ဂျူဗလီဟော

ဂျူဗလီဟော (Jubilee Hall) သည်မြန်မာ့သမိုင်း၌ တစ်ခန်းတစ်ကဏ္ဍပါဝင်ခဲ့ပေသည်။ ဂျူဗလီ ဟော၏သက်တမ်းတစ်လျောက်တွင်ထင်ရှားသောသမိုင်းဝင်အဖြစ်အပျက်များစွာတို့ ကိုထိတွေ့ခဲ့ရလေသည်။ ဂျူဗလီဟော ခေါ်တွင်သည့်အဆောက်အအုံကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း၊ ကျားကူးဓမ္မာရုံအနီး ရှေးယခင် ပြားတောရကျောင်းတည်ရှိရာနေရာတွင် လွန်ခဲ့သည့်နှစ်ပေါင်း (၁၀၅)နှစ် ၊ ၁၈၉၃ခုနှစ်၊ဇန်နဝါရီလ(၃၁)ရက်နေ့တွင် စတင်အုတ်မြစ်ချ၍ တည်ဆောက်ခဲ့လေသည်။ ဗြိတိန်နိုင်ငံဝိတိုရိယ ဧကရီဘုရင်မကြီး၏နန်းစံ(၂၅)နှစ် မြောက်(ငွေရတုသဘင်) ဂျူဗလီနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဂျူဗလီအဆောက်အအုံမှာ အင်္ဂလန်ပြည်ပြဇာတ်ရုံများကဲ့သို့ ဇာတ်ခုံစင်မြင့်၊ ပရိသတ်ခန်းမ၊ ဇာတ်ခုံဝဲယာခန်းဆောင်၊ ပရိသတ်အတွက်ပတ်လည်စင်မြင့်၊ ရှေ့မျက်နှာစာခန်း၊ဇာတ်ခဲ့အောက်ခန်း စသည်ဖြင့်ခမ်းနားစွာဆောက်လုပ်၍ နာရီစင်လည်း တပ်ဆင်ထားလေသည်။ ဇာတ်ခုံပေါ်တွင် မီးနှင့် ကန့်လန့်ကာအတွက် ခေတ်မီပစ္စည်းများလည်းတပ်ဆင်ထားသဖြင့် အစည်းအဝေးခန်း၊ ကပွဲခန်း၊ ဇာတ်ရုံစသည့်အသွင်မျိုးမျိုးဖြင့် အသုံးချနိုင်လေသည်။

တချိန်က ဂျူဗလီဟော

ထိုအခါကမြို့တော်ခန်းမ ကဲ့သို့သော အဆောက်အအုံမ ပေါ်ပေါက်သေးသဖြင့် လူအများစုရုံးနိုင်သော ပွဲသဘင်ဆောင်အနေဖြင့် ဂျူဗလီဟောတစ်ခုတည်းသာ တည်ရှိခဲ့လေသည်။ ထို့ကြောင့်ဗြိတိသျှခေတ်တစ် လျောက်တွင် ထင်ရှားသော နာမည်ကြီးပုဂ္ဂိုလ်ကြီးများ၏ သားသမီးမင်္ဂလာ ဆောင်၊ ပွဲထိုင်အခမ်းအနားများကို ဂျူဗလီဟောတွင်ကျင်းပခြင်းဖြင့် ဂုဏ်ယူခဲ့ကြလေသည်။ ဘုရားဒကာ ဂရိတ်ဦးဖိုးစိန်၏ ပွဲများကိုလည်း ထိုစင်မြင့်တွင်ကပြခဲ့လေသည်။ ထင်ရှားသော ပထမပြန်ဆုနှင်းသဘင်အစည်းအဝေး ပြပွဲ၊ ပြိုင်ပွဲ၊ကျောင်းကပွဲနှင့် အခမ်းအနားများစွာကို ဂျူဗလီဟောတွင် ကျင်းပခဲ့လေသည်။ ဂျူဗလီဟော၏ သက်တမ်းတစ်လျှောက်တွင်ထူးခြား ထင်ရှားသော သမိုင်းဝင်လှုပ်ရှားမှုများစွာ ကျင်းပခဲ့လေသည်။


