ဆီးချိုအမျိုးအစား-၁

ဆီးချိုအမျိုးအစား ၁ သည် အင်ဆူလင်ထုတ်လုပ်နိုင်သည့် ဘီတာဆဲလ် ပျက်ဆီးခြင်းကြောင့်ဖြစ်သည်။ ဘီတာဆဲလ်သည် ပန်ကရိယဂလင်း* အတွင်း လင်ဂါဟန် ဆဲလ် အစုအဝေးတွင် မြုပ်လျက်ရှိသည်။ ပုံတွင် အစိမ်းရောင် နှင့်ပြထားသော ဆဲလ်များမှာ ဘီတာဆဲလ်ဖြစ်သည်။

ဆီးချိုအမျိုးအစား-၁
Universal blue circle symbol for diabetes.[1]
SpecialtyDiabetology 

ဤရောဂါအမျိုးအစားကို (၁)အင်မျူးနှင့်ဆက်စပ်သည့် ရောဂါ နှင့် (၂)ဆက်စပ်မှု အကြောင်းရှာမရသည့် ရောဂါဟု ထပ်မံခွဲခြားသည်။ အများစုက အင်မျူး*² နှင့် ဆက်စပ်သည်။ အမျိုးအစား ၁ ကိုကာကွယ်ရမည့် နည်းလမ်း ရှာမတွေ့သေးပါ။ မြောက်အမေရိကနှင့် ဥရောပတွင် ဆီးချို -၂ က ၉၀ ရာခိုင်နှုန်း ဆီးချို -၁ က ၁၀ ရာခိုင်နှုန်း ဖြစ်ပွားသည်ဟု ဆိုသည်။ အာရှနှင့် ပစိဖိတ်ဘက်တွင်လည်း ၁၀ နှစ်မှ ၁၉ နှစ်အရွယ်လူငယ်များကို လေ့လာကြည့်ရာ အမျိုး အစား ၂ သည် အမျိုးအစား၁ ထက် ၂ ဆခန့် ပိုမိုဖြစ်ပွားသည်ဟု ဆိုထားသည်။

ဆီးချို-၁ ရောဂါရှင် အများစုသည် ရောဂါစဖြစ်သည့် အချိန်၌ ကိုယ်အလေးချိန်မှာ လူသာမန်များ အတိုင်းပင် ဖြစ်လေ့ရှိသည်။ ရောဂါစဖြစ်ကာစ အချိန်က အင်ဆူလင်တိုးမှု *³ ပုံမှန်အတိုင်းပင်ရှိတတ်သည်။ ဆီးချိုအမျိုးအစား ၁ သည် လူကြီးများရော ကလေးများတွင်ပါ ဖြစ်ပွားတတ်သော်လည်း ငယ်ရွယ်သူ များတွင် အဖြစ်များသော ကြောင့် ဂျူဗင်နိုင်း ဆီးချို ( လူငယ်ဆီးချို) ဟုသာ အစဉ်အဆက် မပျက်ခေါ်ဝေါ်တတ်ကြသည်။

ဆီးချိုအမျိုးအစား-၁ ကို ကုသရာ၌ အခြေခံမူဝါဒမှာ ရောဂါ အစဦးပိုင်းမှပင် စတင်ကာ အင်ဆူလင်ဆေးဝါးကို ပြင်ပမှ ထိုးပေးခြင်း နှင့် ၊တဆက်တည်းမှာပင် သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးပေးနေရခြင်း ဖြစ်သည်။

အင်ဆူလင်ကုထုံး မယူမိပါက ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း**¹ အရေးပေါ်ရောဂါမျိုး မကြာခဏဖြစ်ပွားတတ်ပြီး ကိုမာ(Coma) မှ သေသည်အထိဖြစ်နိုင်သည်။

ယခုအခါ ကုထုံးပိုင်းအတွက် အာရုံစိုက်နေသည်မှာ ဘဝအနေအထိုင်ပြောင်းလဲပေးခြင်း (အစားအသောက် နှင့်လေ့ကျင့်ခန်း) ဖြစ်သော်လည်း ယင်းသို့ပြောင်းလဲပေးခြင်းကြောင့် ရောဂါဆိုးရွားမှုကို တန့်ရပ်သွားမည်ဟု မျှော်လင့်မထားပါ။

