ခရုမျိုး
ခရုမျိုး
ခရုအမျိုးမျိုးပါဝင်သော ခရုမျိုးပေါင်းစုကြီးတစ်ခုလုံးကို ပါဏဗေဒအရ မော်လပ်စကား(Mollusca)ဟု ခေါ် တွင်၍ ထိုဝေါဟာရမှာ ကိုယ်ခန္ဓာပျော့သော သတ္တဝါမျိုးဟု အဓိပ္ပာယ်ပေါက်လေသည်။ ခရုမျိုးပေါင်းစုတွင် ခရုပက်ကျိ၊ ယောက်သွား၊ ကမာနှင့် ပက်ကျိတို့သာမက၊ ကင်းမွန်၊ ကင်းမွန်ဘဲလိပ်၊ ဘဝဲ စသော သတ္တဝါများလည်း ပါဝင်သည်။ ထိုသတ္တဝါများ၌ များသောအား ဖြင့် ကိုယ်ခန္ဓာကို ဖုံးအုပ်ကာကွယ်ထားသော အခွံမာများ ရှိကြ သော်လည်း အချို့တွင် လုံးဝမပါချေ။အချို့တွင် ပါပြန်ကလည်း သေးငယ်၍သော်၎င်း၊ သို့မဟုတ်၊ ကိုယ်ထဲ၌ နစ်မြုပ်၍သော်၎င်း ရှိတတ်သည်။ အခွံပါရှိခဲ့သော် ခရုလုံးကဲ့သို့ အခွံတစ်ခုတည်း ပါရှိသော ခရုမျိုးဖြစ်က ခွံထီးခရုဟူ၍၎င်း ယောက်သွားကဲ့သို့ အခွံနှစ်ခြမ်းစပ်ပါရှိက အခွံစုံခရုဟူ၍၎င်း ခေါ်သည်။ အခွံပါ သည်ဖြစ်စေ မပါသည်ဖြစ်စေ အခွံဖြစ်ပေါ်ဖန်တီးပေးနိုင်သော အပေါ်ယံ အရေခွံတစ်ထပ်ကား အားလုံးမှာပင် ပါရှိကြ၏။ ရေငန်တွင် ခရုမျိုးပေါင်းစုံကို တွေ့ရ၏။ သို့သော် ရေချိုနှင့် ကုန်းတွင်နေသောခရုမျိုးလည်း ရှိသေးသည်။
ကမ္ဘာအရပ်ရပ်၌ ယခုအခါ ခရုမျိုးပေါင်း ၆၅ဝဝဝ ခန့်မျှ ရှိ၍ ယင်းတို့ကို အောက်ပါအတိုင်း မျိုးပေါင်း ၅ မျိုး ခွဲခြား ထားသည်။
(၁) ဂက်စထရိုပဒါ(Gastropoda)၊
ဤဝေါဟာရမှာ ဝမ်းပိုက်ဖြင့် သွားသောသတ္တဝါများဟု အဓိပ္ပာယ်ရ၍၊ ဤမျိုးပေါင်းတွင် ပက်ကျိနှင့်တကွ ရေချို၊ ရေငန်အပြင် ကုန်းမှာပါတွေ့ရသော ခရုလုံး၊ ခရုစေတီများ ပါဝင်သည်။ ကမ္ဘာအရပ်ရပ်တွင် တွေ့ရ သော ခရုမျိုးအားလုံးအနက် တဝက်ကျော်ကျော်သည် ဤမျိုး ပေါင်း၌ ပါဝင်သည်။ ယင်းတို့သည် မိမိတို့၏ ဝမ်းပိုက်အရေ ပြားကို မြေပေါ်၌ တွန့်၍ တွန့်၍ တစ်နေရာမှ တစ်နေရာသို့ တွားသွားကြသည်။
ဦးခေါင်းဦးချိုသဏ္ဌာန် ဦးမှင်တစ်စုံ ပါတတ်သည်။ ထိုဦး မှင်များ၏ထိပ်ဖျား၌ မျက်စိတစ်လုံးစီပါသည်။ အကယ်၍ ဦးမှင်နှစ်စုံရှိပါက နောက်ပိုင်းအစုံတွင် မျက်စိများ ပါရှိသည်။ ပက်ကျိကဲ့သို့သော အကောင်မျိုး အချို့တွင် အခွံလုံးဝမရှိဘဲ အချို့တွင် အလွန်သေးငယ်သော အခွံကလေးသည် ကိုယ် အတွင်း၌ နစ်မြုပ်နေသည်။ ကျန်အခွံရှိသော အမျိုးတို့တွင် အခွံသည် အခွံထီးဖြစ်၍၊ ဝက်အူလိမ်အရစ်များဖြင့် ကတော့ ပုံများ လည်း ရှိတတ်သည်။
