စွန်းလွန်းဆရာတော်

စွန်းလွန်းဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၃၉ ခုနှစ်၊ တစ်ပေါင်းလဆန်း ၂ ရက်၊ တနင်္လာနေ့ နံနက် ၃ ချက်တီးကျော်အချိန်၌ အထက်မြန်မာပြည်၊ မြင်းခြံမြို့အနီး စွန်းလွန်းရွာ အဖဦးသန့်၊ အမိ ဒေါ်တုတ်တို့မှ မီးရှူးသန့်စင် ဖွားမြင်တော်မူသည်။ ကျော်စောထင်ရှားသော နိမိတ်များကြောင့် မောင်ကျော်ဒင်ဟူ၍ အမည်ပေးခဲ့သည်။ မောင်ကျော်ဒင်ကို ငယ်စဉ်က မြင်းခြံမြို့မင်းကျောင်းဆရာတော်ထံ အပ်နှံ၍ စာပေ သင်စေခဲ့သော်လည်း၊ ပါရမီနုံ့သောကြောင့် စာကောင်းစွာ မတတ်မြောက်သည်နှင့် ၁၅ နှစ်အရွယ်တွင် မြင်းခြံမြို့ အရေးပိုင်ရုံး၌ ဝင်ရောက်အမှုထမ်းစေသည်။ အရွယ်ရောက်သောအခါ တစ်ရွာတည်းနေ မရွှေရီနှင့် သင့်မြတ်၍ သားသမီးငါးယောက် ထွန်းကားခဲ့၏။ လေးယောက်မှာ ငယ်စဉ်ကပင် ပျက်စီးသဖြင့် သားတစ်ယောက်သာ ရှိတော့သည်။ အသက် ၃ဝ အရွယ်တွင် အလုပ်မှ ထွက်ပြီးနောက် မိဘတို့၏လက်ငုတ် တောင်ယာအလုပ်ဖြင့် အသက်မွေးခဲ့လေသည်။

ဆရာတော် ဦးကဝိ(စွန်းလွန်း ဆရာတော်ဘုရားကြီး)

ဦးကျော်ဒင်သည် စာပေကျမ်းဂန်များကို မသင်ကြားရသော်လည်း၊ ကျွတ်ချိန်တန်သည့်အလျောက် ၁၂၈၁ ခုနှစ် တန်ခူးလမှစ၍ တရားအရသာကို ရှာခဲ့လေသည်။ ဦးကျော်ဒင်သည် ထွက်သက်၊ ဝင်သက်၊ အာနာပါဏ မှစ၍ ထိ၊ သိ၊ သတိ အစရှိသော တရားအားထုတ်မှုများကို သဒ္ဓါ ဝိရိယ၊ ဇွဲသန်သန်နှင့် နေ့ညမပြတ် အားထုတ်သွားရာ ၁၂၈၂ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ကြာသပတေးနေ့ ည ၁ဝနာရီအချိန်တွင် ပထမအကြိမ် တရားထူးကို တွေ့ရလေသည်။ တစ်ဖန် ၁၂၈၂ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၃ ရက်၊ စနေနေ့ည ၁ဝ နာရီအချိန်တွင် ဒုတိယအကြိမ် တရားထူးကို တွေ့ရပြန်သည်။ ထို့နောက် ၁၂၈၂ ခုနှစ် တော်သလင်းလပြည့် ကျော် ၁၃ ရက်၊ တနင်္လာနေ့ည ၁ဝ နာရီအချိန်တွင် မိမိခန္ဓာကိုယ်၌ ပြင်းပြလှသော ဝေဒနာများကို ခံစားရပြီးနောက် တတိယအကြိမ်မြောက် တရားထူးကို တွေ့ရပြန်၏။

၁၂၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အင်္ဂါနေ့ ည ၁ဝ နာရီအချိန်တွင် စတုတ္ထအကြိမ်မြောက် တရားထူးကို တွေ့ရပြန်လေသည်။ ဤကား ထူးခြားချက်တစ်ရပ်ပင် ဖြစ်ပေသည်။

၁၂၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့တွင် ယာခင်းမှ နွားတစ်ရှည်းကို ဘေးမဲ့လွှတ်ခဲ့ ပြီးနောက် စွန်းလွန်းရွာ၊ ဘုန်းတော်ကြီး ဦးကျောက်ကျောင်းသို့သွား၍ သာမဏေပြု၏။

၁၂၈၂ ခုနှစ်၊ တစ်ပေါင်းလပြည့်ကျော် ၁၂ရက်၊ တနင်္လာ နေ့ညနေ ၄ နာရီ ၉ မိနစ် အချိန်တွင် မိတ္ထီလာမြို့၊ ရေလယ် ကျောင်းတိုက်၊ ခဏ္ဍသိမ်ပ ရဟန်းအဖြစ်သွတ်သွင်း ချီးမြောက်ခြင်းခံရသည်။ ရဟန်းအမည် ရှင်ကဝိဖြစ်သည်။ ရဟန်းဘဝ၌ စွန်းလွန်းရွာတောင်ဘက်တွင် သွားရောက်၍ တရားအားထုတ်လေသည်။ စတုတ္ထအကြိမ်မြောက် တရားထူးကို ရခြင်းမှာ ယင်းရဟန်းဘဝနှင့်ဖြစ်လေသည်။

စွန်းလွန်းဆရာတော် ဦးကဝိသည် လာရောက်ဆည်းကပ်ကြသော ရဟန်း၊ ရှင်လူအပေါင်းတို့အား သမထ၊ ဝိပဿနာနှင့် ပဋ္ဌာန်းတရားတော်များကို သင်ကြားပြသခြင်း၊ တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေး ခြင်းများ ပြုလုပ်ပြီးနောက် ၁၃၁၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်နေ့တွင် ပျံလွန်တော်မူသည်။[1]

မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းတိုက်အတွင်းတွင် ဘဝနတ်ထံ ပျံလွန်သွားသည့် စွန်းလွန်းဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ် မှာ မပုဒ်မသိုး မပျက်စီးပဲ တည်ရှိနေသည်။ [2]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. နှစ် ၆၀ ကြာသော်လည်း စွန်းလွန်းဆ​ရာတော်ကြီး ရုပ်ကလာပ် ပျက်စီးမှုမရှိ, Myanmar Times
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.