ငွေဥဒေါင်း

ငွေဥဒေါင်း သည် မြန်မာ့စာပေလောက၌ ဗုဒ္ဓစာပေအား အနုစိတ် မှုန်းခြယ်နိုင်သူအဖြစ် လူသိများသည်။ ရွှေဥဒေါင်းသည် စုံထောက် မောင်စံရှားနှင့် ခွဲမရသကဲ့သို့ ဗုဒ္ဓစာပန်းချီနှင့် ငွေဥဒေါင်းသည်လည်း ပိုင်းမပြနိုင်သည့် အမှတ်အသားပင် ဖြစ်သည်။

ငွေဥဒေါင်း
မွေးဖွား၁၉၁၅ ဇွန် ၂၃
ဟင်္သာတခရိုင်, အဖျောက်မြို့, မြန်မာ။
ကွယ်လွန်၁၉၉၇ ဇန်နဝါရီ ၁၄
တောင်ကြီးမြို့
အလုပ်အကိုင်စာရေးဆရာ
နိုင်ငံလူမျိုးမြန်မာ
ရရှိသည့်ဆုများအမျိုးသားစာပေဆု (၁၉၉၆)

ဘဝဇာတ်ကြောင်း

ငွေဥဒေါင်း အား ဟင်္သာတခရိုင် အဖျောက်မြို့တွင် အဖ ပန်းပဲဆရာကြီး ဦးဒေါန၊ အမိ ယာသူမကြီး ဒေါ်သက်တင်တို့က ၁၉၁၅ ခု၊ ဇွန်လ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည်။ ငယ်မည်မှာ နတ်ပေး၊ အမည်ရင်းမှာ ကြီးမောင် ဖြစ်သည်။ မွေးချင်းသုံးယောက်တွင် အကြီးဆုံးသား ဖြစ်သည်။

ခုနစ်နှစ်သားအရွယ်တွင် ဟင်္သာတခရိုင် သပြေကုန်းရွာ အစိုးရအသိအမှတ်ပြုသည့် ဦးထွန်းရင် လောကဓာတ်ကျောင်း၌ စတင်ပညာသင်ယူခဲ့သည်။ စတုတ္ထတန်းရောက်သောအခါ ဥဒေါင်းကျောင်း (နောင် ဆရာသိန်း လောကဓာတ်ကျောင်း) သို့ပြောင်းခဲ့သည်။ ထိုကျောင်းတွင်လည်း စတုတ္ထတန်း အောင်သည်ထိသာနေပြီးနောက် သတ္တမတန်းကိုအလွတ်ဖြေဆိုခဲ့သည်။

၁၂ နှစ်အရွယ်တွင် ကိုရင်ဝတ်သည်။ ကိုရင်ဘွဲ့မှာ ရှင်ဝိသုတ ဖြစ်သည်။ သာမဏေဘဝဖြင့် ငါးဝါနေခဲ့သည်။

၁၉၃၁ ခုတွင် သင်္ကန်းဝတ်နှင့်ပင် ရန်ကုန်သို့လာခဲ့သည်။ ရုပ်ရှင် ပန်းချီဘက်သို့ စိတ်ဝင်စားခဲ့သည်။

၁၉၃၂ ခုတွင် မဟော်သဓာ သတင်းစာ၌ အယ်ဒီတာအဖွဲ့ဝင်အဖြစ် စတင်လုပ်ကိုင်သည်။

၁၉၃၄ ခုတွင် ဗန္ဓုလဂျာနယ်သို့ ပြောင်းရွှေ့သည်။

၁၉၃၅ ခု၌ သစ်တောဌာနတွင် အမှုထမ်းသည်။

၁၉၃၆ ခုတွင် ဒုတိယတောအုပ်ဖြစ်လာသည်။

၁၉၃၇ ခုတွင် ဆိပ်ကမ်းတာလီစာရေး ဝင်လုပ်သည်။

၁၉၃၈ ခုတွင် ဘားမားအေဂျင်စီအမည်ဖြင့် ဆိုင်ဖွင့်ခဲ့ပြန်သည်။

၁၉၃၉ ခုတွင် ပြည်မြို့၌ ရဟန်းဘောင်သို့ ဝင်ခဲ့သည်။

၁၉၄၂ ခုတွင် ဆိုက်ကားထောင်သည်၊ ဈေးရောင်းသည်၊ စာအုပ်ရောင်းသည်။

စစ်ပြီးခေတ်တွင်မူ ရှုမဝမဂ္ဂဇင်း အယ်ဒီတာ (၁၉၄၇)၊ စာပေဗိမာန် လက်ထောက်စာတည်း (၁၉၅၁)၊ ဖဆပလစာစောင် အယ်ဒီတာ (၁၉၅၆-၅၈)၊ ငွေတာရီ မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင် (၁၉၆၀)၊ ကြေးမုံ သတင်းစာ အယ်ဒီတာအဖွဲ့ဝင် (၁၉၅၇)၊ မန္တလေး ဟံသာဝတီ သတင်းစာအယ်ဒီတာအဖွဲ့ဝင် (၁၉၇၃) စသည်ဖြင့် အမှုထမ်းခဲ့သည်မှာ အငြိမ်းစားယူသည်အထိပင်ဖြစ်သည်။