(၂) လမယ်လီဗရန်ကီးယား(Lamellibranchia)။
ဤမျိုးပေါင်းတွင် ရှပ်၊ ခုံး၊ ယောက်သွား၊ ကမာ စသော ရေနေအခွံစုံ ခရုအားလုံး ပါဝင် သည့်အတွက်၊ သာမန်အားဖြင့် အခွံစုံခရုမျိုးဟုလည်း ခေါ်ကြ သည်။ အခွံနှစ်ခြမ်းသည် တစ်နေရာ၌ ပတ္တာဆက် ဆက်နေ၍၊ ထိုအခွံများကို အလိုရှိသလို ပိတ်နိုင် ဖွင့်နိုင်သည်။ ဤခရုမျိုး ၏ ခြေထောက်မှာ ပုဆိန်သွားပုံသဏ္ဌာန်ရှိ၍၊ တစ်ခါတစ်ရံ ယင်းတို့ကို ပယ်လီဆိုင်ပေါ့(ပုဆိန်သွားပုံခြေထောက်ရှိ သတ္တဝါ) ဟုလည်း ခေါ်ကြသည်။ ဤခြေထောက်ဖြင့် သူတို့သည် သဲထဲ ရွှံ့ထဲ၌ တွင်းတူးပြီး ခိုအောင်းနိုင်ကြသည်။ လမယ်လီဗရန်ကီးယား(Lamellibranchia)ဟု ခေါ်ခြင်းမှာ ဤခရုမျိုး၏ ပါးဟက်များသည် သစ်ရွက်သဏ္ဌာန် ပြားချပ်၍ အထပ်ထပ်ပါရှိသောကြောင့် ဖြစ်သည်။ (လမယ်လီ၊ ပါးလွှာသောအပြား၊ ဗရန်ကီးယား၊ ပါးဟက်)။
(၃) ဆယ်ဖလောပဒါ(Cephalopoda)။
ဤဝေါဟာရမှာ ဦးခေါင်းတွင် ခြေထောက်ပေါက်သော သတ္တဝါမျိုးဟု အဓိပ္ပာယ်ပေါက်သည်။ ခရုမျိုးအားလုံးတွင် ဤသတ္တဝါမျိုးသည် ကိုယ်အင်္ဂါအစိတ် အပိုင်း အပြည့်စုံဆုံး အဆင့်အတန်းအမြင့်ဆုံးဖြစ်၍၊ အသိ ဉာဏ်အရာ၌ ကျောရိုးရှိတိရစ္ဆာန်များနှင့် အနီးစပ်ဆုံး ဖြစ် သည်။ ယင်းတို့သည် ရေငန်သတ္တဝါများ ဖြစ်ကြသည်။ ဤ ခရုမျိုး၏ ဦးခေါင်းတွင် မျက်စိနှစ်လုံးပါရှိ၍၊ ပါးစပ်ပတ်လည် ၌ စုတ်ယူနိုင်သော အင်္ဂါအဖုကလေးများနှင့် ပြည့်စုံနေသည်။ ဦးမှင် ၈ ချောင်းသော်၎င်း၊ ၁ဝ ချောင်းသော်၎င်း ပါရှိသည်။ ပါးစပ်တွင် ကြက်တူရွေးနှုတ်သီးကဲ့သို့ မာကျောသောနှုတ်သီး တစ်မျိုးလည်း ပါရှိတတ်သည်။ ဘဝဲ၊ ကင်းမွန်နှင့် ကင်းမွန် ဘဲလိပ်တို့သည် ဤမျိုးပေါင်းတွင် ပါဝင်သည်။ သူတို့သည် အစာကိုဖြစ်စေ၊ ရန်သူကိုဖြစ်စေ၊ ဦးမှင်များဖြင့် ရစ်ပတ်ကာ ရုန်းမလွတ်နိုင်အောင် ဖမ်းစုတ်ထားပြီးလျှင် နှုတ်သီးဖြင့် ကိုက် ဖြတ်စားမျိုလေ့ရှိသည်။ ဤခရုမျိုးတွင် ရန်သူနှင့်တွေ့က အကာ အကွယ်အလို့ငှာ ပန်းထုတ်နိုင်သော မင်ရည်အိတ်လည်း ပါရှိ တတ်၍၊ ထွက်ပြေးလိုသောအခါ ထိုအရည်ကို မှုတ်ထုတ်ပြီး ရေကို နောက်ကျိစေ၍၊ တစ်ဟုန်ထိုး နောက်ဆုတ်ပြေးတတ် သည်။ယင်းတို့အနက် နော့တီလပ်(Nautilus)ဟုခေါ်သော လှပသည့်ပင်လယ် ခရုလုံးတစ်မျိုးတည်းတွင်သာ အခွံပါရှိ၍ ကျန်ခရုမျိုးတို့၌ လုံးဝ အခွံမပါချေ။ ပါပြန်လျှင်လည်း သေးငယ်၍ ကိုယ်ထဲ၌ နစ်မြုပ် နေသည်။
