ချစ်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေသည် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သစ်တောရေးရာဝန်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး၊ သမဝါယမဝန်ကြီး စသည်ဖြင့်တာဝန်ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် နောင်စစ်သည်အမည်ဖြင့် စာပေ များ ရေးသားခဲ့ပြီး ‘သေတစ်နေ့ မွေးတစ်နေ့’မှာ အထင်ရှားဆုံးဖြစ် ကာ တတိယတွဲအထိ ရေးသား ထုတ်ဝေနိုင်ခဲ့သည်။[1]
ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ | |
---|---|
မွေးဖွား | ၁၈ ဇန်နဝါရီ ၁၉၃၂ မော်လမြိုင်မြို့၊ မြန်မာနိုင်ငံ |
ကွယ်လွန် | ၂၈ ဒီဇင်ဘာ၊ ၂၀၁၅ ၈၃) ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ | (အသက်
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
လက်နက်ကိုင်တပ် | တပ်မတော် |
ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
အိမ်ထောင်ဖက် | ဒေါ်မြင့်မြင့်ခင် |
ငယ်ဘဝနှင့် မိသားစု
ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေကို မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့၊ သင်္ဘောလဲရပ်၊ မက်ကရေးလမ်းတွင် မွန်လူမျိုးအဖ ဦးလှဘော်နှင့် အမိ ဒေါ်ခင်တင့်တို့မှ ၁၉၃၂−ခုနှစ်၊ ဇန္နဝါရီလ၊ ၁၈−ရက်၌ မွေးဖွားသည်။ မွေးချင်း ၆ ယောက်အနက် စတုတ္ထမြောက်ဖြစ်သည်။ ၅−နှစ်အရွယ်တွင် မော်လမြိုင် ဗုဒ္ဓဘာသာ အထက်တန်းကျောင်း၌ ပညာစတင် သင်ကြားသည်။ဖခင်ဖြစ်သူမှာ ပဲခူးမြို့သို့ စာတိုက်အင်စပတ်တော်အဖြစ် ပြောင်းစဉ်က ပဲခူးမြို့သို့ ပြောင်းခဲ့ကြပြီး မက္ကရက်(သ်) အင်္ဂလိပ်စာ အလွတ်သင်ကျောင်းတွင် ပညာဆက်လက် သင်ကြားခဲ့သည်။၂နှစ်အကြာတွင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့သည်။စစ်ကြီးပြီးနောက် ဖခင်မှာ ရန်ကုန်စာတိုက်မှူးကြီူအဖြစ် ပြောင်းကာတာဝန်ထမ်းဆောင်ခဲ့သဖြင့် ရေကျော်ရပ်ရှိ မက်သဒစ်ကျောင်းတွင် ပညာသင်ခဲ့သည်။၁၉၅၁ခုနှစ်တွင် ပဲခူးမြို့ ဆရာကြီးဦးဘစိန်၏ အလွတ်သင်ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ထို့နောက် ရန်ကုန်မြို့ ဆိပ်ကမ်းကော်မရှင်နာရုံးတွင် စာရေးအဖြစ် တစ်နှစ်ခန့် လုပ်ကိုင်ခဲ့ကာ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။၁၉၅၇ခုနှစ် ဇွန်လ၁၉ရက်နေ့တွင် ဒေါ်မြင့်မြင့်ခင်နှင့် လက်ထက်ခဲ့သည်။[2]
တပ်မတော်သားဘဝ
ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်နေစဉ် ဗိုလ်သင်တန်း အမှတ်စဉ်၈အတွက် သင်တန်းသားခေါ်ယူသဖြင့် ဝင်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့သည်။၁၉၅၂ခုနှစ် ဒီဇင်ဘာ၂၆ရက်နေ့တွင် သင်တန်းဆင်းကာ ကွတ်ခိုင်မြို့ရှိ အမှတ် (၁)ကယားသေနတ်ကိုင်တပ်ရင်းတွင် ဒုတိယဗိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ထို့နောက် မူဆယ်၊မန္တလေး၊မြစ်ကြီးနား၊ကောလင်း၊ဝန်းသို၊ပင်လည်ဘူး၊ဖီမော်၊ဆားလင်းကြီး၊ကျားတက်၊မင်းတိုင်ပင်၊ကပိုင်၊ချောက်၊တောင်တွင်းကြီး၊အောင်လံဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၅၉ခုနှစ်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့တွင် တာဝန်ထမ်းဆောင်ပြီး ၁၉၆၆ခုနှစ်တွင် ဒုတိယတပ်ရင်းမှူး၊ ဗိုလ်မှူးအဖြစ် ကလောတွင် တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၇၀တွင် စစ်ဦးစီးမှူး (ဒုတိယတန်း)အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (စစ်ဆင်ရေးဌာန)သို့ ပြောင်းကာတာဝန်ထမ်းဆောင်ရသည်။တစ်နှစ်ခန့်အကြာတွင် ကယားပြည်နယ်ရှိ ခလရ-၅၄သို့ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ရသည်။ဝှေပုံလောင်းခရီးရှည်ချီတက်ပွဲကို ချီတက်ခဲ့ပြီး စစ်ရုံးတွင် စစ်ဦးစီးမှူး ပထမတန်း(စစ်ဆင်ရေး)အဖြစ်နှင့် ထပ်မံတာဝန်ပေးခံရပြန်သည်။