အင်ဆူလင် ထိုးရာတွင် ဆေးထိုးအပ်ကို အသုံးပြု၍ အရေပြားအောက်ထိုးခြင်းအပြင် အင်ဆူလင် ညှစ်ထုတ်ပေးမည့် ပမ့်(PUMP)**²နှင့် အင်ဆူလင်ကို အချိန်မှန် ညှစ်ထုတ်စေခြင်း နည်းလမ်းလည်း ရှိသည်။ ပမ့်ကိုသုံးသဖြင့် ၂၄ နာရီလုံးလုံး သွေးအတွင်း အင်ဆူလင် ပမာဏကို ထိန်းသိမ်းပေးထားနိုင်သည်။ အစားစား၍ အင်ဆူလင်လိုအပ်မှု ပမာဏ တိုးလာသည့် အခိုက်တွင် အင်ဆူလင်ကိုတိုး၍ လိုသလောက် ညှစ်ထုတ်ပေးရန် စီမံထားသည်။ အင်ဆူလင် မဟုတ်သော ကုသမှုမျိုး (ဥပမာ- ပဋ္ဋိပစ္စည်း တစ်မျိုးနှင့် ရင်းမြစ်ဆဲလ် (STEM CELL)**³ ကုထုံးများမှာ တိရစ္ဆာန်များကို ကုသအောင်မြင်ပြီး လူသားများ၌ စမ်းသပ်ဆဲ အဆင့်တွင်ရှိသည်။

အမျိုးအစား -၁ သည် ပုံမှန်လုပ်နေကျအလုပ်များကို အဟန့်အတားမပြု။ လူနာက ရောဂါအကြောင်း စိတ်ဝင်စား လေ့လာထားမှု၊ အင်ဆူလင် ထိုးနည်း လေ့ကျင့်ထားမှု၊ သင့်လျော်စွာ ကုသမှု ခံယူမှု၊ စမ်းသပ်စစ်ဆေးမှုများ၌ စည်းစနစ်ကျနရမှု၊ အင်ဆူလင်ထိုးဆေးပမာဏ အသုံးပြုခြင်း စနစ်ကျနမှုများရှိလျှင် ပုံမှန်အတိုင်း နေထိုင်သွားလာ နိုင်သည်။

သို့သော် အင်ဆူလင်ကုထုံးမှာ လူနာအတွက် ဝန်ထုပ်တစ်ခုဖြစ်ရသည်။ အင်ဆူလင် ထိုးခံရခြင်းကပင်လျင် အလုပ်ပိုတစ်ခု ဖြစ်နေတတ်သည်။

သွေးထဲရှိ သကြားဓာတ်ပမာဏ - ဂလူးကိုစ့်လယ်ဗယ် (blood glucose level)သည် အမျိုးအစား -၁ ၌ ၈၀မှ ၁၂၀ မီလီဂရမ်/ဒက်ဆီလီတာ {80-120mg/dl (4-6mmol/l)}နှင့် အနီးစပ်ဆုံးရှိနေသင့်သည်။ အချို့ သမားတော်ကြီးများကမူ အင်ဆူလင် ထိုးနေရင်း သကြားဓာတ်ပမာဏ မကြာခဏအလွန်အကျွံ ကျသွားတတ်ခြင်း (ဆီးချိုကျခြင်း-ဟိုက်ပိုဂလိုက်စီးမီးယား (hypoglycemia) ဖြစ်တတ်သော လူနာများ အတွက် သွေးအတွင်း သကြားဓာတ်ပမာဏ - ဂလူးကိုစ့်လယ်ဗယ် ကို ၁၄၀ မှ ၁၅၀ မီလီဂရမ်ပါ ဒက်ဆီလီတာ {140-150mg/dl (7-7.5 mmol/l)} ထားဖို့ ဆန္ဒပြုကြသည်။

သွေးအတွင်း သကြားဓာတ်ပမာဏ ၄၀ဝ မီလီဂရမ်ပါဒက်ဆီလီတာ {400mg/dl(20mmol/l)}ထက်ကျော်လွန်လျင် ဆီးသွားခြင်းများပြားပြီး ရေဓာတ်ခန်းခြောက်ခြင်းများ ဖြစ်ပေါ်တတ်သည်။

၆၀ဝ မီလီဂရမ်ပါ ဒက်ဆီလီတာ {600mg/dl(30mmol/l) } ဖြစ်လျင်မူ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်း အရေးပေါ်ရောဂါ ဖြစ်တတ်သည်။ ချက်ချင်း အသက်ဆုံးရှူံးစေတတ်သော ရောဂါ မဟုတ်သော်လည်း အသက်အန္တရာယ်ရှိသည်။ တစ်ဖက်တွင်လည်း အင်ဆူလင် ထိုးဆေးပမာဏ များလွန်းပါက သွေးအတွင်း သကြားဓာတ်အလွန်အမင်း ကျသွားတတ်ခြင်း - ဟိုက်ပိုဂလိုက်စီးမီးယား အန္တရာယ်က ရှိနေပြန်သည်။ ယင်းအရေးပေါ် ရောဂါကမူ တက်ခြင်းမှသည် သတိလစ်ခြင်း အထိဖြစ်ပြီး ချက်ချင်း အသက် ဆုံးရှူံးတတ်သည်။ ဟိုက်ပိုဂလိုက်စီးမီးယား ဖြစ်သည်နှင့် သကြားဓာတ်အများအပြားပါ အရေးပေါ်ဂျဲလ် - ဟိုက်ဂလူးကိုစ့်ဂျဲလ် (high glucose gel)ကို လူနာ၏ ပါးစပ်ထဲထည့်ပြီး ဒက်စ်တို့သကြား (Dextrose)ကို အမြန်ထိုးရသည်။ အင်ဆူလင်နှင့် အစွမ်းသတ္တိ ပြောင်းပြန်ဖြစ်သောဟိုမုန်းတစ်မျိုးကို တုပ ထုတ်လုပ်ထားသည့် ဂလူကာဂွန်(Glucagon) ကို ထိုးနိုင်သည်။ အမြန်ထိုးနိုင်ရန် လိုအပ်သဖြင့် လက်လှမ်းမီသမျှဆေးကို အမြန်ဆုံး အသုံးပြုသင့်သည်။