(၄) အမ်ဖီနျူရာ(Amphineura)။
ဤခရုမျိုးသည် ရေငန်သတ္တဝါသက် သက် ဖြစ်သည်။ မာသောအခွံရှိ၍ အမ်ဖီနျူရာ(Amphineura)ဟု ခေါ်သည်။ ကိုယ်ထည်မှာ ခပ်ဝိုင်းဝိုင်းပြားပြားဖြစ်၍ ဦးခေါင်းသီးခြား မရှိချေ။ ကိုယ်အပေါ်ပိုင်းတွင်သာ သေးငယ်သော အခွံပါရှိ၍ အခွံမှာ ပါးလွှာကာ တစ်ခုပေါ်တစ်ခု ထပ်လျက်ရှိတတ်သည်။ ကိုယ်အောက်ပိုင်း တစ်ပိုင်းလုံးမှာ ခြေထောက်သဖွယ်ဖြစ်၍၊ ဤခြေထောက်ကို တွားသွားရန်နှင့် ကျောက်တွင် ကပ်တွယ် နေရန် အသုံးပြုသည်။
(၅) စကက်ဖိုပဒါ(Scaphopoda)။
ဤခရုမျိုး၌ ဆင်စွယ်နှင့် ပုံသဏ္ဌာန် တူသော အခွံရှိ၍ စကက်ဖိုပဒါ(Scaphopoda)ဟုခေါ်သည်။ ဤမျိုးပေါင်းတွင် အမျိုးအနည်းငယ်သာပါ၍၊ အထက်တွင်ဖော်ပြခဲ့သော မျိုးပေါင်း တို့လောက် မထင်ရှားချေ။ ယင်းတို့သည် သေးငယ်သော ရေ သတ္တဝါများ ဖြစ်ကြ၏။ သူတို့၏အခွံမှာ တစ်ဖက်သို့ ရှူးသွား သော ပြွန်ကောက်ကလေးသဖွယ်ဖြစ်၍ ထိပ်နှစ်ဖက်စလုံး၌ အပိတ်မရှိဘဲ ပွင့်နေသည်။ ခရုဆင်နှာမောင်းဟု ခေါ်သော ခရုမျိုးသည် ဤမျိုးပေါင်းတွင် ပါဝင်သည်။ ခရုမျိုးဝင် သတ္တဝါတို့၏အရွယ်မှာ အစားစားရှိသည်။ အလွန်သေးငယ်သော အကောင်များလည်းရှိ၍ ကင်းမွန်ဘဲလိပ် အကြီးစားများမှာ အလျားပေ ၃ဝ ကျော်အထိ ရှိသဖြင့် ကျောရိုးမဲ့သတ္တဝါထဲ၌ အရှည်လျားဆုံးပင် ဖြစ်သည်။ ယင်း တို့သည် များသောအားဖြင့် နှေးကွေးကြ၏။ သို့သော် ကင်းမွန် ဘဲလိပ်၊ ဘဝဲစသော အကောင်အချို့မှာ အလွန်လျင်မြန် ဖျတ် လတ်ကြသည်။ ကမာကောင်သည်လည်း ငယ်ရွယ်စဉ်က ဖျတ် လတ်၍ ကြီးပြင်းလာသောအခါကျမှ ကျောက်တုံး ကျောက် ဆောင်များတွင် တွယ်ကပ်ပြီး မလှုပ်မရှားဘဲ နေသည်။ ကမ္ဘာတွင် ခရုများပေါ်စက ယင်းတို့အားလုံးသည် ပင်လယ်၌သာ ကျက်စားခဲ့ကြကြောင်းကို တူးဖော်ရရှိသော ရှေးဖြစ် ကျောက်ဖြစ်ရုပ်ကြွင်းများမှ လေ့လာသိရှိရပေသည်။ ထို့နောက် ရေချိုတွင် အချို့ ကျက်စားလာကြ၍ နောင်သော် ကုန်းပေါ်တွင်ပါ ကျက်စားလာကြသည်။ ယခုအခါ ပါဏဗေဒ အလိုအရ ဂက်စရိုပဒါ ခရုမျိုးတို့သည် ကုန်းသတ္တဝါအပေါင်း တွင် အမျိုးများပြားသော မျိုးပေါင်းတစ်ခု ဖြစ်နေကြောင်း သိရသည်။
