ငရုတ်
ငရုတ်ပင်ကို ရုက္ခဗေဒအလိုအားဖြင့် 'ကက်ဆီကမ်းအန်နျူ အမ်း'ဟု ခေါ်သည်။ ငရုတ်စေ့များကို ဧပြီလမှ ဇွန်လအထိ ပျိုးခင်းများ၌ ကြဲပေးရသည်။ စတုရန်း ၁ဝ ပေတွင် ငရုတ်စေ့ ၅ အောင်စ ကြဲလျှင်သင့်၏။ အပင်ကလေးများထွက် လာ၍ လေးလက်မခန့်မျှ မြင့်လျှင် ပြောင်းရွှေ့၍ အတန်းလိုက် တစ်ပင်နှင့် တစ်ပင်ကို ၁၂ ပေခန့်ခြားကာ စိုက်ပေးသင့်သည်။ မြေဩဇာကောင်းသောနေရာ၌ ငရုတ်ပင် စိုက်ပျိုးလျှင် ဖြစ်ထွန်းသည်။ ဆောင်းတွင်းအတွက် မြေဩဇာထည့်ပေးပြီး သား ဖြစ်လျှင် နောက်ထပ်ထည့်ပေးရန် မလိုချေ။ သို့ရာတွင် လွန်ခဲ့သည့် ခြောက်လအတွင်းမှာ မြေဩဇာ မထည့်ရသေးလျှင် ငရုတ်ပင်များကို မစိုက်မီ မြေဩဇာ ထည့်ပေးသင့်သည်။ ရာသီဥတုခြောက်သွေ့နေပါက ၇ ရက်တစ်ပတ်လျှင် တစ်ကြိမ် ကျ ရေလောင်းပေးသင့်သည်။ ပေါင်းသင်ပေးမှ အပင်များ သန်စွမ်းနိုင်သည်။
မိုးတွင်းနှင့် ဆောင်းတွင်းတွင် အသီးများ ရင့်မှည့်ကြသည်။ ငရုတ်သီးသည် အရှည် ၁ လက်မနှင့် ၁ လက်မခန့် ရှိသည်။ အတွင်း၌ အစေ့ပြားကလေးအများ ရှိသည်။ ငရုတ်သီးသည် အလွန်စပ်ပြီး သနပ်၊ လက်သုတ်စုံ စသည်တို့တွင် အနံ့အရသာ အတွက် အသုံးပြုကြသည်။ ငရုတ်သည် ဆေးများဖော်စပ်ရာ၌ အသုံးဝင်သည်။ ငရုတ်ကာလီ၊ ငရုတ်ဖရုံ၊ ငရုတ်မိုးမျှော်နှင့် ငရုတ်ရွှေအပ်ဟူ၍ ငရုတ်အမျိုးမျိုး ရှိသည်။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)