ဇီဝက
ဇီဝကသည် ဂေါတမမြတ်စွာဘုရားသခင် လက်ထက် ထင်ရှားကျော်စောသော သမားတော်ကြီး ဖြစ်သည်။ ရာဇဂြိုဟ်ပြည်တွင် တိုင်းပြည်သာယာစေရန် သာလဝတီမည်သော အဆင်းအင်္ဂါနှင့် ပြည့်စုံသည့် အမျိုးသမီးကို ပြည့်တန်ဆာပြု၍ထား၏။ ဇီဝကသည် ထိုပြည့်တန်ဆာမသားဖြစ်၏။ ပြည့်တန်ဆာမသာလဝတီထံ ဗိမ္ဗိသာရမင်းကြီး၏သားတော် အဘယမင်းသား ဝင်ထွက် ပျော်ပါးရာမှ ဇီဝကကို သန္ဓေတည်သည်ဟု ဇိနတ္ထပကာသနီကျမ်းကဆိုသည်။ ဖွားမြင်သောအခါ အမိပြည့်တန်ဆာမသည် သားငယ်ကို မြို့ပြင်တွင်စွန့်ပစ်၏။ ယင်းသို့စွန့်ပစ်ခံရသော သူငယ်ကို အဘယမင်းသားပင်တွေ့ရှိ၍ ကောက်ယူကျွေးမွေး၏။တွေ့ရှိစဉ်က 'အသက်ရှိသေးသလော'ဟု မေးဘူးသည်ကို စွဲ၍၊ 'ဇီဝက'ဟုအမည်တွင်သည်၏။ အဘယမင်းသားက ကောက်ယူ ကျွေးမွေးခြင်းကြောင့်လည်း 'ကောမာရဘစ္စ'ဟု တွင်သေးသည်။
ဇီဝကသည် အရွယ်သို့ရောက်သော် မိမိ၏အဖြစ်မှန်ကို သိရှိ၍၊ အဘယမင်းသားထံ ခွင့်မပန်ဘဲ၊ တက္ကသိုလ်ပြည်သို့ သွားရောက်၍ ဆေးအတတ်ကိုသင်ယူသည်။ ဇီဝကသည် နောင်အခါတွင် ဘုရားရှင်၏အလုပ်အကျွေးဖြစ်အံ့သည်သိ၍၊ သိကြားမင်းသည် ဒိသာပါမေက္ခဆရာ၏ ကိုယ်တွင်ကပ်မှီ၍ အတတ်ကို သင်လာ၏။ သူတစ်ပါးတို့ ၁၆ နှစ်တိုင်တိုင် သင်ရသော အတတ်ကို ဇီဝကသည် ၇ လဖြင့် ကုန်စင်အောင်တတ်၏။ ဆေးအတတ်ပညာကို သင်ကြားတတ်မြောက်ပြီးသောအခါ၊ ဇီဝကသည် ကံကုန်သောအနာမှတပါး ကြွင်းသမျှသော အနာရောဂါတို့ကို တစ်ကြိမ်ဆေးပေးကာမျှဖြင့် ပျောက်ကင်းစေနိုင်သည်။ ထို့အတွက် ဒိသာပါမောက္ခဆရာ၏ ခွင့်ပြုချက်အရ ရာဇဂြိုဟ်ပြည်သို့ ပြန်လာရာ၊ လမ်းခရီးတွင် ဇီဝကသည် သာကေတပြည် သူဌေးကတော်တစ်ဦး၏ ဦးယဉ်းခေါင်းခဲနာကို ကုသ၍ ပျောက်ကင်းစေသဖြင့် ဆုလာဘ်များစွာရ၏။ ရာဇဂြိုဟ်ပြည်ရောက်သည်တွင် အဘယမင်းသားထံတွင်ပင်နေ၏။ ထိုအချိန်တွင် ဗိမ္မိသာရမင်းကြီးတွင် စွဲကပ်လျက်ရှိသော မြင်းသရိုက်နာကို တစ်ကြိမ်ဆေးပေးကာမျှနှင့် ပျောက်ကင်းစေ၏။ မင်းကြီးက ဆေးဖိုးအဖြစ် ဆုလာဘ်များစွာပေးရာ၊ ဇီဝက က ငြင်းပယ်သည်။ မင်းကြီးသည် 'ဇီဝက၊ ငါ့ကိုလည်းကောင်း၊ မောင်းမ မိဿံတို့ကိုလည်းကောင်း၊ ဘုရားအမှူးရှိသော သံဃာတော်တို့ကိုလညကောင်း ဆေးဖြင့် ကုသလုပ်ကျွေးလော့'ဟု အမိန့်ရှိသည်။ ဇီဝကလည်း ကောင်းပြီဟု ဝန်ခံသည်။
ရာဇဂြိုဟ်ပြည်၏ မြောက်မျက်နှာနေ မဟာသာလသူဌေး သည် ၇ နှစ်တိုင်တိုင် ဦးယဉ်းခေါင်းခဲနာ စွဲကပ်လျက်ရှိရာ၊ ဆရာဇီဝကသည် သူဌေးကြီးအား နှာဖြင့်အိပ်ပျော်စေပြီးလျှင် ဦးခေါင်းကိုဓားဖြင့်ခွဲ၍၊ ဦးနှောက်ကို စားလျက်ရှိသော ပိုး ၂ ကောင်ကို ထုတ်ယူခြင်းဖြင့် ပျောက်ကင်းစေ၏။ ထိုနောက် ဗရာဏသီပြည်ရှိ သူဌေးသားတစ်ယောက်၏ အူထုံးသော ရောဂါကို ဇီဝကသည် မူးမေ့စေသော ဆေးကိုပေးပြီးမှ ဝမ်းကို ဖောက်ခွဲ၍ အူထုံးကို ဖြေလေသည်။
