ငေးမှိုင်ကာ ကြေးတိုင်ကို မကြောက်နှင့်

ငေးမှိုင်ကာ ကြေးတိုင်ကို မကြောက်နှင့် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ

၁၂၇၂ ခုနှစ် ဂြိုဟ်အသွားအလာကို ကြည့်ကာ မိုးအလွန်ကောင်းမည်။ ပြောင်း၊ ပဲ၊ စပါး ပေါများမည့်အကြောင်း ရေးဖွဲ့ထားသည်။

ငေးမှိုင်ကာ ကြေးတိုင်ကို မကြောက်နှင့်

မနုဿတ်ကယ်တို့၊ လုပ်ရပ်တွေ အလီလီနှင့်၊ တပသီဇာဓိုရ် ရတို့လို ပြာပုံချ လုံမကွဲနိုင်ဘု၊ ဂျုံ ကုလားပဲပါ ပြောင်းစပါးတို့၊ ရောင်းစားကငွေဖြစ်လှာ။

ကြေးမပါရှေးခါခေတ်ကယ်က၊ လေးငါးနှစ်စာ ကြာကြာလှောင်မှ၊ စပါးတထောင်လျှင်၊ အပြားတထောင်နှင့်၊ အဖိုးငွေရသတဲ့၊ မိုးခေါင်မှသာ။

ဇမ္ဗူတွင် လူနေများလို့၊ တခြားတနိုင်ငံက၊ ဆပါးဆန် ရှားပြန်တဲ့ အကြောင်းထင့်၊ ဆန်ပြောင်းတွေအကဲသာလို့ ရောက်ပြန်ခဲ့၊ ပဲနောက်မှာ မြောက်တာတပရင်းက၊ ယာခင်းပြင် ဝါပင်လုပ်မိရင်၊ တရုပ်တွေ ကုမ္ပဏီသူဋ္ဌေးနှင့်၊ ဆီချေးကသူထက်ငါ၊ လုယက်ကာအုံဝိုင်း။

ခုနှစ်ဆယ်နှစ်သွယ်နှစ်ကယ်က၊ နယ်ရှစ်ခွင်တောင်သူပေါင်းတို့၊ တလင်းတွင် နှစ်တင်းချင်၍ရောင်းရ၊ တပေါင်းလပို့တွဲတော့၊ တတင်းခွဲဝယ်သွားလို့၊ စပါးဆန်ရုံမှာ ကြိတ်သတဲ့၊ ငါးစိတ်ချေငွေတွေပုံခဲ့၊ နွေနယုန်မေထုန်ကူးတွင်မှ၊ မိုးဦးစွန်အလွန်ရွာသော်ကြောင့်၊ နွံနာအောင် အခွန်တခါ ကောက်လိမ့်မထင့်၊ ငေးမှိုင်ကာ ကြေးတိုင်ကိုကြောက်ကြ၊ ပေးလောက်ရုံ ဘယ်မကပါဘု၊ ဆယ်ဆတိုင်ကြွယ်လို့ဖြိုးပါလိမ့်၊ မစိုးရိမ်မပူပင်ကြနှင့်၊ ပဲခိုးကညင် ဒဂုန်ချောင်းကဲ့သို့၊ မိုးအစဉ်ရိုးဝင်မြောင်းတွေနှင့်၊ ကောင်းလိမ့်နှစ်တိုင်း။

ခက်ဆစ်

၁။ မနုဿတ် = မသနုတ္ထ၊ လူသတ္တဝါများ။

၂။ တသပီဇာဓိုရ် = ဝိဇ္ဇာဓိုရ်၊ ဇော်ဂျီစသူတို့။

၃။ ကြေးတိုင် = လယ်ယာလုပ်ငန်း လုပ်ကိုင်သူတို့အား အခွန်ခွဲခန့်ကောက်သည့်ရုံး။

မှတ်ချက်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.