စိန့်ဩဂတ်စတင်း

စိန့်ဩဂတ်စတင်း (၃၅၄-၄၃၀)

ဘဝအကျဉ်း

ရောမအင်ပါယာ ပြိုပျက်ချိန်မှာ ပေါ်ထွန်းလာသည့် အကြီးကျယ်ဆုံးသော ထာ၀ရဘုရားဝါဒီ အဖြစ် ကျော်ကြားသည့် ရှင်ဩဂတ်စတင်း (St. Augustine) ကို ခရစ်နှစ် ၃၅၄၊ အယ်လ်ဂျီးရီးယားနိုင်ငံရှိ အဓိကဆိပ်ကမ်းမြို့ကြီး ဟစ်ပို နှင့် ၄၅မိုင်ကွာဝေးသည့် တာဂါစတေး (ယခု အင်နာဗာ) တွင်ဖွားမြင်သည်။ အယူခြားရှိသူ ဖခင်နှင့် ခရစ်ယာန်ဘာသာကိုင်းရှိုင်းသူ မိခင်မှ ပေါက်ဖွားသူဖြစ်ပြီး ငယ်စဉ်က နှစ်ခြင်းမခံခဲ့ရပေ။

အရွယ်ရောက်လာသည်နှင့်အမျှ ဉာဏ်စွမ်းထက်ကြောင်းပေါ်လွင်လာပြီး ၁၆နှစ်အရောက်တွင် ပညာဆည်းပူးရန် ကာသေ့ခ်ျ သို့သွားရောက်ခဲ့သည်။ ထိုနေရာတွင် အမျိုးသမီးတစ်ဦး နှင့်တိတ်တဆိတ်ပေါင်းဖက်ပြီး အသိအမှတ်မပြုသည့် သားတစ်ဦးရခဲ့သည်ဟု ဆိုသည်။ အသက်၁၉နှစ်ရောက်သော် ဒဿနိကဗေဒ ကိုလိုက်စားရန်ဆုံးဖြတ်ပြီးနောက် ခရစ်နှစ် ၂၄၀ ခန့်တွင် တမန်တော်မနိ၏ မနိရှေအစ်ဇမ်ဝါဒကို နှစ်သက်ပြီး မနိဂိုဏ်းဝင်ဖြစ်လာသည်။ငယ်ရွယ်သူ ဩဂတ်စတင်းအတွက် မနိဂိုဏ်းဝင်အဖြစ် ၉နှစ်ကြာနေထိုင်ပြီးနောက် ယုံကြည်မှုလျော့ရဲလာခဲ့သည်။ အသက် ၂၉နှစ်တွင် အီတလီသို့ပြောင်းရွေ့ပြီး ရောမမှ တစ်ဆင့် မီလန်ရောက်လျှင် နှုတ်မှုပညာပါမောက္ခ ဖြစ်လာသည်။ ထိုဒေသတွင် ၃ရာစုခန့်က ပလိုတိနပ် စတင်ဟောပြောသည့် ပလေတိုနစ်ဝါဒသစ်(Neo-platonism)နှင့် ကျွမ်းဝင်သွားပြန်သည်။

များမကြာမှီအချိန်အတွင်း မီလန်ဂိုဏ်းအုပ် ဘုန်းတော်ကြီး ရှင်အမ်းဘရို့စ်၏ တရားများကို နာကြားရရာမှ ခရစ်ယာန်ဘာသာ၏ နက်နဲသည့် သဘောများကို စိတ်ဝင်စားလာပြီး အသက် ၃⁠၃နှစ်တွင် ခရစ်ယာန်ဘာသာဝင်ဖြစ်လာသည်။ ခရစ်နှစ် ၃၈၇တွင် နှစ်ခြင်းခံပြီး မွေးရပ်မြေ တာဂါစတေး သို့ပြန်သည်။၃၉၁တွင် ဟစ်ပိုဂိုဏ်းအုပ်၏လက်ထောက်အဖြစ် တာဝန်ယူပြီး ၅နှစ်အကြာ ဂိုဏ်းအုပ်ကွယ်လွန်သော် ရာထူးတိုး၍ ဟစ်ပိုဂိုဏ်းအုပ်ဖြစ်လာကာ ကွယ်လွန်ချိန်အထိ ထမ်းဆောင်သွားခဲ့သည်။

