ဆီသည်ရွာစား ဦးအောင်ကြီး

ဆီသည်ရွာစား ဦးအောင်ကြီး (ခရစ်နှစ် ၁၆၆၈ ခန့် - ၁၇၂၈ ခန့်[1]) သည် အဝမြို့ဘွဲ့ ၁၂-ရာသီလူးတား ကို ရေးသားဖွဲ့နွဲ့ခဲ့သူ ဆီသည်ရွာစားမှာ ထိုလူးတား စာကိုယ်အဆုံးတွင် ပါရှိသည့် အမှာစာအရ ပုဂံမင်းပြောက်ကျွန် ဆီသည်ရွာစား ဦးအောင်ကြီးပင် ဖြစ်လေသည်။[2] ဤတွင် အရပ်ရပ် မှတ်သားချက်များ၌ "ဦးအောင်ကြီး" ဟု ပါရှိသော်လည်း ပိဋကတ်သမိုင်းစာတမ်း တစ်ခုတည်းတွင်သာ "ငစဉ့်ကူးမြို့ စီရင်စု၊ ဆီသည်ရွာစား မောင်ရည်" ဟု ပါရှိသည်။[3] မည်သို့ပင်ဖြစ်စေ အမှတ်အသား များရာကို လိုက်၍ ဆီသည်ရွာစား ဦးအောင်ကြီး ဟူ၍ပင် ခေါ်ကြသည်။

သက္ကရာဇ် ၁၀၆၀ ပြည့်နှစ်တွင် ဝမ်းဘဲအင်းစံ မင်းတရားကြီး နတ်ရွာစံလွန်တော်မူသည်။ ထိုအခါ သားတော်ကြီး အိမ်ရှေ့မင်း သီရိမဟာ သီဟသူရသည် ခမည်းတော် အရိပ်အရာဖြစ်သော အဝမြို့ ရွှေထီးရွှေနန်းကို သိမ်းမြန်း စိုးစံတော်မူ၍ 'သီရိမဟာ သီဟသူရ ဓမ္မရာဇာ'ဘွဲ့ကို ခံယူတော်မူလေသည်။ သမိုင်းတွင် စနေမင်း ဟူ၍ လူသိများကြသည်။ ဦးကင်းဖွင့် မင်္ဂလာတွင် မိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေတော်။ မျိုးတော်၊ မှူးမတ်၊ အမှုထမ်းတို့အား ဘွဲ့ပေးရာ၌ စားတော်ကွမ်းရေကိုင် ဆီသည်ရွာစားကို "လက်ယာရွှေတောင်" ဘွဲ့ ပေးတော်မူ၏။

သက္ကရာဇ် ၁၀၆၄ ခုနှစ် တပို့တွဲလတွင် ညီတော် စဉ့်ကူးမင်းကို အိမ်ရှေ့မင်းတို့ အဆောင်အယောင်နှင့်တကွ ဝန်-ဒိုင်းစု-မြင်းစု-စာရေး ပေးတော်မူသည်။ သို့ရာတွင် "အိမ်ရှေ့"ဟု မခေါ်ရ။ "ပြင်အိမ်တော်စံ" ဟူ၍သာ ခေါ်ရမူ၍ ပြင်အိမ်တော်၌ ထားတော်မူသည်။ သက္ကရာဇ် ၁၀၆၉ ခုနှစ် နတ်တော်လတွင် ပြင်အိမ်နှစ်ပါးတို့ကို နန်းတွင်းသို့ခေါ်၍ ညီတော် စဉ့်ကူးမင်းကို "သီရိသုဓမ္မရာဇာ"၊ သမီးတော်ဖြစ်သော စဉ့်ကူးမိဖုရားကို "သီရိသုနန္ဒာဒေဝီ" အမည်ပေးတော်မူ၍ သစ္စာတော် ခံရသည်။ ပုဂံမြို့ကိုလည်း ပေး၍ နန်းတော်နှင့် နေစေသည်။ ရွှေကျိုင်း ၆ စင်း၊ ထီးဖြူ ၂ စင်း၊ ထွက်စည်၊ ဝင်စည်လည်း ပေးတော်မူသည်။ ယင်းခုနှစ် တပို့တွဲလဆန်း ၃ ရက်နေ့ ပြင်အိမ်တော်စံ မင်း၊ မိဖုရား နှစ်ပါးကို ရွှေဖောင်တော်နှစ်စင်းနှင့် တင်ဆောင်ပြီးလျှင် မှူးကြီး မတ်ရာ, မဟာဆွေတော် မျိုးတော်တို့ ဝန်းရံ၍ ပုဂံသို့ လိုက်ပို့ကြရသည်။ ထိုအခါ ကျွန်တော်ရင်းဖြစ်သော ကွမ်းရေတော်ကိုင် ဆီသည်ရွာစား လက်ယာရွှေတောင်ကိုလည်း ညီတော် ပုဂံမင်းအား ပေးလိုက်သည်။[4] ထိုမင်းကို ပုဂံမင်းပြောက်'ဟု ခေါ်သည်။

သက္ကရာဇ် ၁၀၇၆ ခုနှစ်တွင် မာရ်အောင်ရတနာ ဘုရားဒါယကာမင်းကြီး နတ်ပြည်စံတော်မူလျှင် သားတော် အိမ်ရှေ့မင်း နန်းတက်ရာ "မှန်နန်းဆင်ဖြူရှင်" အမည်ခံသည်။ ထိုမင်းနှင့် ပုဂံမင်းတို့ စစ်ကြီးဖြစ်ကြရာ ပုဂံမင်း အရေးနိမ့်၍ ပုဂံပျက်ကာလ ဆီသည်ရွာစား ဦးအောင်ကြီးလည်း မှန်နန်းဆင်ဖြူရှင့်ထံ ရောက်လာခစား၍ ထိုမင်းလက်ထက် "သာစွာ့လေ" ချီ အဝမြို့ဘွဲ့ ၁၂ ရာသီလူးတား ကို ရေးသား ဆက်သွင်းခဲ့သည်။[5]

ကိုးကား

  1. ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၂၀၀၂၊ နှာ-၁၂၀
  2. ဦးဖေမောင်တင်၊ မြန်မာစာပေသမိုင်း၊ ၂၀၀၃၊ နှာ-၁၈၄
  3. ပိဋကတ်သမိုင်း စာတမ်း၊ နှာ - ၁၉၈
  4. မှန်နန်းရာဇဝင်တော်ကြီး တတိယတွဲ၊ နှာ-၃၃၂
  5. ဦးဖိုးစိန် တည်းဖြတ်သည့် "အင်းဝမြို့ဖွဲ့ ၁၂ ရာသီ လူးတား" နိဒါန်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.