ခြင်းလုံး ကစားခြင်း
ခြင်းလုံး ကစားခြင်း
ခြင်းလုံး ကစားခြင်းသည် မြန်မာ့ရိုးရာ ကစားနည်း တစ်ရပ်ဖြစ်သည်။ ကြိမ်နှင့်ယက်လုပ်ထားပြီး အလုံးသဏ္ဌာန်ရှိသော အရာကို ခြင်းလုံးဟုခေါ်၍ ခြင်းလုံးကို ခြေဖြင့် ခတ်ကစားရသော ကစားနည်း ဖြစ်သည်။
မြန်မာနိုင်ငံ၌ ခြင်းလုံးကစားခြင်း သည် ရိုးရာမူဟန်မပျက် ကျန်နေရစ်ပြီး အထူးစိတ်ဝင်စားဖွယ် ရှားပါးကစားနည်း တစ်မျိုး ဖြစ်နေပါသည်။ ညင်သာသည့်၊ ခြေခတ် ပညာမျိုးစုံဖြင့် ကြွယ်ဝလှသည့်၊ လူကြီးလူငယ်မရွေး၊ ကျား-မ မရွေး ကစားနိုင်သည့်၊ ပူးပေါင်းကစားနိုင်ကြသည့် ကစားနည်းတစ်ခု ဖြစ်ပါသည်။ ဤကစားနည်းသည် ပူးပေါင်းဆောင်ရွက်မှုမျိုး၊ အပြန်အလှန် အပေးအယူရှိမှုနှင့် ဒီမိုကရေစီ သဘောလည်း ပါဝင်ဖွဲ့စည်းနေသည်။
ခြင်းလုံး
ဝိုင်းခြင်းခတ်ဖို့ အကောင်းဆုံးမှာ ခြောက်ပင်ချည် ကြိမ်ခြင်းလုံး ဖြစ်ပါသည်။ ထိုခြင်းလုံး၏ ကြိမ်တွေအကြားမှာ ဝါးကလေးတွေကို သပ်ရိုက်ထည့်သည်။ ပြီးမှ ခြင်းလုံးကို အိုးတစ်လုံးထဲတွင် မန်ကျည်း ရွက်နှင့်အတူ ထည့်ပြုတ်ပြီး နေပူလှမ်းထားရသည်။ ထိုကဲ့သို့ စီမံထား သော ခြင်းလုံးက ဝိုင်းခြင်းခတ်ဖို့ အထူးကောင်းမွန်လှ၏။ ခြင်းလုံးနှင့် ခြေထောက် ထိလိုက်သည်နှင့် “ထပ်” “ထပ်” ဟု အသံမြည်ပြီး တက်သွားသည်။ ယခုနောက်ပိုင်း အခတ်များသော ကော်ခြင်းလုံးတွေနှင့် တခြားစီပင် ဖြစ်သည်။
စတင်ပေါ်ပေါက်လာပုံ
ခြင်းလုံး စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ မြန်မာများ အကြား၌ပင် ငြင်းခုန်နေကြဆဲ ဖြစ်သည်။ အချို့က ဤကစား နည်းသည် နှစ်ပေါင်း ၂, ၅၀၀ ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုနိုင်ပြီး အေဒီ ၇ ရာစု ရှေးဟောင်းပျူခေတ်ကာလကပင် ရှိခဲ့သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ အချို့က ပို၍ နောက်ပိုင်းကျသည့် ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်းလက်ထက်တွင်မှ စတင်တွေ့ရပြီး နန်းတော်ရှိ မင်းဆွေမင်းမျိုး ပရိသတ်များ ကြည့်ရှုရန် ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု ဆိုသည်။ ခြင်းပညာ၏ ခြေကွက်များ ပေါ်လွင်စေရန် ပုဆိုးကို ခါးတောင်းမြောင်အောင်ကြိုက်၍ ကစားခဲ့ကြသည်ဟု ဆိုသည်။ ဤကစားနည်းမှာ နောက်ပိုင်း သာမန်ပြည်သူအများကြားတွင်လည်း ခေတ်စားလာခဲ့ပြီး၊ ညနေစောင်း နေအေးချိန်၌ ဖြစ်စေ၊ သစ်ပင်ရိပ်အောက်၌ ဖြစ်စေ လူအများ ခတ်ကစားလေ့ ရှိကြပါသည်။
ကမ္ဘာ အနောက်နိုင်ငံများရှိ တဘက်နှင့် တဘက်ပြိုင်ဆိုင်ကစားကြရသည့် ကစားနည်းများ အနက်မှ ခြင်းလုံးနှင့် ဆင်ဆင် တူသည့် အားကစားနည်းကို ပြောရမည်ဆိုလျှင် အလှပြ စကိတ်စီး ကစားနည်းပင် ဖြစ်ပါလိမ့်မည်။ ဤကစားနည်း ၂-ခုလုံး က လျင်မြန်ဖြတ်လပ်မှု၊ ကိုယ်ခန္ဓာဟန်ချက် ထိန်းသိမ်းနိုင်မှု၊ ကျွမ်းကျင်မှုနှင့် ကစားသူများ အချင်းချင်းအကြား ရင်းနှီး ဆက်ဆံ အပေးအယူပြုမှုများ ပါဝင်ကြပါသည်။ ဤကစာနည်း ၂-ခုလုံးကို တေးဂီတနှင့် တွဲဖက်တင်ဆက်ကြပြီး၊ သူတို့၏ အနုပညာမြောက်စွာ တင်ဆက်နိုင်မှုအပေါ် ချီးမွမ်းဂုဏ်ပြုလေ့ ရှိကြပါသည်။ ခြင်းလုံးကစားနည်းတွင်လည်း မြန်မာ့ဂီတနှင့် ဆက်စပ်နေပြီး တီးခတ်နေကြသည့် ဆိုင်းဆရာ၏ ဘေးတွင် ခတ်ပြ၍ ကစားလေ့ရှိကြပါသည်။ အတီးကောင်း ဆိုင်းဆရာကလည်း ခြင်းကစားမှုကို ကြွစေကြောင်း ဆိုထားပါသည်။
မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်ကာလ (၁၈၈၅-၁၉၄၈) က ခြင်းလုံးကိုလည်း အမျိုးသားရေးလက္ခဏာ တရပ်အဖြစ် အရူးအမူး အားပေးမြှင့်တင်ခဲ့ကြပါသည်။ ၁၉၁၈ ခုနှစ်တွင် ခြင်းလုံးဆရာဖြစ်သင်တန်းကို စတင်ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်း ခြင်းလုံးအသင်းများ ပေါ်ပေါက် လာခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ခြင်းလုံးကစားနည်းက အမျိုးသားအားကစား ဖြစ်လာခဲ့သည်။ ၁၉၅၀ ခုနှစ် များနှင့် ၁၉၆၀ ခုနှစ် အစောပိုင်းကာလများတွင် မြန်မာနိုင်ငံ အပျော်တမ်း ခြင်းလုံးအသင်းက ခြင်းလုံးခတ် ကစားနည်းကို ပြည်တွင်းတွင် မြှင့်တင်အားပေးခဲ့သလို၊ ဥရောပသို့လည်း သွားရောက် ပြသခဲ့ပါသည်။ ယခုအခါတွင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများအထိ ခြင်းလုံးကစားနည်းပျံ့နှံ့လျက်ရှိပြီး ပိုက်ကျော်ခြင်းဟူသော တစ်ဖက်နှင်တစ်ဖက် ယှဉ်ပြိုင်ကစားရသည့်အားကစားနည်းတစ်ရပ်ပေါ်ထွန်းလာပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင်ထည့်သွင်းကျင်းပနေပြီဖြစ်သည်။ အရှေ့တောင်အာရှပြင်ပရှိ တရုတ်၊ ဘရာဇီးစသောနိုင်ငံများသို့လည်း ပိုက်ကျော်ခြင်းအားကစားပျံ့နှံ့ခဲ့ပြီဖြစ်သည်။
အခေါ်အဝေါ်များ
ခြင်းရိုး၊ ခြင်းလတ်၊ ဝိုင်းခြင်းခတ်ပွဲ၊ ဘေးဖနောင့်၊ နှစ်ထပ်ခြေဖျား၊ နှစ်ထပ်ခြေခွင်၊ ဖီလာဖနောင့်၊ ခြေခွင်၊ ခြေဖျား၊ ဒူး၊ ဖဝါးတို့ပဲ ဖြစ်ကြသည်။ ခြင်းယိုင်အလှခတ်များ ဖြစ်သော စလွယ်၊ မဟာ၊ မဟာညွန့်၊ ဂုမ္ဘာဏ် အစရှိသည်တို့ကို တွေ့ရသည်။ ခြင်းခတ်ကစားခြင်းကို ကျွမ်းကျင်အောင်ခတ်ကစားနိုင်သူကို ခြင်းဝိဇ္ဖာ ဟုခေါ်သည်။ ခြင်းအလှခတ်နိုင်သော သူကို ခြင်းမင်းသားဟု ခေါ်သည်။ ခြင်းလုံးကို ဘေးမရောက်အောင် ဆယ်ပေးပြီး ခြင်းဆင်ပေးနိုင်သော သူကို ခြင်းထောက်ဟု ခေါ်သည်။
ခြင်းကြီး ၁၀ မျိုး
ခြင်းကြီး ၁၀ မျိုးကတော့ မဟာ၊ မဟာဒူး(ဂုမ္ဘာဏ်)၊ ဝိုက်ကြီး၊ စလွယ်ကြီး၊ တည့် ဖဝါး၊ တည့်ဖနောင့်၊ မဟာ ညွန့်၊ ညွန့်ဒူး၊ နဂါးပတ်ဖဝါး၊ နဂါးပတ်ဖနောင့်တို့ ဖြစ်သည်။ ခေတ်ဆန်းခြင်း ပေါက်များမှာ သမင်လည် ပြန် ဖနောင့်၊ မြင်းစီးဖနောင့်၊ လျှပ်ဒူး၊ မန္တလာခြေဖျား၊ လေဝဲ စသည်တို့ဖြစ်သည်။
ပညာရှင်များ
မြန်မာအမျိုးသား ခြင်းအကျော် ဝိဇ္ဖာသန်း က “ခတ်ကွက် ဆိုသည်မှာ ခေါင်း၊ ခါး၊ ခြေ၊ လက်ကိုသုံး၍ ပုံအကျခတ်ပြနိုင်မှသာလျှင် လှပသည့် ခြင်းခတ်ကွက်ကို ရလိမ့်မည်” ဟုဆိုခဲ့သည်။ မြန်မာအမျိုးသမီးများ ထဲတွင်လည်း ခြင်းပညာရှင် ရှိသည်။ ထ်ိုအမျိုးသမီးငယ်မှာ စုစုလှိုင် ဖြစ်သည်။ မြန်မာအမျိုးသမီးများ၏ စွမ်းပကားကိုလည်း ထင်ဟပ်ဖော်ကျူးနေပေသည်။