၁၉၂၁ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၏ ပထမဘွဲ့နှင်းသဘင်ကို ဂျူဗလီဟောတွင် ပင်ကျင်းပခဲ့သည်။ ထိုစဉ်အခါက လယ်တီဆရာတော်ဘုရားကြီးအား ဗြိတိသျှအစိုးရက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ဆက်ကပ်တော်မူခဲ့လေသည်။ ၁၉၂၂ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင်မြန်မာနိုင်ငံရေးအသင်းကြီးဖြစ်သည့် ဂျီ၊ စီ၊ဘီ၊အေ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပွဲကိုလည်း ဂျူဗလီခန်းမ၌ပင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေး၌ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်၍ ဥပဒေပြုကောင်စီကို သပိတ်မှောက်လိုသူက တစ်စု၊ မမှောက်လိုသူကတစ်စု နှစ်စုကွဲကာ ဝိဝါဒဖြစ်ကြလေသည်။ ဦးဘဖေ၊ ဦးဘလှိုင်၊ ဦးပု၊ မန္တလေးဦးဘဦး အမှူးရှိသော ပုဂ္ဂိုလ်(၂၁)ဦးက ဒိုင်အာခီစနစ်ကို လက်ခံ၍ ဥပဒေပြုကောင်စီထဲမှနေ၍ အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုတို့ကို အရေးဆိုမည်ဟုကြေညာခဲ့လေသည်။ ထို့ကြောင့်(၂၁)ဦး အဖွဲ့နှင့်လှိုင်ပုကျော် ဂျီစီဘီအေဟူ၍ နှစ်ခြမ်းကွဲသွားလေသည်။ ၁၉၃၄-ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင်ဂျူဗလီဟော၌ မြန်မာအမျိုးသမီးအလှပြိုင်ပွဲကျင်းပခဲ့လေသည်။ ထိုပြိုင်ပွဲတွင် မချစ်ညွန့်ဆိုသူ အမျိုးသမီးကလေးက ပထမဆုရရှိသဖြင့် မြန်မာ့အလင်းရွှေတံဆိပ်ကို ရရှိခဲ့ပေသည်။


၁၉၃၅-ခုနှစ်တွင်ကား ဗုဒ္ဓဘာသာဝင်များ၏အစည်းအဝေးတစ်ရပ်ကျင်းပခဲ့လေသည်။ ထိုနှစ်စက်တင်ဘာလ(၈)ရက်နေ့တွင် ဘိက္ခုနီသာသနာပဒေသကျမ်း ပြုစုသူ အရှင်အာဒိစ္စဝံသအား ဗုဒ္ဓရှင်တော်မြတ်ကို ထိပါးသောစကားသုံးနှုန်းသည်ဟု စွပ်စွဲကာပကာသနိယကံပြုကြလေသည်။ သာသနာရေးတွင်ကြီးကျယ်စွာငြင်းခုံ ဝိဝါဒဖြစ်ပွားခဲ့ခြင်းပင်ဖြစ်ပေသည်။ ၁၉၄ရခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့ တွင်ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ မသမာသူများ၏ လုပ်ကြံခြင်းခံရ၍ ကျဆုံးသောအခါ ဗိုလ်ချုပ်နှင့်တကွ အာဇာနည်များ ၏ရုပ်ကလာပ်များကို ဂျူဗလီဟော၌ပင်ထားရှိ၍ အလေးပြုခံခဲ့ရာ သင်္ဂြိုဟ်သည့် ကာလ ၁၉၄၈-ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့အထိ ဖြစ်လေသည်။ ၁၉၅၂ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင်ကား ဂျူဗလီဟော၌ပင် အမျိုးသားပြတိုက်ကို စတင်ထူ ထောင်ဖွင့်လှစ်ခဲ့ပေသည်။ ဘားနဒ်ပိဋကတ်တိုက်တို့ကို စုပေါင်း၍ အမျိုးသား စာကြည့်တိုက်ကိုလည်း ဂျူဗလီဟော၌ ပင်ဖွင့်လှစ်ခဲ့ပေသည်။ ဤသည်လည်းအရေး ပါသောအခန်းကဏ္ဍတစ်ခုပင်ဖြစ်သည်ဟုဆိုရပေမည်။


