ဆွမ်းဦးပုညရှင် (စစ်ကိုင်း)

စစ်ကိုင်းတောင်ရိုး ဒုတိယအမြင့်ဆုံး တောင်ထိပ်ဝယ် တည်ထားသော စေတီတော်မြတ်ကို ပင်းယခေတ် ဦးပုည မင်းတမန်တော်က တည်ထားကိုးကွယ်ခဲ့သည်ဟု ဆို၏။ ပင်းယ ဆိုသည်က ယင်းမတိုင်မှီ တိုင်းကားပြည်ငယ် မင်းသူငယ်တို့ စိုးစံခဲ့ဘူး သည့်ကာလတစ်ခု အင်း၀ခေတ်မတိုင်မီ သမယကို ခေါ်ကြ၏။ စေတီအမြင့်သည် ၂၉ မီတာ အပေါ် ဆင့်တင်ထားတော်မူ သည်က ၈ မီတာအမြင့် ထီးတော်ရှိတော်မူ ပေသည်။ စေတီမဟာတွင် မူလတစောင်း တခုတည်ရှိ တော်မူသည်က လှပသော စမုတပလ္လင် တစ်ခုဖြစ်၍ ယင်းရှေ့တွင်မူ ကြီးမားသော ဘားတကာ ကြေးသွန်းဆောင်လျက် ယင်းအောက်တွင်မူ ဘီးအသွင်ဖြင့် အလှူခံပုံ များတည်ထားပါသည်။

ဆွမ်းဦးပုညရှင်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်21.901691°N 95.992302°E / 21.901691; 95.992302
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံစစ်ကိုင်းတောင်စစ်ကိုင်းတိုင်းဒေသကြီး

သမိုင်းစဉ်လာ

သာသနာသက္ကရာဇ် ၁၇၈၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၆၇၄ခု တပေါင်းလပြည့်နေ့တွင် ဝိဇယပူရ ပင်းယမြို့နန်းကို စိုးစံတော်မူသော ဆင်ဖြူတစ်စီးရှင် သီဟသူမင်းကြီး၏ သေနာပတိဖြစ်သော မဟာပုည အမတ်ကြီးသည် နော်ရထာမင်းစော၏ ကွမ်းခွက်တော်နှိုက် ရွှေမှိုခုနှစ်ချက်စွဲ၍ဌာပနာတော်မူသော မွေတော်ခုနှစ်ဆူ တို့အနက် နှစ်ဆူသော ဓာတ်တော် မွေတော်တို့ကို ပန်းတိမ် ငစိန်သင်၏ လက်မှ တရားသဖြင့်ရခြင်းနှင့် များစွာသောဓာတ်တော် မွေတော်တို့ကို နတ်တို့ဆောင်ပို့၍ ရခြင်းများကြောင့် ကြည်ညိုစွာရကား စေတီတည်ရန် မြေအရပ်ကို ဓိဌာန်ရွေးချယ်သောအခါ ဇေယျာပူရတိုင်း စစ်ကိုင်းမြို့မြောက်၌‌ တောင်ပေါင်း(၃၀)ကျော်တို့ဖြင့်ဝန်းရံလျှက်ရှိသော ဥပစာ ငဖားမည်သော တောင်ထိပ်၌ ၊ဗုဒ္ဓကုၤရဘုရားအလောင်း ယုန်မင်းဖြစ်စဉ်က ကျင်လည်တော်မူဘူးသောအရပ်သို့ ဓာတ်မွေတော်တို့ အစဉ်သဖြင့်ကြွ၍ ကိန်းဝပ်ရာဖြစ်သော ထိုအရပ်ဝယ် ခမ်းနားကြီးကျယ်စွာ ဌာပနာ၍ ပုညအမတ်စေတီ တည်ထားကိုးကွယ်သည်ကို ပုညစေတီဟုတွင်သတည်းဟု စေတီယပကာသနီ ကျမ်းတွင် ဖော်ပြထားခဲ့ပါသည်။