အတွေးအခေါ် နှင့် ကျမ်းစာများ

ဟစ်ပိုမြို့သည် ကြီးကျယ်သည့် မြို့ကြီးမဟုတ်သော်လည်း ဩဂတ်စတင်းကြောင့် အသိများလာပြီး ဩဂတ်စတင်းမှာလည်း အလွန်ကောင်းသည့် ဘာသာရေးဆိုင်ရာ ဒဿနများကြောင့် ခရစ်ယာန်ကျောင်းတော်၏ အရေးပါသည့် ခေါင်းဆောင်ပိုင်းနေရာ သို့ရောက်လာတော့သည်။ကျန်းမာရေးမကောင်းသည့်အတွက် လက်ရေးတိုစာရေးတစ်ဦးခန့်ထားပြီး နှုတ်ဖြင့် ကျမ်းစာအများအပြားပြုစုသွားခဲ့သည်။ ကျမ်းစာပေါင်း ၅၀⁠၀ခန့် ယနေ့တိုင်ကျန်ရစ်ပြီး ကျန်ဘာသာရေးဆရာများ၊ ဘုန်းတော်ကြီးများနှင့် အပြန်အလှန်ပေးပို့ဆွေးနွေးသည့် စာပေါင်း ၂၀ဝကျော် ကျန်ရစ်သည်။ အဓိကကျမ်းစာနှစ်ဆောင်မှာ ဘုရားသခင်မြို့တော် နှင့် ကိုယ်တိုင်ဖြောင့်ဆိုဝန်ခံချက် တို့ဖြစ်သည်။အသက်လေးဆယ်တွင်ရေးသည့် ကိုယ်တိုင်ဖြောင့်ဆိုဝန်ခံချက်မှာ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်ပြီး အလွန့်အလွန်ကျော်ကြားသည်။

ရှင်ဩဂတ်စတင်း၏ ကျမ်းစာများတွင် ပါဝင်သည့် အဓိကအကြောင်းအချက်များမှာ ဘာသာခြားများနှင့် ဒဿနပိုင်းဆိုင်ရာ ဆွေးနွေးငြင်းခုန် ချေဖျက်ချက်များဖြစ်လေ့ရှိသည်။ ထို့ပြင် လူတိုင်းတွင် အာဒမ်ထံမှ အပြစ်မျိုးစေ့ရှိပြီးဖြစ်ကြောင်း နှင့် ထိုအပြစ်တို့မှ လွတ်ခြင်းမှာ ဘုရားသခင်သာတတ်စွမ်းနိုင်သည့် အဖြစ်ကိုချဲ့ထွင်ရှင်းပြပြန်သည်။ ထို့ကြောင့် သူ၏စာပေအရေးအသားများမှာ ခရစ်ယာန်ကျောင်းတော် အခြေခိုင်ရေးကို များစွာအထောက်အကူပေးသည်ဟု ဆိုနိုင်သည်။ ထိုမှမက သာမန်လူဖြစ်စေ၊အမှူးအမတ်ဖြစ်စေ၊မင်းဧကရာဇ်ဖြစ်စေ ပုပ်ရဟန်းမင်းနှင့် ကျောင်းတော်လောက် အရေးမပါဟု တင်ပြသေးသည်။ ထိုတင်ပြချက်ကို အကြောင်းပြုပြီး နောင်ဥရောပတွင် ကျောင်းတော် နှင့် ပဒေသရာဇ်အာဏာပိုင်များ၏ အားပြိုင်မှုများ ၊ရန်စစ်များကို နှစ်ပေါင်း ၂၀၀ ခန့်အတွင်း အကြိမ်ကြိမ်ပင်တွေ့ရသည်။

အသက်ရှင်နေစဉ်အတွင်းမှာပင် ရောမအင်ပါယာကို မြောက်ပိုင်းမှ အလာရစ်ဦးဆောင်သည့် ဗီစီဂို့စ်များက ဖျက်ဆီးလိုက်ကြသဖြင့် ဘာသာခြားနှင့် ကြွင်းကျန်သည့် ရှေးရောမမှ ဘုရားအများအပြားကိုးကွယ်သည့် ဝါဒီများက ခရစ်ယာန်ဘာသာကို ကဲ့ရဲ့ပြောဆိုကြခြင်းကို ပယ်ချလိုသဖြင့် ရှင်ဩဂတ်စတင်း၏ ဘုရားသခင်မြို့တော် ကျမ်းပါအချက်အလက်များကို ကိုးကားကြရသည်။ ထိုကျမ်းတွင် သမိုင်း၏ဒဿနများကို ကောင်းစွာဖော်ပြထားပြီး နောင်တစ်ချိန်တွင် ဥရောပ၏ တိုးတက်မှုများကိုပါ လမ်းကြောင်းခင်းပေးသကဲ့သို့ ရှိသည်ဟုဆိုပါသည်။ သူ၏အတွေးအခေါ်များကို ရိုမန်ကတ်သလစ်ဒနဿပညာရှင်ဖြစ်သည့် စိန့်သောမက်စ် အကွိုင်နက်စ် သာမက မာတင်လူသာ နှင့် ဂျွန်ကယ်လ်ဗင် အစရှိသည့် ပရိုတက်စတင့်ရှေ့ဆောင်တို့ကပါ နှစ်သက်လက်ခံကြသည်။

ဘဝနိဂုံး

အသက် ၇၆နှစ်အရွယ် စိန့်ဩဂတ်စတင်းသည် ခရစ်နှစ်၄၃၀၊ ဟစ်ပိုတွင် ပင် ကွယ်လွန်သည်။ ဗန်ဒယ်လူမျိုးများက ဟစ်ပိုကို လအတန်ကြာဝန်းရံပြီး မြို့ကိုမီးရှို့ဖျက်ဆီးခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် စိန့်ဩဂတ်စတင်း၏ စာကြည့်တိုက်မှာ အကောင်းပကတိ ကျန်ရစ်ခဲ့သည်။[1]

ရည်ညွှန်းကိုးကား

  1. ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.