ချင်းပင်

ဂျင်း(သို့)ချင်း
Color plate from Köhler's Medicinal Plants
မျိုးရိုးခွဲခြားခြင်း
ဒွိနာမ
Zingiber officinale
Roscoe[1]

Ginger (ချင်းစိမ်း)

  • Botany Term : Zingbiber officinale Rose
  • Species/Family : Zingiberaceae

အလွန်ရှေးကျသော ခေတ်အခါမှစ၍ အိန္ဒိယနိုင်ငံကဲ့သို့ ပူအိုက်သောအာရှတိုက် တိုင်းနိုင်ငံတို့တွင် ချင်းကို စိုက်ပျိုးခဲ့ကြသည်။ ဂရိနှင့် ရောမလူမျိုးတို့သည် အာရှတိုက်ကုန်သည်များထံမှ ချင်းကို အဖိုးကြီးကြီးပေး၍ ဝယ်ယူကြသည်။ ဤသို့ဖြင့် ဥရောပတိုက်သားများသည် ချင်းကို အသုံးပြုတတ်လာသည်။

တစ်ဖန် အနောက်အိန္ဒိယကျွန်းစု၊ တောင်အမေရိကတိုက်၊ အာဖရိကတိုက်အနောက်ပိုင်းနှင့် ဩစတြေးလီးယားတိုက်များသို့ ချင်းပင်များ ပျံ့နှံ့၍သွားရာ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ အနောက်အိန္ဒိယကျွန်းစု အာဖရိကတိုက် အနောက်ပိုင်းနှင့် အမေရိကတိုက်အလယ်ပိုင်းတို့တွင် ယခုအချိန်တွင် ချင်းပင်ကို စီးပွားဖြစ် အကြီးအကျယ် စိုက်ပျိုးလျက်ရှိနေပြီ။ ချင်းတက်များကို ဟင်းလျာများတွင် အမွှေးအကြိုင်အဖြစ် အသုံးချကြသည်။ ချင်းကို ၂ မျိုး ၂ စား ပြုပြင်စီမံ၍ ရောင်းချကြသည်။ ချင်းစိမ်းကို သကြားရည်၌ဖြစ်စေ၊ ပျားရည်၌ဖြစ်စေ၊ တာရှည်ခံအောင် စိမ်၍၎င်း၊ ချင်းကို အခြောက်လှန်း၍၎င်း တင်ပို့ရောင်းချသည်။

ချင်းတက်များကို အခြောက်ခံရာ၌ ၂ နည်း ၂ စား ရှိသည်။ ပထမနည်းမှာ အပေါ်ယံအမြှေးခွံကို မခွာဘဲ၊ ချင်းတက်ကို အခြောက်ခံခြင်းဖြစ်၍ ဒုတိယ နည်းမှာ အပေါ်ယံအမြှေးခွံကို ခွာပြီးမှ အခြောက်ခံထားခြင်းဖြစ်သည်။

သကြားရည် သို့မဟုတ် ပျားရည်၌ စိမ်ထားသော ချင်းကို အနောက်အိန္ဒိယကျွန်းစုနှင့် တရုတ်နိုင်ငံတို့မှ အမြောက်အမြား တင်ပို့ရောင်းချကြလေသည်။ ချိုအောင် ပြုပြင်ထားသော ချင်းခြောက်ပြားကလေးများကိုလည်း တရုတ်နိုင်ငံမှ တင်ပို့ရောင်းချသည်။

မြန်မာနိုင်ငံတွင် ပြည်ပသို့ ထုတ်ရောင်းနိုင်လောက်အောင် ချင်းကို အကြီးအကျယ် စိုက်ပျိုးခြင်း မရှိသေးချေ။ ချင်းသုတ်ကို မြန်မာနိုင်ငံသားတို့ အထူးကြိုက်နှစ်သက်ကြသည့်အလျောက် အလှူအတန်း ပွဲနေပွဲထိုင် စသည့်အခမ်းအနားများတွင် ဧည့်ဝတ်စောင်ဝတ်အဖြစ် တည်ခင်းကျွေးမွေးကြသည်။ ချင်းရည်ကို ဖျော်ရည်အဖြစ်နှင့်လည်း ရောင်းချတတ်ကြသည်။ အချို့ အရပ်များတွင် ချင်းကို ယိုထိုး၍ စားကြသည်။[2]

ပုံသဏ္ဌာန်

အပင်

ပင်နုပင်ပျော့မျိုးဖြစ်၍ အမြင့် ၃ ပေ မှ ၄ ပေခန့် အထိ မြင့်၏ ။ ရွက်ယောင်ပင်စည် ရှိ၏ ။