ဘိုးဝဇီယမှတ်တမ်းတွင် ပုညအမတ်သည် မွေတော်နှစ်ဆူကို ပတ္တမြားကြုတ်နှင့်တကွ ရွှေလင်ပန်းထက်တင်၍ သင်ပုတ်ပြင်ပြိးလျှင် ဆီမီးတန်ဆောင် ပန်းပေါက်ပေါက်တို့ဖြင့် ထက်ဝန်းကျင် ပူဇော် ပသကာပြု၍

"ရှင်တော်ဘုရား..လူနတ်ဗြဟ္မာ ရဟန်းသံဃာတို့ ပူဇော်ပသကာ ပြုအံ့သောအရပ်တွင် သင်ပုတ်တင်အံ့။ ရွှေလင်ပန်းနှင့်တကွ တည်မိသော "ဟု သစ္စာအဓိဌာန်ပြုပြီး ခြေမြန်ကုလားတစ်ယောက်ကို ခေါ်၍ ခေါင်းထက်တင်ရွက်စေပြီးသော်
"အမောင်..တောင်ဖီလာ၊လေးကျွန်းဆီမီးတောင်က တက်၍ တောင်ထိပ်တပြင်တွင် တင်ချင်စိတ်ရှိသည့် အရပ်၌ ဤရွှေလင်ပန်းနှင့် သင်ပုတ်ကို မသွန်ဘဲ ထားခဲ့တော့"ဟုမှာထား၍ ပို့စေခဲ့သည်။

ခြေမြန်ကုလားလည်း အမတ်ပုညမှာသည့်အတိုင်း တောင်ဖီလာ၊ လေးကျွန်းဆီမီးတောင်ကတက်၍ တောင်ရိုးတောာင်စဉ်တလျှောက် လျှောက် ၍ သွားသော် မည်သည့်ဌာနတွင်မှ မတင်ချင် ၊ယခုပုညရှင် စေတီမြတ်တည်ရာ ငဖားတောင်ထိပ်ရောက်မှ သီရိဓမ္မာ သောကစေတီဟောင်းတစ်ဆူနှင့် ပတူးသင်္ဃရာဇာတည်ထားသော စေတီတစ်ဆူ ၎င်းနှစ်ဆူကြားတွင် ရွှေလင်ပန်းတင်ထားပြီး ပြန်လာခံဲ့လေသည် ။

အမတ်ပုညလည်း သီရိဓမ္မာသောကစေတီတော်နှင့် ပတူသင်္ဃရာဇာကောင်းမှုစေတီဟောင်း နှစ်ဆူ ကို ငုံပြီးလျျှင် စေတီတည်လေ၏ဟု ဖော်ပြထားပါသည်။

မိုးတားဝန်ထောက်မင်း၏ စစ်ကိုင်းဘုရားစဉ် သမိုင်းချုပ်တွင် ပုညရှင်စေတီတော်၏ အတိုင်းတာဖော်ပြရာ၌ ဖိနက်တော် (၄၂)တောင်(၂)မိုက်၊ဉာဏ်တော်အတောင်(၄၀)နှင့် (၁)မိုက်ဟုဖော်ပြထားပါသည်။ ယခုတိုင်းတာရရှိသည့် ပုညရှင်စေတိတော်အတိုင်းတာမှာ ဖိနက်ခင်း(၆၂)ပေ(၄၁)တောင်တစ်မိုက်၊ဉာဏ်တော်(၁၃၃)ပေ(၈၈တောင်၂မိုက်)ထီးတော်အမြင့်မှာ (၂၅ပေ ၁၀လက္မ)ရှိပါသည်ဟု ၁၃၂၂-ခုကရွှေကိုင်းသားရေးသားပြုစုသည့် ဆွမ်းဦးပုညရှင်စေတီတော် သမိုင်းစာမျက်နှာ ၅၉တွင် ရေးသားဖော်ပြထားပါသည်။