ထိုနှစ်ဇူလိုင်လ(၁)ရက်နေ့တွင် အနုပညာနှင့် ပန်တျာကျောင်းကိုလည်း ဂျူဗလီဟော၌ပင် စတင်ဖွင့်လှစ်ခဲ့ပေသည်။ ထို့ နောက်တွင်ကားဂျူဗလီဟောအတွင်း၌ပင်ပြပွဲ၊ပြိုင်ပွဲများ၊ အိန္ဒိယနိုင်ငံမှရှေးဟောင်းဗုဒ္ဓရုပ်ပွားဆင်းတုတော်နှင့် သာသနိကပစ္စည်းများပြပွဲကိုလည်း ဂျူဗလီဟောအတွင်း၌အဆောင်များတွင်ကျင်း ပခဲ့လေသည်။ ဂျူဗလီဟော လေဟာပြင်ဇာတ်ခုံ၌ အရှေ့အနောက်နိုင်ငံပေါင်းစုံမှ အနုပညာယဉ်ကျေးမှုကပွဲများလည်း တင်ဆက်ကျင်းပခဲ့လေသည်။ ၁၉ရ၈-ခုနှစ်၊ မတ်လ(၂၀)ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ ပြန်ကြားရေးဝန်ကြီးဌာနပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကောပိုရေးရှင်းစာပေဗိမာန်အဖွဲ့မှကြီးမှူးကျင်းပသော ဝတ္ထုတိုစာတမ်းဖတ်ပွဲကိုလည်း ဂျူဗလီဟော၌ပင်ကျင်းပခဲ့ သည်။ အဆိုပါစာတမ်းဖတ်ပွဲ၌စာတမ်းရှင်များဖြစ်ကြသော ဦးကြီးမောင်(ငွေဥ ဒေါင်း)၊ ကျော်အောင်၊ မင်းကျော်၊ မင်းယုဝေ၊ ဆင်ဖြူကျွန်းအောင်သိန်း၊ မောင်ထင်၊ တက္ကသိုလ်မောင်အောင်ဆွေ၊ ထင်လင်း၊ သော်တာဆွေ၊ ခင်ဆွေဦး တို့ကစာတမ်းများအသီးသီးတင်သွင်းဖတ်ကြားသွားကြသည်။ ဂျူဗလီ ဟောသည်ဗြိတိသျှနယ်ချဲ့သမားတို့၏ မှတ်တိုင်အဖြစ်နှင့်စတင်ခဲ့သော်လည်း မြန်မာ့သမိုင်းတစ်လျှောက်တွင် အရေးပါသောပွဲလမ်းသဘင်အခမ်းအနားများ ကျင်းပခဲ့ရာအဆောက်အအုံတစ်ခုဖြစ်သည်။


ထို့နောက်မြန်မာ့သမိုင်းတစ်လျောက်တွင်အရေးပါသောပွဲသဘင်အခမ်းအနားများ စွဲရပ်တည်ရာ အဆောက်အအုံတစ်ခုဖြစ်သည့် ဂျူဗလီဟောကို ၁၉၈၅-ခုနှစ်တွင် ဖျက်၍ယင်းနေရာတွင် တပ်မတော် စစ်သမိုင်းပြတိုက်‎ ကိုတည်ဆောက်ခဲ့လေသည်။ [1]

ကျမ်းကိုးစာရင်း

  1. လှသမိန်၊’ဂျူဗလီဟောပြောသည့်သမိုင်း’ငွေတာရီမဂ္ဂဇင်းအမှတ်၁၂၆၊(၁၉၇ဝ-ပြည့်နှစ်၊ဒီဇင်ဘာ)၊စာ၄၃၊၄၆။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.