ဂုဏ်လင်းကျော်

ဂုဏ်လင်းကျော် (၁၉၅၀-၂၀၁၀)

ဦးဘရီ၊ ဒေါ်တင်မေတို့က တောင်သာမြို့၌ ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးတင်စိုး ဖြစ်သည်။ ၁၉၆၈ ခုနှစ်၌ အ.ထ.က တောင်သာမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၁၄) တွင် တက်ရောက် အောင်မြင်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ခြေလျင်တပ်၌ စစ်မှုထမ်းသည်။ ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဗဟိုပြည်သူ့ဆက်ဆံရေးတပ်တွင် အမှုထမ်းသည်။ စစ်ဘက်၌ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာန စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုကို 'ခေတ်အဆက်ဆက် မြန်မာ့တပ်မတော်သားတို့၏ဝတ်စားဆင်ယင်မှု' စာမူဖြင့် ပထမဆုရရှိခဲ့သည်။ ထို့နောက် ၁၉၉၆ ခုနှစ်၌ 'စိန်မြရံခြယ်' စာအုပ်ဖြင့် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေ)၊ အမျိုးသားရေးဆောင်ပုဒ် စာပေနှင့်ဓာတ်ပုံပြိုင်ပွဲတွင် 'ဆယ့်နှစ်ပွင့်ပန်း ဥယျာဉ်နန်း' စာမူဖြင့် ဆောင်းပါးပထမဆုရရှိခဲ့သည်။ ထို့အပြင် တပ်မတော်နေ့အထိမ်းအမှတ်စာပေပြိုင်ပွဲများ၌ ကဗျာ၊ ဆောင်းပါးနှင့် ဝတ္ထုဘာသာရပ်များတွင်လည်း ဆုများရရှိခဲ့သည်။

ဂုဏ်လင်းကျော်သည် သပြေနုငွေလဆန်းနှင့် စန္ဒကူးဝတ္ထုတိုများ၊ ဒီလိုလေသမီးရဲ့...ဟုတ်ကဲ့ပါဖေဖေ စသောစာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ စာပေသက်တမ်းတစ်လျှောက် ဆောင်းပါးနှင့် ဝတ္ထုတိုပေါင်း ၁၀၀၀ ကျော် ရေးသားခဲ့သည်။ ဂုဏ်လင်းကျော်သည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူးတာဝန်မှ အငြိမ်းစားယူပြီးနောက် ကိုယ်ပိုင်စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်လှမူသိန်းနှင့် သမီးတစ်ယောက်၊ သားတစ်ယောက်ကျန်ရစ်သည်။[1]

ကိုးကား

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.