မူလရှိနှင့်ပြီးသော သီရိဓမ္မာသောကမင်း၏ စေတီဟောင်းဆိုသည်မှာ ဥတ္တမစက္ကန္ဒဓဇမဟာဓမ္မရာဇာဂုရုဘွဲ့ရ မိတ္ထီလာဆရာတော်က ယောမြို့ရှိ ရွှေမုဌောစေတီကို ထောက်ထားပြု၍ ဉာဏ်တော် (၂)တောင် တစ်ထွာခန့်မျှ ဂွမ်းဝါဖတ်သော ဝါးဖက်ခြင်းလုံးခန့်သာရှိပြီး အထုူးသင်္ဃရာဇာကောင်းမှု စေတီဟောင်းကလည်း များစွာ မကြီးတန်ရာ၊ သို့မှသာ ပုညအမတ်က ထိုစေတီ ဟောင်းနှစ်ခုလုံးကို ငုံမိအောင် စေတီတည်နိုင်ပေမည်ဟု ရေးသားထားကြောင်းတွေ့ရှိရပါသည်။

စေတီယကထာ..စာ၈၄တွင်"စစ်ကိုင်းဂန္ဓမာဒနတောင်ထိပ်၌ သီရိဓမ္မာသောကစေတီတစ်ဆူ

ပုညအမတ်ကောင်းမှုတစ်ဆူ ပတူသင်္ဃရာဇာကောင်းမှုတစ်ဆူ

ဤသုံးဆူသောစေတီကို

တစ်ဆူထဲစု၍ အနုရုဒ္ဓါမဟာဓိပတိခံသော

အသင်္ခယာစောယွန်းတည်သော စေတီတော်၌ "ဟုရေးသားထားချက်အရ အသင်္ခယာစောယွန်းမင်းကစေတီငယ်သုံးဆူကိုငုံ၍ ပုညရှင်စေတီကြီးကိုတည်ခဲ့သည်ဆိုခြင်းကပိုမိုလျှော်ကန်လှသည်ဟု ထင်မြင်မိပါသည်။

ဤစေတီတော်ကြီးကို သက္ကရာဇ် ၉၂၀ ပြည့်နှစ်တွင် ဟံသာဝတီဆင်ဖြူရှင် မင်းကလည်းကောင်း မင်းရဲကျော်စွာ

လက်ထက်သက္ကရာဇ် ၉၄၉ခုနှစ် ၊ ပုညရှင်စေတီကို ရွှေထီးတင်၍ ရွှေဇရက်ဆောက်၏။

ကျွန်၂၅၀လူပြီး ကျောက်စာစိုက်ခဲ့၏။ ဗဟိုစည် ခေါင်းလောင်းစသည်တို့လှူဒါန်း၏။

သက္ကရာဇ် ၉၆၄ခုနှစ် ဟံသာဝတီဆင်ဖြူရှင်သားတော်

ဥတ္တမရာဇ်သည် ပုညရှင်စေတီ ရှေးကောင်းမှု ပြိုပျက်သမျှ

ပြင်ဆင်၍ ရွှေထီးတင်လှူခဲ့၏။

ရွှေချ၏ ဇရက်ဆောက်၏ သက္ကရာဇ်၉၆၇ခုနှစ် အနောက်ဘက်လွန်မင်း ပုညရှင်အနောက်ထောင့် တောင်ရံခြေရင်း၌ လှိုဏ် ၂ ဆင့် ၊စြင်္ကန်နှင့်တကွသော ရွှေဥမင်ကျေင်းတော်ကိုပြု၏။ ပုညရှင်ဘုရားကိုလဲ ရွှေလုံးတော်ပြည့်ထည့်တော်မူ၏။ (စေတီယကထာမှ)၊သက္ကရာဇ် ၁၀၀၂ခုနှစ်တွင် သာလွန်မင်းကလည်းကောင်း၊ သက္ကရာဇ်

၁၁၃၅ခုနှစ်တွင် ကုန်းဘောင်ဆင်ဖြူရှင်မင်းကလည်းကောင်း သက္ကရာဇ် ၁၁၄၇ခုနှစ်တွင် ဘိုးတော်ဘုရားကလည်းကောင်း

အသီးသီးပြင်ဆင်ပူဇော်ခဲ့ကြသည်။သက္ကရာဇ်၁၃၁၈ခုနှစ် ဝါဆိုလဆန်း ၉ရက်နေ့ ငလျင်ဒဏ်ကြောင့် ပျက်ဆီးမှုများကို ငလျင်ဘေးလှူဒါန်းငွေကို မ တည်၍ အများပြည်သူတို့ ထည့်ဝင်လှူဒါန်းငွေများဖြင့် ပြန်လည်ပြုပြင်ခဲ့ရပါသည်။ ယခုအခါ အများပြည်သူတို့၏ ထည့်ဝင်လှူဒါန်းငွေများဖြင့်