အရွက်

၈ လက်မခန့်ရှည်၍ လှံစွပ်ပုံရှိသည်။ ရွက်ဖျားချွန်း၍ ရွက်ရင်းသွယ်သည်။ ရွက်ပြားချော၍ ရွက်နားညီသည်။

အပွင့်

မိဿလင်ပွင့် သကဲ့သို့ စုပေါင်း၍ ပွင့်သည်။ ပန်းခိုင် ၃ လက်မခန့်ရှည်၍ အဝါရောင် သမ်းသော အစိမ်းရောင် ပန်းပွင့်ကလေးများ ပြွတ်သိပ်ပွင့်သည်။ စိမ်းဖျော့ရောင် ပွင့်ခံရွက်ပါရှိသည်။ အပွင့်အလွန်ရှား၍ အစေ့ကိုလည်းမမြင်ရချေ။ မိုးရာသီ၌ ပွင့်လေ့ရှိသည်။

ဥအတက်

အညိုနုရောင် ရှိသော မြေအောက်ပင်စည် ဖြစ်သည်။အဆစ် များရှိ၍ အဆစ်နေရာများတွင် အဖတ်ကလေးများရှိသည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ

ချင်းတက်

ပေါက်ရောက်ပုံ

စိုက်ပျိုးပင်ဖြစ်သည်။ ချင်းသည် မြန်မာနိုင်ငံ အနှံအပြားတွင် ပေါက်ရောက် နိုင်သကဲ့သို့ အိန္ဒိယပြည်၊ ဂျပန်ပြည်၊ တရုတ်ပြည်၊ အင်ဒိုနီးရှား နိုင်ငံ များတွင်လည်း ဦးစားပေး စိုက်ပျိုး ပေါက်ရောက် ကြသည်။ ရှမ်းပြည်နှင့် မြန်မာပြည်အနှံ ပေါက်နိုင်သော ဒေသများတွင် ချင်းပင်သည် သဲမြေများတွင် လောင်းရိပ် အောက်၌ စိုက်ပျိုးပါက ပိုမိုကြီးထွား ပေါက်ရောက် နိုင်ကြသည်။ မြန်မာပြည်တွင် အများအားဖြင့် ဗမာချင်း (ချင်းရိုင်း) များအား ပိုမို စိုက်ပျိုးကြသည်။

ချင်းတက်

အသုံးပြုပုံ

ချင်း အတက်များကို မြန်မာပြည် အပါအဝင် နိုင်ငံ တော်တော်များများတွင် ဟင်းလျာ များ၌၎င်း၊ စားစရာ အဖြစ်၎င်း၊ ငရုတ်သီး အစားထိုး ပစ္စည်းအဖြစ်၎င်း အသုံးပြု ကြသည်။ အသံဝင်ခြင်း၊ အသံပျက်ခြင်း၊ လည်ချောင်း နာခြင်း များအတွက် ချင်းပါးပါး ၇ လွှာအား ထန်းလျက် ၃ လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင် ကျိုပြီး သောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေနိုင်ပါသည်။ ရာသီ အပြောင်းအလဲကြောင့် ဖြစ်ပေါ်တက်သော တုပ်ကွေး ဖျားခြင်း၊ ချမ်းစိမ့်စိမ့် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း စသော ရောဂါများတွင်လည်း ချင်းနှင့် ထန်းလျက်ကို အထက်ပါ အတိုင်း နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်သုံးခြင်း၊ ဟင်းလျာ များတွင် ယခင်ကထက် အနည်းငယ် ပိုထည့်၍ ချက်ပြုတ် စားသောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေပါသည်။ အနောက်တိုင်း သုတေသီ တချို့မှ ချင်းကို စားသုံးခြင်းဖြင့် ‌‌ရောဂါပိုးများကြောင့် ဖြစ်သည့် အချို့ရောဂါ တော်တော် များများ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိထားပါသည်။ ချင်း၊ ဖန်ခါးသီးနှင့် ထောပတ်ကို ရောချက်၍ သက်ရှည် တေဆေး အဖြစ်လည်း အသုံးပြု နိုင်ကြပါသည်။ သွားကိုက် ရောဂါတွင် ချင်းကို ပါးပါးလှီး၍ အုံပေးခြင်းဖြင့် သွားကိုက် ရောဂါ ပျောက်ကင်း စေပါသည်။ နားကိုက် ရောဂါတွင် ချင်းစိမ်း သတ်တုရည် နွေးနွေးအား နားတွင် ခတ်ပေးခြင်းဖြင့် နားကိုက်ရောဂါ ပျောက်စေပါသည်။ ဇက်ကြော တက်သူများ အတွက် ချင်းပါးပါး လှီးပြီး မီး အနည်းငယ် ပြပါ။ ပြီးလျှင် ဇက်ကြောတက်သည့် နေရာ၌ ကပ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေပါသည်။ သွေးကြောပိတ်၍ ဖြစ်ပေါ်တက်သော အချို့ခြေထိပ်နာများ၊ ခြေဖျား အေးခြင်းများကို ချင်းစိမ်း ၂ ကျပ်ခွဲသားအား သေးသေးလှီးပြီး အရက် တစ်ပုလင်းတွင် စိမ်ပါ။ နံနက် တစ်ဇွန်း ည တစ်ဇွန်း တိုက်ပေးပါ။ အနာ ပေါ်သို့လည်း လောင်းထည့်ပေးပါ။ ဤသို့ဖြင့် သွေးကြော ကျဉ်းခြင်းများ၊ ပိတ်ခြင်းများ ဖွင့်ခါ သက်သာ ပျောက်ကင်း စေနိုင်ပါသည်။ အမျိုးသမီးများ မီးဖွားပြီး သားအိမ် မကျက်ဘဲ ဖျားနာခြင်း များအတွက် ထန်းလျက် ၂ ကျပ်သား၊ ချင်း ၁ ကျပ်သားအား ရေ တစ်ပိဿာတွင် တစ်ဝက်ခန့် ဖြစ်အောင် ကျိုပါ။ ပြီးလျှင် တစ်ခါသောက် ၂ အောင်စ သောက်ခြင်းဖြင့် ၎ရောဂါကို ပျောက်ကင်းစေ ပါသည်။

