ဆေးဂန္ဓမာ

Pyrethrum; Dancing Daisy (ဆေးဂန္ဓမာ)

  • Botany Term : Chrysanthemum cinerariaefolium Vis & Bocc
  • Species/Family : Compositae
ဆေးဂန္ဓမာ

ပုံသဏ္ဌာန် : အပင် နှစ်ရှည်ခံပင်ဖြစ်၍ ၁၅ လက်မ ၄၀ လက်မထိ မြင့်သည်။ ပင်စည် ပျော့၏။ အပင်ရင်းမှ အကိုင်းပွား၏။ အပင်အုံ ၁၂ လက်မ ၁၅ လက်မ ထိ ကျယ်၏။ သက်တမ်း ၃-၆ နှစ်ထိ ရှိသည်။ အရွက် ကြီး၏။ ရွက်ရိုးတံများ ရှည်သည်။ အရွက်များအောက်ဘက်၌ ငွေရောင် ရှိသည်။ရွက်နား အဟိုက် အတွန့် များစွာရှိ၍ ရွက်ပြားကြီးလာသည်နှင့် အမျှ ရွက်ရင်းပိုင်းကျယ်လာပြီး ရွက်ထိပ်သို့ ကျဉ်းမြောင်းသွား၏။ အပွင့် ပွင့်တံများပေါ်၌ အမွေးတိုကလေးများ ရှိသည်။ အပွင့် အပြာနုရောင် ရှိသည်။ သေးငယ်သော ပန်းပွင့်ကလေးများ ပန်းခို်င်ထိပ်တွင် စုပေါင်း၍ ပန်းပွင့်တစ်ပွင့် တည်းကဲ့သို့ ပွင့်၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ အပွင့် နှင့် ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : သမပိုင်း ရာသီဥတုမျိုးကို နှစ်သက်၍ အမြင့်ပေ ၃၅၀၀ မှ ၇၀၀၀ အထိ စိုက်ပျိုးနိုင်သည်။ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကိုးကန့်ဒေသ၊ ၀ဒေသ၊ နာဂတောင်တန်း၊ မိုးကုတ်၊ ကျပ်ပြင်နှင့် ပြင်ဦးလွင် စသည်တို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ပေါက်ရောက်ပုံ။ ။ စိုက်ပျိုးပင်အဖြစ် ပေါက်ရောက်၏။ စိုက်ပျိုးပုံ- (က) ပျိုးထောင်ခြင်း။ ။ အစေ့မှ ပျိုးထောင်၍လည်းကောင်း ၊ သားတက်များကို ခွဲစိုက်၍လည်းကောင်း စိုက်ပျိုးနိုင်၏။ သားတက်ပွား၍ စိုက်ပါက အစေ့မှစိုက်ခြင်းထက် အပင်စောစွာ ပွင့်သည်။ အစေ့မှ ပျိုးထောင်စိုက်ပျိုးရာ၌ အမြင့် ၁ ပေ၊ အကျယ် ၄ ပေ၊အရှည် ၂၅ ပေ ရှိ ပျိုးဘောင်များတွင် ပျိုးထောင်ပြီး မစိုက်မီ ကြိုတင်၍ ရေလောင်းပေးရ၏။ ပျိုးဘောင်တစ်ခုတွင် မျိုးစေ့ နို့ဆီဘူး တစ်ဘူးခန့်အား သဲနှင့်ရော၍ ပက်ပေးရ၏။ အပေါ်မှ နွားချေးမှုန့် သို့မဟုတ် သစ်ဆွေးမှုန့်များနှင့် ဆန်ခါချ၍ ဖုံးပေးရ၏။ ပျိုးထောင်ပြီး ၁၅ ရက်မှ ၂၁ ရက်အကြာ အပင်ပေါက်၏။ (ခ)စိုက်ပျိုးခြင်း။ ။ ပျိုးပင်များ တစ်လသားအရွယ် အပင်အမြင့် ၄ လက်မခန့်တွင် စိုက်ခင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးနိုင်၏။ ပျိုးပင်များ တစ်တန်းနှင့် တစ်တန်း ၁ ပေ ခွာ၍ တစ်ပင်နှင့် တစ်ပင် ၁ ပေ ခွာ စိုက်ရသည်။ညနေပိုင်း သို့မဟုတ် မိုးအုံ့နေချိန်များ၌သာ ပြောင်းရွှေ့စိုက်ပျိုးသင့်၏။ သားတက်များကို ခွဲ၍ စိုက်ပါက ၄ ပွင့်ဆိုင် စိုက်ခြင်းက ၅ ပွင့်ဆိုင် စိုက်ခြင်းထက် ပို၍ ကြီးထွားသည်။ ဤနည်းဖြင့် ရာသီမရွေး စိုက်နိုင်သော်လည်း မိုးဦးကျတွင် စတင်စိုက်ပျိုးလျှင် ပိုကောင်း၏။ တောင်ပေါ် တောင်စောင်းဒေသများ အနေနှင့် လှေကားထစ်များ ဖော်၍ အကျယ် ၃ ပေ၊ အရှည် မြေအနေအထားကို လိုက်၍ လိုသလောက် ထားကာ စိုက်နိုင်၏။ (ဂ)ထိန်းသိမ်းပြုစုခြင်း။ ။ ပေါင်းရှင်းပေးခြင်း၊ မြေဆွပေးခြင်း၊ ရေလောင်းပေးခြင်းနှင့် လိုအပ်ပါက မြေဩဇာ ကျွေးပေးခြင်းတို့ကို ပြုလုပ်ရ၏။ ရေမဝပ်ရန် ရေထုတ်မြောင်းများ လည်း ပြုလုပ်ပေးရ၏။ (ဃ)ရိတ်သိမ်းဆွတ်ခူးခြင်း-- အပွင့်များ အားလုံးပွင့်အောင် မစောင့်ဘဲ ၃ ပုံ ၂ ပုံ ပွင့်လျှင် ဆွတ်ခူးရ၏။ ပွင့်ခါစ ပန်းပွင့်သည် ပိုမို၍ အာနိသင် ထက်မြက်သဖြင့် အစေ့များ မရင့်မီ အပွင့်များကို ဆွတ်ခူးရသည်။ အပွင့်များ ဆွတ်ခူးရာ၌ ၂ ပတ် ၊ ၃ ပတ်ခြား၍ ခူးပေးရသည်။ ဆောင်းနှင့်နွေ မျိုးစေ့များသည် မိုးရာသီတွင်ရသည့် မျိုးစေ့ထက် ပို၍ ကောင်း၏။ (င)ထုတ်လုပ်ခြင်း--ဆွတ်ခူးပြီး အပွင့်များကို နေရောင်ခြည်ရသော ဒေသများ၌ အရိပ်ထဲတွင် နေ့အခါ၌ ဖြန့်၍ လေဖြင့် အခြောက်ခံပြီး နေရောင်ခြည်မရသော ဒေသများ၌ ဆေးပေါင်းဖိုကဲ့သို့ အပူငွေ့ပေး၍ ခြောက်သွေ့စေသော နည်းကိုသုံးကာ အခြောက်ခံ ထုတ်လုပ်သည်။ အပွင့်များကို ခြောက်၍ ကျွတ်သွားသည် အထိ အခြောက်မခံ သင့်ပေ။ လက်နှင့် ဆုပ်ကြည့်လျှင် ကျိုးမသွားဘဲ စေးကပ်ကပ်နေသော အခြေအနေတွင် ပလတ်စတစ်အိတ် ထဲသို့ထည့်၍ ခြောက်သွေ့သော နေရာ၌ သိုလှောင်ထားရမည်။ အသုံးဝင်ပုံ : အာနိသင်--မြန်မာဆေးကျမ်းများ အလိုအရ စပ်သောအရသာ ရှိ၍ အေးသော သတ္တိရှိ၏။ ထက်မြက်၏။ သွေး၊ လေ၊ သည်းခြေ တို့ကို နိုင်၏။ ဝမ်းမီးကို တောက်စေ၏။ ၀ဖြိုးစေ၏။ ချုပ်၏။ နှလုံးကို အကျိုးပြု၏။ အသုံးပြုပုံ- အရွက်-- ၁။အရွက်ကို ငရုတ်ကောင်းနှင့် ရောကြိတ်သောက်သော် ဆီးအောင့်ရောဂါ ပျောက်၏။ ၂။ ပါးစပ်ကွဲ၊ ညောင်းကျ၊ သွေးအန် သွေးကျရောဂါ တို့ကို ကုသရာ၌ အသုံးပြု၏။ အပွင့်နှင့် ပဉ္စငါးပါး-- ၁။ခြင်ဆေး၊ ပိုးသတ်ဆေး အဖြစ် အသုံးပြု၏။ ၂။ အပွင့်မှ ထုတ်ယူရရှိသော ဆေးရည်သည် သွေးလွန်တုပ်ကွေး ရောဂါကို ဖြစ်စေတတ်သည့် ခြင်များကို အထိရောက်ဆုံး နှိမ်နင်းနိုင်ကြောင်း သိရသည်။ [1]

ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=127%5Bလင့်ခ်သေ%5D
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.