ဂေါပကအဖွဲ့မှ ဦးစီးဆောင်ရွက်ခဲ့ကြရာ ထူးခြားစွာတိုးတက်လာပြီး ပြည်တွင်းဘုရားဖူးဧည့်သည်များ အပြင်ကမ္ဘာလှည့်ဘုရားဖူးအဖွဲ့များဖြင့် အမြဲမပျက်စည်ကားလျှက်ရှိပေသည်။

စေတီတော်ကြီး၏ ပွဲတော်ရက်မှာ နှစ်စဉ် ဝါဆိုလပြည့်နေ့ဖြစ်ပြီး ဝါဆိုလဆန်း ၁၄ရက်မှစ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများသည် မိမိနှင့်ပက်သက်ရာ ဘုန်းတော်ကြီးကျောင်းများတွင် တည်းခို၍ ချိုချဉ်ရသာများ ဆက်ကပ်ကြပြီး စစ်ကိုင်းတောင်ရိုးတစ် လျောက် ဘုရားဖူးလည်ပက်ကြသူများဖြင့် စည်ကားလှပါသည်။

စစ်ကိုင်းမြို့တွင့်မှ ဆွမ်းတော်ကြီးဝတ်အသင်း များကလည်း ပုညရှင်ဘုရားကြီးသို့ လ္ဆန်း(၁၄)ရက်နေ့ ညနေအရောက်လာကြပြီး လပြည့်နေ့နံနက် အရုဏ်တက်ချိန်တွင် ဆွမ်းကပ်လှူဒါန်းပြီး မဂ်လမ်းကိုဆုပန်နေကြသော တရားဓမ္မသံများကလည်း စစ်ကိုင်းတောင်တစ်ခုလုံး ဖုံးအုပ်သာယာ ကြည်နူးစရာကောင်းလှပါသည်။

ဤယဉ်ကျေးမှုအစဉ်လာကို နှစ်ပေါင်းနှစ်ရာကျော်အောင် စဉ်ဆက်မပျက် ထိန်းသိမ်းခဲ့ကြသော ဇေယျာသူ ဇေယျာသားတို့၏ သဒ္ဓါတရားကိုလည်း လေးစားထိုက်လှပါပေသည်။

ထိုကဲ့သို့သော ဝါတွင်းကာလ၏ အစဦးဆုံးဥပုဓ်နေ့ဖြစ်သည့်ဝါဆိုလပြည့်နေ့တွင် ပထမဦးဆုံး ဆွမ်းကပ်လှူရသော ဘုရားဖြစ်၍ #ဆွမ်းဦးပုညရှင်စေတီ ဟုခေါ်ဆိုကြပေသည်ဟု

သဗြူးမြသောင်း၏ စစ်ကိုင်းတောင်၊ မင်းဝံတောင်ဘုရားများစာမျက်နှာ ၄၆တွင် ဖော်ပြထားပါသည်။

ရှေးယခင် အင်းဝခေတ် အင်းဝမင်းများလက်ထက်တွင် သီတင်းကျွတ်လ္ဆန်း ၁၄ရက် ၁၅ ရက်၊လဆုတ်၁ရက်၊ ပေါင်းသုံးရက်တွင် ပုညရှင်စေတီတော်၌ ဆီမီးခွပ်ထွန်း ပြသာဒ်မီးခွပ်၁၀၀ မီးဇာစုံနှင့် ဆီ ၃ ပိဿာ ၊မီးထွန်းကြပ် သွေးသောက်စုမြင်းတော်သည် ရွှေပန်းပန်၂ယောက်ဆီခန့်၍ ဆီမီးပူဇော်ပွဲကျင်းပပြီး ရဟန်းသံဃာများအား ကန်တော့ပူဇော်ခြင်း၊ ဆွမ်းကပ်လှူဒါန်းခြင်းများကျင်းပမြဲဖြစ်သည်ဟု အင်းဝသာသနာဝင် စာ -၂၂၈ တွင်ဖော်ပြထားပါသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.