စက္ကူငှက်

စက္ကူငှက် ကို မြန်မာ စာရေးသူ စိုင်းစိုင်းခမ်းလှိုင် ရေးသည်။ ကျောင်းတက်စဉ်ကရသော စက္ကူငှက်များကို အတွေးပုံဖော် ရေးသားခြင်း ဖြစ်သည်ဟု ဆို၏။[1] ၂၀၀၅ ခု၊ ဇွန်လတွင် ရေးသားပြီးစီး၍ ၂၀၀၆ ခု၊ ဖေဖော်ဝါရီလတွင် ကြောင်ကမ္ဘာ စာပေမှ အုပ်ရေ ၅၀၀ ရိုက်နှိပ်သည်။ တန်ဖိုးမှာ ၁၆၀၀ ကျပ် ဖြစ်သည်။ [2]

ဇာတ်လမ်းအကျဉ်း

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကိုရီးယားဘာသာကျောင်းသူ နွေ နှင့် (အင်္ဂလိပ်ဟု ယူဆရ) ပထမနှစ်ကျောင်းသား သူရတို့ အလွဲတစ်ခုကြောင့် ဆုံဖြစ်သည်။ နောင်သော် မိတ်ဆွေဖြစ်လာသည်။ သူရထံ လူတစ်ယောက်က ၂၅၀-ကောင်ပါ စက္ကူငှက်ပုလင်း လက်ဆောင်ပေးလာသည်။ ထိုစဉ် သစ္စာ အမည်ရှိ ကိုရီးယားဘာသာကျောင်းသူနှင့် ထပ်မံ သိကျွမ်းသည်။

စက္ကူငှက် ၄ ပုလင်းခန့် ရလာသောအခါ ၁၅၀၀ ပြည့်အောင် ပေးမည်မှန်း ရိပ်မိလာပြီး ၆ ပုလင်းအရောက်တွင် အဖြေသိရမည်ဟု ခန့်မှန်းမိသည်။ အကောင် ၁၅၀၀ ပြည့်မည့် ခြောက်ပုလင်းမြောက်တွင် ပုလင်းလာပေးသူမှာ သစ္စာ ဖြစ်နေသည်။

သူရ တကယ်တမ်း စိတ်ဝင်စားသည်မှာ နွေ သာ ဖြစ်သည်။ ထို့ကြောင့် သစ္စာကို ပတ်ရှောင်သည်။ အတန်ကြာမှ စစ်တုရင်နိုင်၍ရသည့် လက်ဆောင်ထုပ်အား ဖွင့်ကြည့်မိသော် နွေ ပေးသည့် ခြောက်ပုလင်းမြောက်ကို တွေ့ရသည်။ အတွင်း၌ သူမဖြစ်ကြောင်း ဝန်ခံထားသည့်စာနှင့် လာတွေ့ရန် ချိန်းဆိုထားကြောင်း သိရသည်။ သို့သော် အခါနှောင်းပြီ ဖြစ်သည်။ နွေမှာ ဖခင်ရှိရာ နိုင်ငံခြားသို့ သွားလေတော့သည်။

တစ်နှစ်ခန့်ကြာသော် နွေက စားသောက်ဆိုင်တစ်ခုသို့ ချိန်းဆိုလာသည်။ ဝမ်းပန်းတသာ သွားသောအခါ သစ္စာက နွေအား ရှင်းပြလိုက်၍ ပြဿနာပြေလည်နေမှန်း သိရသည်။ အပြန်အလှန် စိတ်ဝင်စားသူနှစ်ဦး အဆင်ပြေသွားသည်။

စာအုပ်နှင့် ပတ်သက်၍

အဖွင့်စာမျက်နှာတွင် သီချင်းတစ်ပုဒ် ထည့်သွင်းထားသည်။

စာမျက်နှာ ၃၉ တွင်လည်းကောင်း၊ ၁၁၁-၁၁၂ တွင်လည်းကောင်း ကဗျာ ထည့်သွင်းထားသည်။

စာမျက်နှာ ၆၊ ၉၊ ၁၂၊ ၁၄၊ ၁၉၊ ၂၇၊ ၃၂၊ ၃၅၊ ၄၂၊ ၄၉၊ ၅၄၊ ၆၁၊ ၇၁၊ ၇၇၊ ၈၂၊ ၉၁၊ ၉၃၊ ၁၀၁၊ ၁၀၉၊ ၁၁၅၊ ၁၂၀၊ ၁၂၃၊ ၁၂၅၊ ၁၃၃၊ ၁၃၈ နှင့် ၁၅၅ တို့တွင် ZM ရေးဆွဲသည့် သရုပ်ဖော်ပုံများ ပါဝင်သည်။ ပုံများ ခပ်စိပ်စိပ် ပါဝင်ရာ စာမဖတ်နိုင်သည့် ကလေးများပင် သဘောတွေ့မည့် စာအုပ်မျိုး ဖြစ်သည်။

ဝတ္ထုအပြီးတွင် စက္ကူငှက် ခေါက်နည်းကို အဆင့်ဆင့် ဖော်ပြထားသည်။ မည်သည်မှရယူသည်ကို ဖော်ပြထားခြင်း မရှိရာ စာရေးသူကိုယ်တိုင် ဖန်တီးထားသည်ဟု ယူဆရသည်။

ကိုးကား

  1. ပန်ဒါကြီး။ "ကျွန်တော် တစ်သက်လုံး ရိုက်ချင်တဲ့ဝတ္ထုက "ကျွန်မ၏ သစ်ပင်" ပါ ဆိုတဲ့ စိုင်းစိုင်း"။ ၂၀၁၈၊ စက်တင်ဘာ ၁၉။
  2. စိုင်းစိုင်းခမ်းလှိုင်။ "စက္ကူငှက်"။ ကြောင်ကမ္ဘာ စာပေ၊ ရန်ကုန်။ ၂၀၀၆၊ ဖေဖော်ဝါရီ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.