ပုံပန်း သွင်ပြင်

ပင်နု၊ ပင်ပျော့ မျိုးဖြစ်ပြီး အစိမ်းရောင် ရှိ၍ အမြင့် ၃ ပေ ၄ ပေ ခန့်အထိ မြင့်သည်။ အရွက်မှာ အစိမ်းရောင် ရှိပြီး ဝါးရွက် အသေးစားနှင့် တူသည်။တစ်ရွက်လျှင် ၆ လက်မမှ ၈ လက်မခန့် ရှည်သည်။ စိမ်းဝါရောင် ပန်းပွင့် ကလေးများ ပွင့်သည်။ မိုးရာသီတွင် ပွင့်လေ့ ရှိသည်။ မြေအောက် သဲမြေမျိုးတွင် စိုက်ပျိုးရ လွယ်ကူသော အညိုနုရောင် မြေအောက် ပင်စည်မျိုး ဖြစ်သည်။ ချင်းတက်တွင် အဆစ်များ ရှိ၍ အဆစ်နေရာတွင် အဖတ်၊ အတက် ကလေးများ ရှိတက်သည်။

အသုံးဝင်သောအပိုင်း

ဥအတက်ကိုသာ များသော အားဖြင့် အစား အသောက်တွင် လည်းကောင်း၊ ဆေးဝါးများ အဖြစ် သော်လည်းကောင်း အသုံးပြု တက်ပါသည်။

စိုက်ပျိုးပုံ

  • (က) မြေပြုပြင်ခြင်း

ပွသော မြေမျိုး ၊ အောက်သို့နက်ရှိုင်းစွာ အမြစ်ဆင်းနိုင်သော မြေမျိုးဖြစ်သင့်၏ ။ တန်ခူးလလောက်တွင် စိုက်ခင်းမြေကို ညက်အောင် ထွန်ယက်ပြုပြင်၍ မြေဩဇာထည့် ပြီးနောက် တစ်လခန့် အကြာတွင် နယုန်လဆန်း လောက်တွင် ဒုတိယအကြိမ် ထယ်ရေးဝင်ရသည်။ ရေမဝပ်စေရန် ဆောင်ရွက်ပြုပြင်ပေးရမည်။

  • (ခ) မြေချစိုက်ခြင်း

မြေပြန့်တွင် စိုက်ပျိုးခြင်း ၊ အတက်ကို အဖျားဖူး တစ်ဖူးစီပါအောင် ဖဲ့၍ စိုက်ရသည်။ ၁၈ လက်မမှ ၃၆ လက်မ အကွာတန်းများ၌ တစ်ပင်နှင့် တစ်ပင် ၉ လက်မစီ အကွားထားပြီး အနက် ၂ လက်မခန့် မြှပ်၍ စိုက်ရမည်။