ထို့ပြင် စမ္ပာနဂိုရ်ပြည်ကိုအစိုးရသော စန္ဒပဇ္ဇောတမင်းသည် မစားမသောက်နိုင်၊ ဖျော့တော့သောဝေဒနာ စွဲကပ်လေရာ၊ ဇီဝက ကုသ၍ ပျောက်ကင်း၏။ ထိုမင်းက သိဝိရာဇ်တိုင်းဖြစ် အဖိုးများစွာထိုက်တန်သော ပုဆိုးတစ်စုံကို ဇီဝကအားပေး၏။ ဇီဝက လည်း ကောင်းစွာသိမ်းဆည်းထား၏။
တခါသော်၊ ဘုရားရှင်သည် ကိုယ်တော်၌ ခက်တရော်ထူပြောသော ဒေါသရှိရကား၊ အာနန္ဒာကိုခေါ်၍ ဝမ်းလျှောဆေး သုံးတော်မူလိုကြောင်းမိန့်၏။ ရှင်အာနန္ဒာလည်း ဇီဝကထံသို့ကြွ၍ 'အချင်းဇီဝက လောကသနင်းသည် စမြင်းဒေါသထူပြော သည်ဖြစ်၍ ဝမ်းလျှောဆေး သုံးတော်မူလိုသည်'ဟု ဆိုသည်တွင် ဇီဝကလည်း ကြာသုံးလက်တွင် အထူးထူးသော ဆေးကို ထုံစေ ပြီးလျှင်၊ ဘုရားရှင်အားကပ်၏။ ထိုကြာသုံးလက်ကို နမ်းတော်မူခြင်းဖြင့် ဝမ်းလျှောစေ၏။
ဘုရားရှင်သည် ဝေဒနာမှသက်သာလာသောအခါ၊ သောဏ သူဌေး၏ ဆွမ်းကို ဘုဉ်းပေးတော်မူ၏။ ဘုရားရှင် ဆွမ်းဘုဉ်း ပေးပြီးသောအခါ၊ ဇီဝကသည် သိဝိရာဇ်တိုင်းဖြစ် ပုဆိုးတစ်စုံကို ဘုရားရှင်အားကပ်ပြီးလျှင် 'အရှင်ဘုရား၊ ဤပုဆိုးအစုံပါတည်း။ ဤပုဆိုးအစုံကိုလည်း ဝတ်ရုံသုံးဆောင်ရန် အလှူခံတော်မူပါ။ တပည့်သံဃာတို့မှာလည်း ပံ့သကူသင်္ကန်းကိုသာ ဆောင်ကြရ၍ နွမ်းနယ်လှပါသည်။ ဒါယကာတို့ ကုသိုလ် ဖြစ်စိမ့်သောငှာ ခွင့်ပြုတော်မူပါ'ဟု လျှောက်၏။ ဘုရားရှင်သည် ဇီဝကလှူသော ပုဆိုးအစုံကိုလည်း ခံတော်မူ၏။ တပည့်သား သံဃာတော်တို့အားလည်း ဇီဝကလျှောက်ထားချက်အတိုင်း ဂဟပတိစီဝရကို ခွင့်ပြုတော်မူလေသည်။
ဆရာဇီဝကသည် ဆေးကုခြင်းအရာ၌ အလွန်ကျော်စောသဖြင့် မအားမလပ်နိုင်အောင်ရှိသည်။ သို့သော် ဘုရားရှင်နှင့် သံဃာတော်တို့အား ပြုမြဲသောဝတ်ကို မပျက်ခဲ့ချေ။ ဆရာဇီဝကထံ ဆေးဝါးကုသလိုသော်လည်း၊ ဆေးဖိုးကြေးငွေမတတ်နိုင်သော သူတို့သည် ဆေးကုသခံလိုမှုကြောင့် သာသနာ့ဘောင်သို့ ဝင်၍ ရဟန်းပြုကြသည်။ ထိုသို့ဆေးကုသခံလိုမှု သက်သက်ကြောင့် သာသနာ့ဘောင်သို့ဝင်ကြသည်ကို ဇီဝကသိရှိသည်တွင် အနာကြီးငါးမျိုးစွဲကပ်သူတို့အား ရဟန်းပြုခြင်းမှ တားမြစ်ပေးရန် ဘုရားရှင်အားလျှောက်ထား၏။ ဘုရားရှင်လည်း ပညတ်တော်မူ၏။
ဘုရားရှင်၏ တပည့်သားအပေါင်းတွင် ဇီဝကသည် လူချစ်လူခင် အပေါများဆုံး၊ ကြည်ညိုသူ အများဆုံးဖြစ်သဖြင့် 'ကုလပ္ပသာဒက'တည်းဟူသော ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းရလေသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)