အောက်ခြေမှတ်စု

  • ¹(Pancreas)ပန်ကရိယ; အစာအိမ်အောက်တွင် ကပ်လျက်တည်ရှိသော ဂလင်း။ သရက်ရွက်ဟုလည်း ခေါ်သည်။
  • ²(IMMUNE)အင်မျူး; ခန္ဓာကိုယ်အတွင်း ရောဂါခုခံကာကွယ်မှု အပါအဝင် အခြားကိစ္စ များကို ဆောင်ရွက်ပေးသော စနစ်ဖြစ်သည်။ သွေးဖြူဥများနှင့် ဓာတုပစ္စည်များက အင်မျူးတာဝန်များကို ထမ်းဆောင်သည်။ ရောဂါကိုတိုက်ဖျက်သော သွေးဖြူဥ ဆဲလ်များနှင့် ဓာတုပစ္စည်းများက ခန္ဓာကိုယ်ရှိ ကိုယ်ပိုင်ဆဲလ်များကို မှားယွင်းတိုက်ခိုက်ခြင်းဖြစ်သည်။ ဘီတာဆဲလ်ကို တိုက်ခိုက်လျှင် ဆီးချိုဖြစ်သည် ဟုဆိုလိုသည်။
  • ³ဆီးချို ၂ မှာ အင်ဆူလင်ထုတ်လုပ်မှု ပုံမှန်ရှိတတ်သော်လည်း အချို့၌ အင်ဆူလင်၏သတ္တိ မပြနိုင်သဖြင့် သွေးအတွင်း သကြားပမာဏ တက်ရသည်။ ဆီးချို-၁ မှာ ခန္ဓာကိုယ်တွင်း အင်ဆူလင် မထုတ်လုပ် နိုင်မှုကြောင့် သာဖြစ်ပြီး အင်ဆူလင်ထိုးဆေး ပေးပါက အင်ဆူလင်အပေါ် တုံ့ပြန်မှုကမူ ပုံမှန်အတိုင်းပင်ဖြစ်သည်။
    • ¹ketoacidosis သကြားဓာတ်အလွန်အမင်းများပြားသဖြင့် သကြားဓာတ် ဇီဝဓာတု မက်တာဘိုးလစ်ဖြစ်စဉ် ၏ ဘေးထွက်ပစ္စည်းများ ဖြစ်သော ကီတုန်းပစ္စည်း( ketone bodies)ထွက်သည်။ ယင်းပစ္စည်းများက ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ် လွန်ကဲအောင် တနည်းတဖုံ အားပေးသည်။
    • ²ဗိုက်တွင် အင်ဆူလင်ပမ့်ကို စိုက်ထားရသည်။ ယင်းက အင်ဆူလင်ကို ပုံမှန်အနေအထားနှင့် ညှစ်ထုတ်ပေးနေသည်။
    • ³ရင်းမြစ်ဆဲလ်ဆိုသည်မှာ ခန္ဓာကိုယ်ရှိ ဖြစ်လိုသမျှဆဲလ်မျိုးကို ဖြစ်ပေါ်စေနိုင်သော သတ္တိရှိသည့် ဆဲလ်ဖြစ်သည်။ ဘီတာဆဲလ် ပျက်စီးသဖြင့်ဖြစ်ပေါ်ရသော ဆီးချို-၁ တွင်လည်း ရင်းမြစ်ဆဲလ် ကုထုံးကို ကုသလိုသဖြင့် စမ်းသပ်ရှာဖွေနေသည်။ [2]

မူရင်း ရင်းမြစ်

  1. Diabetes Blue Circle Symbol International Diabetes Federation (17 March 2006)။ 5 August 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2020 တွင် ပြန်စစ်ပြီး။
  2. ဆီးချိုနှင့်ဆက်စပ်ရောဂါများ | Diabetes Mellitus—is a condition in which the body either does not produce enough, or does not properly respond to, insulin, a hormone produced i...
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.