  • (ဂ) ပြုစုဂရုစိုက်ခြင်း

မြေပြုပြင်စဉ် မြေတစ်ဆတွင် ပြာ ပိဿာ ၃၀ နှင့် နှမ်းဖတ်ပိဿာ ရော၍ ထည့်ခဲ့သော် ပိုမို၍ များပြားစွာ ဥတတ်၏ ။ မြေဆွေးကိုမူ စိုက်ပြီးစတွင် တစ်ကြိမ် ၊ အပင် ရှင်သန် ကြီးထွား လာပြီးနောက် အပင်ရင်းတွင် တစ်ကြိမ် ၊ နှစ်ကြိမ်ထည့်သင့်သည်။ တောင်ယာများတွင် စိုက်ပျိုးသည့်အခါ သဘာ၀မြေဩဇာ ထက်သန် သည့်အလျောက် တောင်ယာမီးရှို့ပြီး မြေများပေါ်တွင် မြေကို အနည်းငယ် ဆွ၍ အတက်များ ၁၈ လက်မကွာ စိုက်ပျိုးရသည်။

  • (ဃ) စုဆောင်းသည့်အချိန်

တပို့တွဲ ၊ တပေါင်း လောက်တွင် အပင်များသည် ဥများဥပြီး၍ သဘာ၀အလျောက် အပင်ကျ သွားချိန်တွင် တူးဖော်ရသည်။

အသုံးဝင်ပုံ၊ အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ချင်းစိမ်းသည် ချိုခါး သော အရသာ ရှိ၏ ။ အေးသော သတ္တိရှိ၏ ။ နှုတ်ကို မြိန်စေ၏ ။ ကြေကျက်လွယ်၏ ၊ ဝမ်းမီးကို တောက်စေ၏ ၊ သလိပ် သည်းခြေဒေါသကို နိုင်၏ ၊ ဆီးဝမ်းကိုရွှင်စေ၏ ၊ အဆိပ်ကို နိုင်၏ ၊ အသံနာ ၊ ရင်နာ ၊ လေနာတို့ကို နိုင်၏ ။ပြင်းထန်သော အနာပေါက်ခြင်း နှင့် ထိခိုက်မှု တို့ကြောင့် ဖြစ်သော ရောင်တင်းသော ရောဂါတို့ကို ပျောက်ကင်းစေ၏ ။

အသုံးပြုပုံ

  • ဥအတက်
  1. ချင်းစိမ်းရည်နှင့် ပျားရည်ရောစပ်၍ လျက်ပေးပါက နှာစေးချာင်းဆိုး ၊ ပန်းနာရင်ကျပ် ပျောက်၏ ။
  2. ချင်းစိမ်းရည်နှင့် ကြက်သွန်နီဥမှ ညှစ်၍ ရသော အရည်ကို သင့်လျော်အောင် ရောသောက်သော် အော့အန်ခြင်း ၊ကြို့ထိုးခြင်း ပျောက်၏ ။
  3. ချင်းစိမ်းနှင့် ပင်းစိမ်း ရွက်မှ ညှစ်၍ရသော အရည်တို့ကို အမျှစပ်၍ ပျားရည်အနည်းငယ် ထည့် သောက်သော် ကာလဝမ်းရောဂါ ပျောက်ကင်း၏ ။
  4. ချင်းစိမ်း သတ္တုရည်ကို မီးတွင် နွေးရုံ နွှေး၍ နား၌ ခတ်သော် နားကိုက်ရောဂါ ပျောက်ကင်း၏ ။
  5. ချင်းစိမ်းသတ္တုရည်ကို နှမ်းဆီနှင့် ကျို၍ ရသောဆီကို အဆစ်အမျက် ရောင်ရမ်းသော နေရာ၌ လိမ်းပေးသော် အဆစ်အမျက် ကိုက်ခြင်း ၊ ရောင်ရမ်းခြင်း ပျောက်၏ ။
  6. ချင်းစိမ်းကို ဝါး၍ သွားကိုက်သောနေရာတွင် ငုံထားပါက သွားကိုက်ခြင်း ၊ သွားနာခြင်း ပျောက်၏ ။
  7. ချင်းစိမ်း ၊ ထန်းလျက် နှင့် ကွမ်းရွက်တို့ကို ပြုတ်သောက်သော် တုပ်ကွေးဖျား ပျောက်၏ ။ အစာကြေစေ၏ ။ သားဖွား မိခင်များအတွက် သွေးသားစင်ကြယ်စေသည်။ [3]

ကိုးကား

  1. Zingiber officinale information from NPGS/GRIN www.ars-grin.gov။ 2008-03-03 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  3. http://arogyamonline.com/commodity/materials/?raw=64%5Bလင့်ခ်သေ%5D
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.