ချင်းဒစ်

ချင်းဒစ်ဆိုသည်မှာ ဗြိတိသျှ-အိန္ဒိယ တပ်မတော်၏ အထူးတပ်ဖွဲ့ဖြစ်ပြီး ဒုတိယကမ္ဘာစစ်(၁၉၄၂-၁၉၄၅) အတွင်း မြန်မာပြည် စစ်ဆင်ရေး အတွက် အဓိကဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။ ချင်းဒစ်တပ်ဖွဲ့များသည် ရန်သူ့နယ်မြေအတွင်း ဝင်ရောက်ကာ ထောက်လှမ်း၊ ဖျက်ဆီး ရန်အတွက် အထူးသင်တန်းပေးခြင်း ခံထားရသော Long range penetration ပြောက်ကျားများ ဖြစ်ကြသည်။

ချင်းဒစ် အမှတ်တံဆိပ်
ချင်းဒစ်များ

ပေါ်ပေါက်လာပုံ

ပါလက်စတိုင်းနှင့် အီသီယိုးပီးယား စစ်မျက်နှာတွင် ပျောက်ကြားစစ်ဆင်ရေးဖြင့် ထင်ရှားလာသူ ဗြိတိသျှ ဗိုလ်မှူးချုပ် ဝင်းဂိတ် (Orde Charles Wingate) အား ၁၉၄၂တွင် အိန္ဒိယသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေသည်။ အကြောင်း ရင်းမှာ ဂျပန်တို့သိမ်းပိုက်ထားသော မြန်မာပြည်တွင်းသို့ ဝင်ရောက်လှုပ်ရှားမည့် အထူး ပြောက်ကျားတပ်ဖွဲ့များအား ဖွဲ့စည်းစေရန် ဖြစ်သည်။ သို့သော် ဝင်းဂိတ်မှာ နိုင်ငံအနှံ လှည့်လည် လေ့လာရင်း သူ၏ Long range penetration သီအိုရီကို စာရွက် ပေါ်တွင် ပြုစုနေခဲ့သည်။ နောက်ဆုံးအသုတ် ဖြစ်သော ဗြိတိသျှတပ်များ မြန်မာပြည်တွင်းမှ ဆုတ်ခွါ ချိန်ရောက်မှသာ ဒေလီသို့ ပြန်ကာ သူ၏ အစီအစဉ်များကို တင်ပြခဲ့သည်။

၁၉၄၂နွေရာသီတွင် အမှတ်(၇၇) အိန္ဒိယခြေမြန်တပ်ရင်းကို ဂျန်ဆီ နယ်တဝိုက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ မိုးရာသီတွင် အိန္ဒိယတောကြီးများအတွင်း ဝင်းဂိတ်ကိုယ်တိုင် သင်တန်းပေးခဲ့သည်။ အခြားသော ချင်းဒစ် တပ်ဖွဲ့ဝင်များမှာ ဘုရင့် တပ်မတော် လီဗာပူးတပ်ရင်းမှ အမှတ်(၁၃) တပ်ခွဲ၊ အမှတ်(၂) ဂေါ်ရခါးတပ်ရင်းမှ တပ်ခွဲ(၃)၊ အမှတ်(၁၄၂) ကွန်မန်ဒိုတပ်ခွဲ နှင့် အမှတ်(၂) ဘားမားရိုင်ဖယ် တပ်ရင်းတို့ ဖြစ်သည်။

အမည်ရင်းမြစ်နှင့်တံဆိပ်

ချင်းဒစ်ဟူသော အမည်မှာ မြန်မာစကား ခြင်္သေ့ အား မပီမသ ခေါ်ရာမှ ပေါ်ပေါက်လာပြီး မြန်မာလူမျိုး ဗိုလ်ကြီး အောင်သင်းမှ ဗိုလ်မှူးချုပ် ဝင်းဂိတ်အား အကြံပြု ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ စေတီပုထိုးများတွင် တွေ့ရလေ့ ရှိသော အစောင့် ခြင်္သေ့ ရုပ်တုကြီးများကို ရည်ရွယ် အမည်ပေးခဲ့ခြင်း ဖြစ်သလို၊ ခြင်္သေ့ အထူးတပ်ဖွဲ့ များဟုလည်း အဓိပ္ပယ်ရသည်။ ထို့ကြောင့် တံဆိပ်မှာလည်း အနက်ရောင် နောက်ခံတွင် အဝါရောင် ခြင်္သေ့နှင့် စေတီငယ် ပုံစံရေးဆွဲ ထားသည်။

ဆက်စပ်ကြည့်ရှုရန်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.