ဆောဖကလီ
ဆောဖကလီ(ဘီစီ ၄၉၆-၄ဝ၆)သည် ဂရိလူမျိုး နာမည်ကျော် ပြဇာတ်ရေးဆရာဖြစ်သည်။ အေသင်မြို့ဆင်ခြေဖုံးဒေသတွင် မွေးဖွားခဲ့၍၊ မိဘများမှာ ကုံလုံကြွယ်ဝသူများဖြစ်၏။ ပဲရီကလီးခေါင်းဆောင်မှုအောက်တွင် ဂရိနိုင်ငံငယ်များ တန်ခိုးထွန်းတောက်စဉ်အခါက သူ၏ပြဇာတ်များ ခေတ်စားခဲ့သည်။ ဆောဖကလီသည် အသက် ၂၈ နှစ်အရွယ်တွင် မိမိထက်အသက် ၃ဝ မျှကြီးသော နာမည်ကျော် ပြဇာတ်ဆရာ အက်စကိလပ်နှင့် ယှဉ်ပြိုင်ရာ၌ ပထမဆုကို ရရှိခဲ့လေသည်။
ဘီစီ ၄၄၁ ခုနှစ်တွင် ယူရစ်ပီးဒီးအမည်ရှိ ပြဇာတ်ဆရာပေါ်ပေါက်လာပြန်သောအခါသူ၏နာမည်သည် မှိန်သွားသည်။ သို့ရာတွင်နောက်တစ်နှစ်၌ အန်ထစ်ဂိုနီအမည်ရှိ ပြဇာတ်ကြောင့် တစ်ဖန် ကျော်ကြားလာပြန်သည်။ ထို့နောက်တွင် ပြဇာတ်၌ ပထမဆုများကို အကြိမ် ၂ဝ မျှဆက်လက်ရရှိခဲ့လေသည်။မူလက ပြဇာတ်ပေါင်း ၁၂ဝ ကျော်ရေးသားခဲ့ရာ ယခုအခါ သူ၏ပြဇာတ် ၇ ခုမျှသာ ကျန်တော့သည်။ ဆောဖကလီကား ပြဇာတ်တွင် ဇာတ်ကောင် သုံးယောက်မျှပါဝင်၍ ဟန်ပြပြောဆိုရန် ထွင်ခဲ့သူဖြစ်သည်။ သူ၏ပြဇာတ်များ ထင်ရှားကျော်ကြား လူကြိုက်များရခြင်းမှာ ဆောဖကလီသည် လူ့သဘောကိုနားလည်ကာ လူ့သဘာဝကျအောင် ရေးသားထားခြင်းကြောင့်ပင် ဖြစ်သည်။ ထိုကဗျာဆရာ၊ ပြဇာတ်ဆရာ၊ အနုပညာဆရာကြီးသည် အသက် ၅၅ နှစ်အရွယ်တွင် ဂရိခေါင်းဆောင် ပဲရီကလီးနှင့်အတူ ဆေးမီးယန်းစစ်ပွဲ (ဘီစီ ၄၄ဝ)တွင် စစ်ဗိုလ်ချုပ်ကြီးတဦးအဖြစ် တိုက်ပွဲဝင်ခဲ့ဘူးလေ၏။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)