ခရုတို့၏ အခွံများသည် ပုံသဏ္ဌာန်အမျိုးမျိုးရှိ၍ အလွန် လှပသည်။ ခရုတစ်မျိုး၏ အခွံကို ခရုသင်းဟု ခေါ်၏။ ခရု သင်းကို ပင်လယ်ကမ်းခြေ၊ အင်းအိုင်ကြီးများ၏ ကမ်းပါးနှင့် မြစ်ကမ်းပါးတို့တွင် တွေ့ရသည်။ ခရုသင်းသည် ပျော့ပျောင်း သော ခရုကိုယ်ခန္ဓာကို ကာကွယ်သော အပြင်ခွံဖြစ်သည်။ ထိုအခွံ၌ ထုံးနှင့် ထုံးကျောက် စသည့်ပစ္စည်းများ၏ မူလ အခြေခံဖြစ်သော ကယ်လဆီယမ် ကာဗွန်နိတ်ကို တွေ့ရသည်။ ခရုသင်းအခွံတွင် အလွှာသုံးလွှာ ပါရှိသည်။ အပြင် လွှာသည် မာကျော၍ ပါးလွှာ၏။ ထိုအလွှာတွင် ထုံးဓာတ် မပါရှိချေ။ အလယ်လွှာသည် ကယ်လဆီယမ်ကာဗွန်နိတ် ပါရှိသောအလွှာ ဖြစ်သည်။ အောက်ဆုံးအလွှာကား ရောင်ပြေး အလွှာ သို့မဟုတ် ကနုကမာနှင့် တူသောအလွှာ ဖြစ်သည်။ ကြယ်သီး၊ ရင်ထိုးစသော မိန်းမတို့၏အလှသုံးပစ္စည်းများကို ထိုအလွှာမှ ပြုလုပ်ယူကြသည်။
မြန်မာလူမျိုးတို့သည် မင်္ဂလာအခမ်းအနားဖြစ်သော လက်ထပ်မင်္ဂလာ၊ ရှင်ပြုမင်္ဂလာ စသည်တို့တွင် ရှေးထုံးစဉ်လာ အရ ခရုသင်းမှုတ်ထရှိကြသည်။ ဟိန္ဒူလူမျိုးတို့၏ ဘုရားရှိခိုး ကျောင်းများတွင်လည်း ခရုသင်း မှုတ်ရိုးထုံး ရှိသည်။ ခရုမျိုးဝင်သတ္တဝါအမျိုးမျိုးကိုပင် ကမ္ဘာအရပ်ရပ်ရှိ လူမျိုး တို့ စားသုံးကြရာ အများဆုံး စားသုံးကြသော ခရုမျိုးတို့မှာ ပင်လယ်မှရသော ကမာ၊ ယောက်သွား၊ ရှပ်၊ စသည်တို့ ဖြစ် ကြသည်။ လူတို့စားသုံးရန် ဟင်းလျာအလို့ငှာ အချို့နိုင်ငံ၌ ကမာ၊ ယောက်သွား စသော ခရုမျိုးကို အကြီးအကျယ် မွေးမြူ ကြသည်။ ခရုဖင် လိမ်ကိုလည်း စားကြ၏။ ကင်းမွန်ဘဲလိပ် နှင့် ဘဝဲတို့ကိုမူ အချို့အရပ်ဒေသများ၌ စားကောင်းသောက် ဖွယ် အနေနှင့် တန်ဖိုးထား၍ စားသောက်ကြသည်။ ကင်းမွန် လို အကောင်မျိုးကို ယခုအခါ ပြည်ကြီးငါးဟု ဆို၍ စားကြ သည်။ ခရုတို့၏အသားကို ငါးဖမ်းရန်အတွက် ငါးစာအဖြစ်ဖြင့် လည်း အချို့နိုင်ငံ၌ အမြောက်အမြား အသုံးပြုကြ၏။ ရေချိုမှ ရသော ခရုမျိုးကိုကား စားသုံးလေ့မရှိကြပေ။ ခရုခွံအချို့၌ ပုလဲ ရောင်ထနေသော ကနုကမာအထပ် ပါရှိ၍ ထိုအခွံမျိုးမှ ကြယ် သီး၊ ရင်ထိုး၊ ဆေးလိပ်ခွက် စသော အလှသုံးကနုကမာထည် များ ပြုလုပ်ကြသည်။ အချို့ကမာမျိုးမှ အဖိုးထိုက်တန်သော ပုလဲများကိုလည်း ရရှိသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)