ဆူလာဝေစီကျွန်း
စဲလဗီး (Celebes) ကျွန်း၏ ယခုအမည်မှာ ဆူလာဝေစီကျွန်း ဖြစ်သည်။ စဲလဗီးကျွန်းမှာ ယခုအခါ အင်ဒိုနီးရှား ပြည်ထောင်စုနိုင်ငံဟု ခေါ်သော အရှေ့အိန္ဒိယကျွန်းစုတွင် ပါဝင်သည့် ကျွန်းကြီး ငါးကျွန်းအနက် တစ်ကျွန်းဖြစ်သည်။ ဖိလစ်ပိုင်ကျွန်းစု တောင်ဘက် ဘော်နီယိုကျွန်းနှင့် မိုလပ်ကပ်ကျွန်း နှစ်ခုစပ်ကြားတွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် စတုန်ရန်းမိုင်ပေါင်း ၇၂ဝဝဝ ကျော် ရှိသည်။
စဲလဗီးကျွန်းမှာ အရှေ့နှင့်တောင်ဘက်သို့ ကျွန်းဆွယ် ၄ ခု ထိုးထွက်လျက်ရှိ၍ ပင်လယ်ကမ်းရိုးတန်းမှာ အကွေ့အကောက်များလှသဖြင့် မိုင်ပေါင်း ၃၅ဝဝ မျှ ရှည်လျားသည်။ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့သည် တောင်ထူထပ်၍ မီးတောင်ပေါများသည်။ ထူးခြားသည့်အချက်တစ်ခုမှာ ရေအိုင်ကြီးငယ် အမြောက်အမြားရှိခြင်းပင် ဖြစ်သည်။ ရှုခင်းတို့မှာ အလွန်သာယာသည်။ သစ်တော်များ၌ ဝက်သစ်ချပင်၊ ကျွန်းပင်၊ ပျဉ်းကတိုးပင် စသော အဖိုးတန် သစ်ပင်များ ပေါက်သည်။
စဲလဗီးကျွန်းသည် အီကွေတာ အပူပိုင်းဒေသ၌ ကျရောက်နေသော်လည်း ပင်လယ်လေပြေအေးတိုက်ခတ်ခြင်းကြောင့် များစွာမပူအိုက်လှချေ။ ဤကျွန်း၏ အဓိကထွက်ကုန်များမှာ ကာဖီ၊ သကြား၊ ဟင်းခတ်အမွှေးအကြိုင်၊ ဆန်၊ ပြောင်းဖူး၊ ကြက်ပေါင်စေးနှင့် ဆေးရွက်တို့ ဖြစ်သည်။ ရွှေ၊ ကြေးနီ၊ သွပ်၊ သံ၊ ဆားနှင့် ကျောက်မီးသွေးအပြင် အဖိုးတန်ကျောက်မျက် ရတနာများလည်း အနည်းငယ် ထွက်သည်။
စဲလဗီးကျွန်း၏ လူဦးရေမှာ ၄၂၃ဝဝဝဝ (၁၉၃ဝ) ခန့် ရှိသည်။ အများဆုံးနေထိုင်သော လူမျိုးမှာ ပသျှူးလူမျိုး ဖြစ်သည်။ ပသျှူးလူမျိုးတို့သည် တုတ်ခိုင်သန်မာသော ကိုယ်ကာယ ရှိ၍ ဝီရိယကောင်းသည်။ ဤကျွန်းကို ၁၅၁၂ ခုနှစ်တွင် ပေါ် တူဂီ လူမျိုးတို့က ရှေးဦးစွာ တွေ့ရှိသိမ်းပိုက်ခဲ့ကြသည်။ ၁၇ ရာစုနှစ် အလယ်ပိုင်းလောက်တွင် ဒပ်ချတို့၏ လက်ထဲသို့ ကျရောက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ဖြစ်သောအခါ ဂျပန်က ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ သိမ်းပိုက်ထားသည်။
၁၉၄၆ ခုနှစ် နိုဝင်ဘာလတွင် အင်ဒိုနီးရှားပြည်ထောင်စုနယ်တစ်နယ် အဖြစ်သို့ ရောက်ရှိသွားလေသည်။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)