ဂျမ်းစိန် (ရုပ်ရှင်သရုပ်ဆောင်)

​ဒေါ်ဂျမ်းစိန်ကို အမျိုးသမီးဇာတ်ပို့သရုပ်ဆောင် တစ်ဦးအဖြစ် ရုပ်ရှင်ကြည့် ပရိတ်သတ်များ မှတ်မိကြသည်။ ဒေါ်ဂျမ်းစိန်ကား ကျရာအခန်း၌ ပီပြင်စွာ သရုပ်ဆောင်နိုင်သူ ဖြစ်ပါသည်။ ဘာသာတရား ကိုင်းရှိုင်းရိုသေသူ မွန်တိုင်းရင်းသူ အမျိုးသမီးကြီး ဒေါ်ဂျမ်းစိန်သည် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သော်လည်း ရုပ်ရှင်ကြည့်လေ့ကြည့်ထ ရှိသူတော့ မဟုတ်ပေ။ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကားများကိုသာ ကြည့်ရှုခဲ့ဖူးကြောင်းလည်း ဆိုပါသည်။

ဒေါ်ဂျမ်းစိန်၏ အမည်ရင်းကား ဒေါ်စောရင်ဖြစ်ပါသည်။ ဒေါ်စောရင်ကို (၁၉၀၅)ခုနှစ်တွင် မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ ခရိုက်သစ်ကျေးရွာ၌ သူကြီးဦးရွှေအုပ်နှင့် ဒေါ်ငြိမ်းမယ်တို့က ဖွားမြင်ခဲ့သည်။ မွေးချင်းညီအစ်ကို မောင်နှမ ခြောက်ယောက်အနက် ဒေါ်စောရင်က အကြီးဆုံးဖြစ်သည်။

ဒေါ်စောရင်သည် ၁၉၂၄-ခုနှစ်တွင် မြန်မာအဆွေ ရုပ်ရှင်မှ ဒါရိုက်တာ ဦးညီပု ရိုက်ကူးသော မှိုင်းဝေဝေရုပ်ရှင်ဇာတ်ကားတွင် ဇာတ်ရံအဖြစ် စတင်ပါဝင် သရုပ်ဆောင်ခဲ့ရသည်။ ထို့နောက် (၁၉၂၄-၂၅)-ခုနှစ်အတွင်း မြန်မာအဆွေမှ တခိုင်လုံးစိန်၊ တခိုင်လုံးရွှေ စသည့် ဇာတ်ကားများတွင် ဆက်လက်ပါဝင် သရုပ်ဆောင်ခဲ့ရာ မဂျမ်းစိန်အမည် ရရှိခဲ့သည်။

ဒေါ်ဂျမ်းစိန်ပါဝင်သော ဇာတ်ကားများမှာ အစောပိုင်းကာလ၌ ဆုထူးပန်၊ သီတဂူ၊ ကျောင်းတော်ပြန်၊ မင်းကတော်၊ ရွှေနှင်းဆီ၊ ရွှေစကား စသည့် ဇာတ်ကားများဖြစ်ကြပြီး စစ်ပြီးခေတ်တွင် မြဂနိုင်၊ စက္ကောမ၊ စောင်းတော်ရှင် စသည့်ဇာတ်ကားများတွင် ပါဝင်ခဲ့သည်။ ဒေါ်ဂျမ်းစိန်သည် စစ်ပြီးခေတ် တစ်လျောက်တွင်လည်း ရုပ်ရှင်ဇာတ်ကား အများအပြား၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။

၁၉၃၂-ခုနှစ်တွင် မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီမှ ဓာတ်ပုံဆရာ ဦးလှဖေနှင့် အိမ်ထောင်ကျခဲ့သည်။ ခင်ပွန်းကွယ်လွန်သွားပြီးနောက် သားသမီး မရှိသည့်အလျောက် ညီမဖြစ်သူနှင့်အတူ နေထိုင်ခဲ့သည်။ ၁၉၈၄-ခုနှစ်၊ ဇွန်လ (၄)ရက်နေ့တွင် ဒေါ်ဂျမ်းစိန် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၁)နှစ် ရှိပြီဖြစ်သည်။ [1]

ကိုးကား

  1. တင်နိုင်တိုး။ ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ (၂၀၁၃) ဖေဖော်ဝါရီ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.