ဂျီနိုအာမြို့

ဂျီနိုအာမြို့

ဂျီနိုအာမြို့

ဂျီနိုအာမြို့သည် အီတလီနိုင်ငံ၏ အနောက်မြောက်ပိုင်း ဂျီနိုအာမြို့ပင်လယ်ကွေ့၏ ကမ်းခြေ အလယ်ဗဟိုတွင် တည်ရှိ၏။ မြေထဲပင်လယ် ကမ်းခြေပေါ်တွင် အကြီးဆုံး ဆိပ်ကမ်းမြို့ကြီးတမြို့ ဖြစ်သည်။ အီတလီနိုင်ငံမြောက်ပိုင်း သို့သွားရာ တံခါးမကြီးလည်း ဖြစ်၏။ အီတလီနိုင်ငံလုံးမှ ထွက်သော ကုန်ပစ္စည်းတို့၏ ငါးပုံတစ်ပုံခန့်မျှကို ထိုသင်္ဘောဆိပ် မြို့ကြီးမှတဆင့် တင်ပို့ရလေသည်။ အနီးဆုံးဖြစ်သော မာဆေးမြို့ကြီးလောက် သင်္ဘောအဝင်အထွက် မများလှသော် လည်း ထိုမာဆေးဆိပ်ကမ်းမြို့ကြီးထက်ပင် ကုန်တင်ကုန်ချ ပိုမို၍ များပြား၏။ သင်္ဘောကျင်းကြီးများနှင့် ကုန်ပစ္စည်း သိုလှောင်ရန် ကုန်ရုံကြီးများကိုလည်း တစ်နေ့ထက်တစ်နေ့ တိုးချဲ့ ဆောက်လုပ်ထား၏။ ထိုဆိပ်ကမ်းမှ အီတလီနိုင်ငံသို့ ဝင်ကုန်များမှာ ဂျုံ၊ ပြောင်း၊ ဝါဂွမ်း၊ ဓာတ်ဆီ၊ ကျောက်မီး သွေး၊ ဖော့စဖိတ်၊ သံနှင့် သံမဏိတို့ ဖြစ်သည်။ ထွက်ကုန် များမှာမူကား ပိုးထည်၊ သံလွင်ဆီ၊ ဆပ်ပြာ၊ စက္ကူ၊ ဝိုင်အရက် နှင့် စကျင်ကျောက်များပင်တည်း။ ဤမြို့ကြီးသည် အီတလီနိုင်ငံ၏ လေကြောင်းနှင့် မီးရထား လမ်းဗဟိုဌာန ဖြစ်သည်။ ရှေးအခါက ဂျီနိုအာမြို့သူမြို့သား များသည် ပင်လယ်၌ စွန့်စားသွားလာကြ၍ ဂျီနိုးအာမြို့မှာပင် နာမည်ကျော် သင်္ဘောသားကြီး ခရစ္စတိုဗာ ကိုလံဘတ် ထွန်းကား ခဲ့လေသည်။

ဂျီနိုအာမြို့သည် ရှေးအခါက လောင်းဗတ်နှင့် ဖရန့်တို့ လက်ထဲသို့ ကျရောက်၍ရှာလမိန်းဘုရင်ကြီး၏ နိုင်ငံတော် ကြီး ပျက်စီးသွားသော အခါ လွတ်လပ်သောမြို့တစ်မြို့ ဖြစ်လာ သည်။ မှူးမတ် သေနာပတိ လူနည်းစုတို့နှင့် ဒီမိုကရေစီဝါဒ သမားများသည် အမြဲပဋိပက္ခဖြစ်ခဲ့ရာ တစ်လှည့်စီအုပ်စိုးခဲ့ကြ၍ ၁၆ ရာစု၌ လူနည်းစုဝါဒ လွှမ်းမိုးသွားသည်။ ထိုနောက်၌ကား ကိုယ်ပိုင် အုပ်ချုပ်ရေး ရရှိခဲ့ရာမှ ဆာဒင်းနီးယားနှင့် ဗီးဒမွန့် နယ် ဘုရင်များ၏ လက်အောက်သို့ ရောက်သွားပြီးနောက် ၁၈၆၁ ခုနှစ်တွင် အီတလီပိုင် ဖြစ်သွားသည်။ ထိုမြို့၏ လူဦးရေမှာ ၆၀၇,၇၇၁ (၂၀၁၀ ခု)ဖြစ်သည်။ သင်္ဘောလုပ်ငန်း၊ အင်ဂျင်နီယာလုပ်ငန်းနှင့် အထည်လုပ်ငန်းများရှိ၏။

[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.