စာပေသမား ဘဝ

၁၉၂၇ ခု ဝန်းကျင် ကိုရင်ဘဝကပင် စာပေဝါသနာထုံခဲ့သည်။

၁၉၃၀ ပြည့်နှစ် ကောဇာသစ်မဂ္ဂဇင်း ဆောင်းပါးပြိုင်ပွဲတွင် ကြောက်စိတ် အမည်ရှိ ဆောင်းပါးကို ဝေယျံ ကလောင်အမည်နှင့် ဝင်ပြိုင်ခဲ့ရာမှ အစ စာပေလောကသို့ ခြေချခဲ့သည်။ သို့ရာတွင်ဝေယျံ အမည်ကို ဆင်းရဲသား အမည်နှင့် အယ်ဒီတာက ပြင်ခဲ့ရာမှာ ကြီးမောင်(ဆင်းရဲသား) ကလောင်အမည်ဖြင့် စာရေးလာခဲ့သည်။ သူရိယမဂ္ဂဇင်းဝတ္ထုပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၁၉၃၁ ခုနှစ် ဧပြီလထုတ် ဗန္ဓုလဂျာနယ်တွင် မာနနှင့်ကာမ ဝတ္ထုကို ဉာဏ်မြင့် အမည်နှင့် ရေးခဲ့သည်။

၁၉၃၂ ခုနှစ်တွင် မဟော်သဓာ သတင်းစာတွင် မင်္ဂလာ ကလောင်အမည်နှင့် ဆောင်းပါးများ ရေးခဲ့သည်။

၁၉၄၇ ခု ဩဂုတ်လထုတ် ရှုမဝမဂ္ဂဇင်းတွင် မောက်သာမောက် ဆောင်းပါးကို ငွေဥဒေါင်း ကလောင်အမည်သုံး၍ စတင်ရေးခဲ့သည်။ ကြေးမုံ သတင်းစာတွင်ကြီးမောင် အမည်ဖြင့် စာကြေးမုံ မဏ္ဍိုင် သတင်းစာတွင်စာကြမ်းပိုး အမည်ဖြင့် စာအုပ်စင်ကဏ္ဍ ၊ ဟံသာဝတီသတင်းစာတွင် မောင်ဝိဇ္ဇာ အမည်ဖြင့် စာအုပ်ဝေဖန်ရေး များရေးခဲ့သည်။

ထင်ရှားသောစာအုပ်များမှာ စာဝင်္ကပါ (ပထမတွဲ)(၁၉၆၃)၊ဒုတိယတွဲ (၁၉၆၃)၊ တတိယတွဲ (၁၉၆၄)၊ သီးခြားစာဝင်္ကပါ (၁၉၆၅)၊ ဗုဒ္ဓစာပန်းချီ (၁၉၆၆)၊ ဗုဒ္ဓစာပန်းချီ အုပ်တွဲများ ဖြစ်ကြသည့် ပထမတွဲ (၁၉၇၉)၊ ဒုတိယတွဲ (၁၉၈၀)၊ တတိယတွဲ (၁၉၈၁)၊ စတုတ္ထတွဲ (၁၉၈၂)၊ ပဉ္စမတွဲ (၁၉၈၉)၊ ဆဋ္ဌမတွဲ (၁၉၉၃) တို့ဖြစ်ကြသည်။ သီးခြားစာဝင်္ကပါ ဖြင့် ၁၉၆၅ ခုနှစ် အမျိုးသားစာပေဆု စာပဒေသာ စတုတ္ထဆုကို လည်းကောင်း၊ ဗုဒ္ဓစာပန်းချီ ဖြင့် ၁၉၆၆ ခုနှစ် အမျိုးသားစာပေဆု စာပဒေသာ တတိယဆုကို လည်းကောင်း ရရှိခဲ့သည်။

ဘဝနိဂုံး

၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက်နေ့တွင် တောင်ကြီးမြို့၊ ရှုခင်းသာရပ်ကွက်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်နန်းရွှေခင် ကျန်ရစ်သည်။ [1]

ကလောင် အမည်ကွဲများ [2]

  • ကြီ:မောင်
  • ကြီ:မောင် (ဆင်းရဲသား)
  • ငွေဥဒေါင်း
  • စာကြေးမုံ ကြီ:မောင်
  • စာဂျပိုး
  • ဆင်းရဲသူ
  • ဉာဏ်မြင့်
  • မင်္ဂလာ
  • ရှုမဝ ကြီ:မောင်
  • ဝေယျံ
  • မောင် ဝိဇ္ဇာ

ကိုးကား

  1. ရာပြည့် ဦးစိုးညွန့် ရေးသားသည့် ၂၀ဝ၅ ခုနှစ်၊ ဇူလိုင်လထုတ် ၂၀-ရာစု မြန်မာစာရေးဆရာ ၁၀၀ စာအုပ်မှ
  2. တိုးကိုကိုဝင်း၊ "ငွေဥဒေါင်း စာစုစာရင်း"။ ရန်ကုန်။ ၂၀၀၆။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.