ငှက်ပျော
အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ အပါအဝင်ဖြစ်သော အာရှတိုက်တောင်ပိုင်းဒေသသည် ငှက်ပျောပင်၏ မူလပေါက်ရာ ဒေသများဖြစ်သည်။ ထိုဒေသရှိ တိုင်းရင်းသားတို့သည် ငှက်ပျောကို မိမိတို့ စားသုံးရန် စိုက်ပျိုးကြသည်။ ယခုအခါ ငှက်ပျောကိုအကြီးအကျယ် စိုက်ပျိုးလျက်ရှိသည့် အနောက်အိန္ဒိယကျွန်းစုကို ကိုလံဗပ်တွေ့ရှိစဉ်က ထိုကျွန်းစုတွင် ငှက်ပျောပင်ကို စတင်၍ စိုက်ပျိုးခြင်း မရှိသေး။ ခရစ် ၁၅၂ဝ ပြည့်နှစ်သို့ရောက်မှ ထိုကျွန်းစုတွင် ငှက်ပျောပင်ကို စတင် စိုက်ပျိုးသည်။ ယင်းသို့ငှက်ပျောပင်ကို စိုက်ပျိုးကြည့်ရာတွင် ကောင်းစွာ ဖြစ်ထွန်း သဖြင့် အနောက်အိန္ဒိယကျွန်းစု အပါအဝင်ဖြစ်သော အမေရိကတိုက်အလယ်ပိုင်းသည် ယခုအချိန်အခါတွင် ကမ္ဘာပေါ်၌ငှက်ပျောသီး အများဆုံး ထွက်သောအရပ်ဒေသ ဖြစ်နေလေပြီ။
ရှေးအခါက တောကြီးမျက်မည်းဖြစ်၍ ရောဂါဘယထူပြောသော အပူပိုင်း အရပ်ဒေသများသည် ယခုအခါတွင် ငှက်ပျောစိုက်ခင်းကြီးများ ဖြစ်လာကြသည်။ ယခင်က သမပိုင်းဇုန်၌ နေထိုင်သူတို့တွင် ငှက်ပျောသီးကို လူတိုင်းပင် မမြင်ဘူး။မစားဘူးကြချေ။ မီးသင်္ဘောများ စတင်ပေါ်ပေါက်လာသည့်အခါမှ အလွန်အမှည့်လွယ်သော ငှက်ပျောသီးများကို လိုရာ အရပ်သို့ သယ်ယူရောင်းချနိုင်ကြသည်။ ငှက်ပျောစိုက်ခင်းများမှသင်္ဘောကမ်းသို့ ငှက်ပျောခိုင် အစိမ်းလိုက်ကို အထူးမီးရထားတွဲများဖြင့် တင်ပို့သည်။ ငှက်ပျောခိုင်များထားရာ အခန်းမှာ အပူချိန် ၅၆ ဒီဂရီ(56 °F) သာ ရှိရပေမည်။ အသီးများ အခိုင်မှ ကြွေမကျစေရန် အတင်အချတွင် အလွန်ဂရုစိုက်ရသည်။ လိုရာမြို့ကြီးများသို့ ငှက်ပျောခိုင်အစိမ်းများ ရောက်သောအခါ အမှည့်ခံအခန်းများတွင် ငှက်ပျောခိုင်များကို အပူဓာတ်ပေးခြင်းဖြင့် နာရီအနည်းငယ်အတွင်း အသီးများ ဝင်းထိန်၍ မှည့်လာကြသည်။ငှက်ပျောပင်သည် ၁၂ ပေ မှ ၃ဝ ပေအထိမြင့်သော တစ်နှစ်ခံပင်မျိုးဖြစ်၍ ရှည်ဖားဖား အရွက်ကြီးများရှိသည်။ ငှက်ပျောပင်တစ်ပင်မှ ငှက်ပျောတစ်ခိုင်သာ ထွက်၍ အခိုင်ကို ခုတ်ယူပြီးနောက် အပင်မကြီးကို ခုတ်ပစ်ရသည်။ ပင်စည်ရင်းမှ အတက်ငယ်များ ဖြာလာ၍ ထိုသားတက်ခေါ် ငှက်ပျောခေါင်းများကိုပင်မမှ ခွဲထုတ်၍ စိုက်ပျိုးကြပြန်သည်။ သို့အားဖြင့် ငှက်ပျောပင်များကို မျိုးပွားယူကြ၏။ အပင် ၁၂ လမှ ၁၈ လအထိရှိမှအသီးများ ထွက်လာသည်။ ငှက်ပျောသီးတွင် ရေ ၇၅ ရာခိုင်နှုန်းပါသည်။ အသီးတွင် ပါရှိသော ကစီဓာတ်သည် အသီးမှည့်လာသောအခါ သကြားဓာတ်သို့ ပြောင်းလဲသွားသဖြင့် စားသုံးရာ၌ အလွန်အနှစ်အရသာနှင့် ပြည့်စုံသည်။ ငှက်ပျောသီးသည်လူတို့အတွက် အာဟာရဓာတ်ဖြည့်စွမ်းသော