ထို့နောက် ထားဝယ်စစ်ဗျူဟာတွင် ဗျူဟာမှူးအဖြစ် နှစ်နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ဆိုဗီယက်ပြည်ထောင်စုတွင် မြန်မာနိုင်ငံ၏ စစ်သံမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပြန်သည်။ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ၂လခန့်တာဝန်ထမ်းဆောင်ခဲ့ပြီး အမှတ်၇၇ခြေမြန်တပ်မဌာနချုပ်တွင် တပ်မမှူး (ဗိုလ်မှူးချုပ်)အဖြစ် တာဝန်ပေးခံရကာ နောင်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြန်သည်။၁၉၈၅ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၂)စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူးဖြစ်လာကာ ၁၉.၁၁.၁၉၈၆တွင် ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။[2]
နဝတဝန်ကြီး
၁၉၈၈ခုနှစ် တပ်မတော်အာဏာသိမ်းချိန်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ထိုသို့တာဝန်ထမ်းဆောင်စဉ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် သမဝါယမ ဝန်ကြီးဌာနတို့၏ ဝန်ကြီးတာဝန်များပါ ထမ်းဆောင်ခဲ့သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေသည် သစ်တောရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးများ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သည်။မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်၊ ရေနံချောင်းဒေသတွင် သဲကန္တာရအနေအထားသို့ ရှေးရှုနေသော အစက်၂စက်ကို ကောင်းကင်ဓာတ်ပုံမှ တွေ့ရှိသဖြင့် လူသိရှင်ကြား ဖော်ထုတ်ပြသကာ ထိုအစက်များ ပျောက်ကွယ်သွားအောင် ဆောင်ရွက်ခဲ့သည်။မြန်မာနိုင်ငံအလယ်ပိုင်း စိမ်းလန်းစိုပြည်ရေးအတွက် ကိုရီးယားနိုင်ငံမှ ယုန်အီးစီမံကိန်းကို နမူနာယူကာ ဂွေးချိုတောင်တန်း စိမ်းလန်းစိုပြည်ရေးစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့သည်။
ထို့အပြင် ပုဂံရှိ လောကနန္ဒါဘေးမဲ့ဥယျာဉ်၊ ပုပ္ပါးအပန်းဖြေစခန်း၊ လန်ပိကျွန်းအဏ္ဏဝါဗေဒဥယျာဉ်တည်ဆောက်ခြင်း၊ မြန်မာ့ကျားသတ္တဝါ ထိန်းသိမ်းရေး၊ တနင်္သာရီသစ်တောထိန်းသိမ်းရေးလုပ်ငန်းနှင့်အတူ ပါချန်ကြိုးဝိုင်းစောင့်ရှောက်ရေးများကိုပါ ဆောင်ရွက်ခဲ့သည်။ထို့အပြင် ရှင်မတောင်၊ နတ်မတောင်၊ တက်မတောင်၊ နတ်တောင်၊ မဟာမြိုင်သစ်တောစောင့်ရှောက်ရေးများ ဆောင်ရွက်ခဲ့သည်။
စာပေလောက
တပ်မတော်နှင့် သစ်တောရေးရာဝန်ကြီးအဖြစ်မှ အနားယူပြီးနောက် ဘဝမှတ်တမ်းများကို နောင်စစ်သည်ကလောင်အမည်ဖြင့် သေတစ်နေ့၊ မွေးတစ်နေ့ကို ၂၀၀၆ခုနှစ်တွင် အတွဲ (၃)အဖြစ် ထုတ်ဝေခဲ့သည်။စတုတ္ထမြောက်အဖြစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကိုရေးသားထားသော အစက်ကလေးနှစ်စက်စာအုပ်၊ ရက်သတ္တပတ်ကိုရီးယားနှင့် အရှေ့ဖျားမှ တရုတ်နဂါးကြီး ခရီးသွားမှတ်တမ်းစာအုပ်တို့ကို ရေးသားခဲ့သည်။သေတစ်နေ့၊မွေးတစ်နေ့စာအုပ်ဖြင့် သုတစွယ်စုံမီဒီယာဂရုမှ ချီးမြင့်သော စာပေဆိုင်ရာဆုကို ရရှိခဲ့သည်။
ကွယ်လွန်ခြင်း
၂၀၁၅ခုနှစ် ဒီဇင်ဘာလ၂၈ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက် ငွေဝတ်မှုံရိပ်သာလမ်း၊ အိမ်အမှတ် (၇၀/ဘ)၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီးသည်၊ သား၃ယောက်နှင့် သမီးသုံးယောက် ကျန်ရစ်ခဲ့သည်။
ကိုးကား
- https://7day.news/%E1%80%85%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%86%E1%80%9B%E1%80%AC%E1%80%94%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA-(%E1%80%A1%E1%80%84%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%85%E1%80%AC%E1%80%B8-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%85%E1%80%BA%E1%80%86%E1%80%BD%E1%80%B1)-%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%80%9C%E1%80%BD%E1%80%94%E1%80%BA-----54305
- "မြန်မာစွယ်စုံကျမ်း နှစ်ချုပ်၊ ၂၀၁၆"၊ စာပေဗိမာန်။