်၍ နေလာခဲ့ရသည်။ ၁၈၄၄ မှ ၁၈၆၇ ခုထိမူ ယိုးဒယား၏ လက်အောက်ခံ ဖြစ်ခဲ့ရသည်။ ၁၈၆၇ ခုမှစ၍ ပြင်သစ်တို့၏ အုပ်ထိန်းခံ နယ်အဖြစ်ဖြင့် တည်တံ့ခဲ့၏။ သမိုင်းတစ်လျောက်လုံးပင် မိမိတို့ ဘုရင်နှင့် နေလာခဲ့သော်လည်း အုပ်ချုပ်မှု အာဏာမှာမူ ကာကွယ်ပေးသည်ဆိုသော ယိုးဒယားနှင့် ပြင်သစ်ကိုယ်စားလှယ် အရာရှိတို့၏ လက်တွင်း၌ ရှိခဲ့ပေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပြီးနောက် ၁၉၅၄ ခုနှစ်ရောက်မှ ခမာတို့သည် လွတ်လပ်ရေးကို ရရှိကာ ကမ္ဗောဇနိုင်ငံမှာလည်း တကယ်လွတ်လပ်သော အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့လေသည်။

ခမာယဉ်ကျေးမှု

ကမ္ဘာ့အရှေ့ဖျားတွင် တစ်ကြိမ်က အထက်တန်းကျလှသော ခမာတို့၏ ယဉ်ကျေးမှု ပေါ်ပေါက်ပြောင်းလဲလာပုံမှာ သီးခြား ဖော်ပြသင့်သော အကြောင်းရပ် တစ်ခုဖြစ်ပေသည်။ ပထမသော် ကျောက်ခေတ်သစ်နှင့် ကြေးဝါခေတ်တို့မှ ယဉ်ကျေးမှု အနည်းငယ်မျှသာ ရရှိခဲ့သည်။ ထို့နောက် အိန္ဒိယပြည်တောင်ပိုင်းမှ ပလ္လဝါယဉ်ကျေးမှု ရောက်ရှိ၍ မိမိတို့အ မွေခံရရှိထားသော အချက်အလက်တို့ကို မတိမ်မြုပ်စေဘဲ ပြုပြင်၍ ပြင်ပယဉ်ကျေးမှုကို လက်ခံခဲ့ကြသည်။ ပုံစံအားဖြင့် ကျောက်ခေတ်က မြင်မားသော ကျောက်တိုင်ကြီးများကို စိုက်ထူသော အားဖြင့် ဘုရားနှင့် ဆက်သွယ်နိုင်သည်ဟု ယုံကြည်သကဲ့သို့ ဗြဟ္မဏ အယူဝါဒကို လက်ခံလာသောအခါ လိင်္ဂကိုးကွယ်မှုကို ကျောက်တိုင်နှင့် ကိုယ်စားပြုကြ၏။ ထို့နောက် သိဝကိုးကွယ်မှုကို လက်ခံရာတွင် သိဝရဂီရိဟု သိဝတောင်အဖြစ် ကောင်းကင်ရှိ ဘုရားနှင့် ဆက်သွယ်မိရန် ပြုပြင်ကိုးကွယ်ကြသည်။ အလားတူပင် ဒေဝရာဇာ ကိုးကွယ်မှုမှာလည်း ယခင်က လိင်္ဂကို ကိုယ်စားပြုခြင်းဖြစ်သည်။ ပိဿနိုး ကိုးကွယ်မှုကို လက်ခံလာပြန်ရာ ပိဿနိုးသည် ဒေဝရာဖာကို ကိုယ်စားပြုရပြန်သည်။