အစားအစာတစ်ရပ်ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် လူတို့သိနှင့်ပြီးသော ငှက်ပျောပင်မျိုးပေါင်း ၇ဝ နီးပါးရှိသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ထင်ရှားသောငှက်ပျောမျိုးမှာ ထောပတ်၊ ရခိုင်၊ နံ့သာပု၊ သီးမွှေး၊ ဖီးကြမ်း၊သူငယ်စာ၊ ပျားရည်ဆမ်း၊ ရသာရုံ၊ မယားမန်၊ ငှက်ပျောချဉ်၊ရွှေနီနှင့် ဝက်မလွတ်တို့ ဖြစ်သည်။ အလုံးအလွန်ကြီးထွားသော ငှက်ပျောမျိုးကို မြန်မာနိုင်ငံတွင် ဆင်အံ သို့မဟုတ်ဗျပ်ပြည့် သို့မဟုတ် မောင်ကြီးပင့်ပါဟု ခေါ်ကြသည်။ သမပိုင်းနိုင်ငံတို့တွင် ဂျုံနှင့် အာလူးကို အဓိကအာဟာရအဖြစ် မှီဝဲသကဲ့သို့ အပူပိုင်းဒေသရှိ တိုင်းပြည်အချို့တွင် ငှက်ပျောသီးအစိမ်းများကို အဓိကအာဟာရ အဖြစ်ဖြင့် စားသုံးကြသည်။
ငှက်ပျောသီးမှည့်များကို သကြားဖြူး၍ နေလှန်းလျှင်တာရှည်ခံသော ငှက်ပျောခြောက်ကို ရရှိသည်။ ငှက်ပျောခြောက်များမှာ ချို၍ အရသာရှိသောကြောင့် အချိုစားဖွယ်အဖြစ် စားသုံးကြသည်။ မြန်မာနိုင်ငံတွင် ပခုက္ကူခရိုင်၊ ပြည်ခရိုင်နှင့်ဟင်္သတခရိုင်တို့တွင် ငှက်ပျောခြောက်ကို လုပ်ကြသည်။သို့သော် ဟင်္သတခရိုင် မြန်အောင်မြို့နယ်မှ အများဆုံး ထွက်သည်။ ငှက်ပျောသီးစိမ်းကို အခြောက်လှန်းပြီးနောက်အမှုန့်ကြိတ်၍လည်း အပူပိုင်းအရပ်များ၌ သုံးကြသည်။အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် ငှက်ပျောဖူး၊ ငှက်ပျောအူနှင့် ငှက်ပျောပွင့်များကို ချက်ပြုတ်စားသောက်ကြသည်။ငှက်ပျောရွက်များမှာ အလွန်အသုံးဝင်သည်။ ထိုအရွက်ကားကြီးများကို အမျှင်အမျှင်ဆုတ်၍ ဖျာနှင့်ဖျင်ကြမ်းရက်လုပ်ကြ သည်။ အသီးညံ့ဖျင်းသော ငှက်ပျောပင်တစ်မျိုး၏လျှော်ကိုကြိုးကျစ်ကြသည်။ ထိုလျှော်ကို စက္ကူလုပ်နိုင်သည်။ အလွန်ခိုင်ခံ့သော မနီလာကြိုးနှင့် မနီလာစက္ကူတို့ကို ငှက်ပျောလျှော် များမှ ပြုလုပ်ကြသည်။ ကမ္ဘာပေါ်တွင် ငှက်ပျောလုပ်ငန်းကိုအကြီးအကျယ်လုပ်သော ဗဟားမားကျွန်း၊ ဟေတီကျွန်းနှင့်ဖိလစ်ပိုင်ကျွန်းတို့၌ ငှက်ပျောလျှော် ဖျင်ကြမ်းနှင့်ကြိုးများထွက် သည်။
ငှက်ပျောပင်မှ အသီးမသီးမီ ဖူးတံကြီးစ၍ ထွက်ပြူလာသည်။ ထိုငှက်ပျောဖူးတွင် အပွင့်ခိုင်ကလေးများကို ဖုံးကွယ်ထားသော ခရမ်းရင့်ရောင်အဖတ်များဖြင့် သိပ်သည်းစွာ အထပ်
ထပ်ဖုံးနေသည်ကို တွေ့ရသည်။ ရှေးဦးစွာ ထွက်လာသောအပွင့်များသာ အောင်မြင်ပြီးလျှင် အသီးများ ဖြစ်လာသည်။နောက်မှထွက်သည့် အပွင့်ခိုင်များမှာ ကြာလျှင် ရိရော်၍ ပျက်
စီးသွားလေသည်။ ငှက်ပျောမျိုးကိုလိုက်၍ ငှက်ပျောတစ်ခိုင်တွင်အဖီး အနည်းအများ ပါရှိသည်။ စံမှီငှက်ပျောတခိုင်တွင် အဖီး ၉ ဖီးမျှပါ၍ တစ်ဖီးလျှင် အသီး ၁ဝ လုံးမှ ၁၅ လုံးအထိ
ရှိတတ်သည်။ သီးစတွင် ငှက်ပျောခိုင်ရှိ ငှက်ပျောသီးများသည်ထိုးထိုးထောင်ထောင် ရှိတတ်သော်လည်း ကြီးရင့်လာသည့်အခါအသီးများသည် အညှာရင်းဖက်သို့ လေး၍ ကျသွားသည်။
မလ္လာယုကျွန်းစုမှ ငှက်ပျောအကောင်းဆုံးထွက်သည်။ ထိုငှက်ပျောမျိုးသည် အသားနူးညံ့သည့်အပြင် နှင်းဆီနံ့သင်းသည်။ဖိလစ်ပိုင်ကျွန်းစုနှင့် အိန္ဒိယနိုင်ငံတို့မှလည်း ငှက်ပျောမျိုး
ကောင်းများ ထွက်သည်။ ထင်ရှားသော ငှက်ပျောမျိုးများထွက်သည့် အခြားနိုင်ငံတို့မှာ ဂျမေးကားကျွန်းနှင့် အမေရိကတိုက် အလယ်ပိုင်း၊ ကနေရီကျွန်းနှင့် တောင်အမေရိကတိုက်
တို့ ဖြစ်သည်။ ဂျမေကာကျွန်းနှင့် အမေရိကတိုက် အလယ်ပိုင်းမှ အလုံးထွား၍ အခွံချောမွတ်သော ငှက်ပျောမျိုးထွက်သည်။ အရောင်ဝါသည်။ ဤငှက်ပျောမျိုးကို အများအားဖြင့်
ဗြိတိန်ကျွန်းသို့ တင်ပို့ရောင်းချသည်။ ကနေရီကျွန်း ငှက်ပျောမျိုးကို တရုတ်ငှက်ပျောပုဟုလည်း ခေါ်သည်။ အမေရိကတိုက်အလယ်ပိုင်းနှင့် တောင်အမေရိကတိုက်တွင် အခြားငှက်ပျောမျိုးများ မဖြစ်ထွန်းနိုင်သည့် အပိုင်းများ၌ ဤကနေရီကျွန်း ငှက်ပျောမျိုးကို စိုက်ပျိုးကြသည်။ ဂျမေကာကျွန်းမှလည်း ရွှေနီငှက်ပျောမျိုး ထွက်သည်။ သို့သော် ထိုငှက်ပျောသီးမှာ အညှာလွယ်သဖြင့် ရပ်ဝေးသို့ အခိုင်မပျက် တင်ပို့ရန် ခဲယဉ်းသည်။
အချို့ငှက်ပျောမျိုးမှာ အခွံပါး၍ အကိုင်အတွယ်မခံသဖြင့်စိုက်ပျိုးရာအရပ်များ၌သာ စားသုံးကြရသည်။ မြန်မာနိုင်ငံ၌အထက်တွင် ဖော်ပြခဲ့ပြီးသော ထင်ရှားသည့် ငှက်ပျောမျိုးများ
အပြင် တောငှက်ပျောခေါ် ငှက်ပျောပင် ရိုင်းများလည်း ရှိပေသေးသည်။ ထိုငှက်ပျောပင်များသည် တောတွင်းရပ်များ၌အလေ့ကျပေါက်၍ အသီးများတွင် အစေ့ထူသည်။ ယင်းငှက်ပျောစေ့များကို စိုက်လျှင် အပင်ပေါက်သည်။[1]
ငှက်ပျောနှင့် ပြုလုပ်သော စားသောက်ဖွယ်ရာများ
- ငှက်ပျောပေါင်းသည် ငှက်ပျောသီးအမှည့်ကို အခွံနွှာပြီး ဒန်အိုးထဲထည့်ကာ ရေနှင့် ပေါင်းရသည်။ တချို့ အုန်းနို့နှင့် ပေါင်းကြကာ အုန်းနို့နံ့မွှေး၍ ပိုအရသာရှိသည်။ များသောအားဖြင့် ဖီးကြမ်းငှက်ပျောသီးကိုသာ ပေါင်းကြသည်။
- ငှက်ပျောကြော်သည် ငှက်ပျောသီး အမှည့်ကို အခွံခွာပြီး ဆန်မုန့်နှစ်နှင့် ရော၍ ဆီဖြင့် ကြော်ထားသည်ကို ခေါ်သည်။ အများအားဖြင့် ငှက်ပျောကြော်ကို ဖီးကြမ်းငှက်ပျောသီးနှင့် ကြော်လေ့ရှိသည်။
- ငှက်ပျောခြောက်သည် မှည့်ခါနီး ငှက်ပျောသီးကို ဓားနှင့်ပါးပါးလှီး၍ နေပူလှမ်းလျှင်ရသည်။ ငှက်ပျောခြောက်လုပ်သော ငှက်ပျောသီးမှာ သီးမွှေး၊ ဝက်မလွတ်၊ နံသာဖု စသည်တို့ ဖြစ်ပြီး ဖီးကြမ်းကို မလုပ်ပေ။
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)