ခမာစကားတွင် ပနွမ်းမှာ တောင်ဟုအဓိပ္ပါယ်ရ၍ ယင်းစကားကို ယူကာ ထိုဒေသ၏ ပထမပြည်ကို တရုတ်တို့ ဖူနန်ဟု ခေါ်ကြောင်း၊ နောက်ခေတ်တို့တွင် ထိုဒေသ၏ဘုရင်များကို ခမာစကားဖြင့် ကုရွန်းဗနမ်ဟုခေါ်ကြောင်း၊ အဓိပ္ပါယ်မှာ တောင်ဘုရင် (ဂီရိရာဇာ) ရကြောင်းနှင့် ပြင်သစ်ပညာရှင် စီဒေက ဆိုထားပေသည်။ မဟာယနဗုဒ္ဓအယူဝါဒ ရောက်ရှိလာသော အခါတွင်လည်း ဒေဝရာဇာမှာ လောကီတေသွာဖြစ်လာ၍ ပုံထုလုပ်ရာတွင် အုပ်ချုပ်သူဘုရင်၏ မျက်နှာပုံနှင့် တူစေလေသည်။ ဤကဲ့သို့ ကျောက်ခေတ် သစ်ကြေးဝါခေတ် ယုံကြည်မှုများတွင် အိန္ဒိယယဉ်ကျေးမှု ရောနှောလာသော အခါ၌ မိမိတို့၏ ပင်ကိုယ်ဗီဇ အရည်အချင်းဖြင့် မွမ်းမံ၍ ပြုပြင်ကာ ထူးခြားသော ယဉ်ကျေးမှုတစ်ရပ်မှု တစ်ရပ်ကို ဖန်တီးခဲ့ကြပေသည်။ တရုတ်ပြည်နှင့် ဆက်သွယ်မှုများ ရှိခဲ့သည့်အတိုင်း တရုတ်ယဉ်ကျေးမှု အချက်အလက်တို့လည်း ရောပြွမ်းလျက်ရှိပေသည်။

ယခုခမာများ

ယခုခေတ် ခမာတို့မှာ မြန်မာတို့နည်းတူ ထေရဝါဒဗုဒ္ဓအယူဝါဒကို လက်ခံကိုးကွယ်ကြ၍ ဘုရားတရားကို များစွာ လေးစား ကြည်ညိုသူများ ဖြစ်သည်။ ပွင့်လင်းစွာ ဆက်ဆံတတ်၍ ချစ်ခင် ပျူငှာတတ်သူများ ဖြစ်ကြသည်။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ဧည့်ဝတ်ကျေခြင်းတို့မှာ သူတို့၏ ထူးခြားချက်များပင်တည်း။

များသောအားဖြင့် အရပ်အမောင်း ကောင်း၍ သန်စွမ်းကြံ့ခိုင်ကြသည်။ အသားညို၊ အသားလတ် ရောင်အသွေးရှိကာ၊ မွန်မြန်မာတို့နှင့် သွင်ပြင်လက္ခဏာဆင်သော သူများဖြစ်ကြသည်။ ခမာတို့သည် များသောအားဖြင့် ဆံတို ညှပ်ကြသည်။ လယ်ယာလုပ်ခြင်း၊ ငါးဖမ်းခြင်းတို့ဖြင့် လူများစုသည် ခက်ခဲစွာ အသက်မွေးဝမ်းကျောင်းကြရသည်။

သမာရိုးကျ ဝတ်စားဆင်ယင်မှုမှာ လှပပေသည်။ တောက်ပြောင်၍ အရောင်စုံသော စမ်းပေါ့ ခေါ် ခါးဝတ်ကို လှပစွာ ခါးတောင်းကျိုက် ဝတ်ဆင်တတ်ကြသည်။ အမျိုးသားတို့မှာ ကိုယ်ကျပ်လက်ရှည် အင်္ကျီတို့ကို ဆင်မြန်းကြ၍ အမျိုးသမီးတို့မှာ လှပသော ပုဝါရှည်များကို ခြုံကြလေသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်သူများ ဖြစ်သည့်အတိုင်း မြန်မာနိုင်ငံမှာ ကဲ့သို့ပင် ဘုန်းတော်ကြီးကျောင်းများမှာ ခမာတို့၏ လူမှုရေး ဗဟိုဌာနများ ဖြစ်ကြသည်။ အာရှအရှေ့တောင်ပိုင်းရှိ အခြားနိုင်ငံသားတို့ ကဲ့သို့ပင် စစ်ပြီးနောက် တစ်ခေတ်အတွင်း ခမာတို့မှ အဖက်ဖက်မှ ကြိုးစား၍ တိုးတက်လျှက် ရှိကြပေသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-၂၊ အတွဲ(ခ)၊ ဦးဘရှင်ရေးသားသည့် အခန်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.