ဈေး

ဈေးဆိုသည်မှာ စားသုံးကုန်ပစ္စည်းအမျိုးမျိုးကို ရောင်းဝယ် ဖောက်ကားရာဌာန ဖြစ်သည်။ ရှေးအခါက ဈေးကို နေရာ အတည်တကျ သတ်မှတ်ထားခြင်းမရှိချေ။ ထိုအခါက လမ်းပန်း အဆက်အသွယ် သယ်ယူပို့ဆောင်ရေးမှာ မလွယ်ကူသေးသည့် အလျောက်၊ တည်ခင်းရောင်းချသော ဈေးဟူ၍လည်း မရှိခဲ့ချေ။ ကုန်ရောင်းလိုသူတစ်ဦးအဖို့ မိမိ၏ကုန်စည်များကို တစ် နေရာတည်းတွင်ထား၍ ရောင်းချသောအခါ၊ မိမိအတွက်လည်း သက်သာ၊ ကုန်ဝယ်လိုသူအဖို့လည်း လိုက်လံရှာဖွေ၍ မနေရဘဲ၊ အလွယ်တကူ လာရောက်ဝယ် ယူနိုင်သည်ကိုတွေ့ရ၏။ ဤ နည်းနှင်နှင်ပင် အခြားကုန်သည်များကလည်း ထိုသူ၏ အနီး တွင် တည်ခင်းရောင်းချ၏။ ဤသို့အားဖြင့် ရောင်းသူဝယ်သူ များပြားလာပြီးလျှင် ထိုနေရာသည် ဈေးဖြစ်လာတော့၏။

လမ်းဘေးဈေး
စင်္ကာပူနိုင်ငံရှိ သားငါးစျေးတစ်ခုဖြစ်သည်။
ရန်ကုန်မြို့တွင် တည်ရှိသော ဗိုလ်ချုပ်အောင်ဆန်းစျေးဖြစ်သည်။
ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း(အပေါ်ဘလောက်)ရှိ ၃၈ လမ်းပျံကျစျေးဟုအမည်ရသော လမ်းဘေးစျေး မြင်ကွင်းဖြစ်သည်။

ဤကဲ့သို့ဖြစ်ပေါ်လာသောဈေးမှာ အမြဲတမ်း မဟုတ်သေး ချေ။ ရာသီအလိုက်ပေါ်သော စပါး၊ နှမ်း၊ ပြောင်း၊ ဆီ၊ ဆေး စသည်တို့မှာ သိုမှီးထားရှိနိုင်သော ကုန်ပစ္စည်းများဖြစ်သော ကြောင့် တစ်နှစ်လျှင် တစ်ကြိမ်ဖြစ်စေ၊ နှစ်ကြိမ်ဖြစ်စေ အရောင်းအဝယ်ပြုကြသည့်အားလျော်စွာ ထိုဈေးများမှာ ရောင်း ဝယ်ချိန် လွန်မြောက်ပါက ဈေးအဖြစ် ဆက်လက်၍မတည်ရှိ တော့ချေ။ သို့သော် သိုလှောင်သိမ်းဆည်း၍ မထားနိုင်သော နေ့စဉ်သုံး စားနပ်ရိက္ခာများအတွက် နေ့စဉ်ရောင်းချရန် ဈေးလို ၏။ လူနေမှုစနစ် တရွေ့ရွေ့ပြောင်းလဲလာသည့်အလျောက်၊ ရောင်းဝယ်ဖောက်ကားမှုစနစ်သည်လည်း ရှေးကနှင့်မတူဘဲ ကွဲပြားလာလေသည်။ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ ဆောင်ရေးများမှာလည်း ရှေးကထက် ပိုမိုလျင်မြန် တိုးတက် လာလေရာ၊ ရာသီအခါမရွေး ဖွင့်လှစ်ထားရှိသော ဈေးများ ပေါ်ပေါက်လာရပေသည်။

ကူးသန်းသွားလာရေး ခက်ခဲသော အချို့ဒေသများတွင် မူကား၊ ၅ ရက်တစ်ကြိမ်၊ ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် ရောင်းချကြသည့် ယာယီဈေးများရှိသေး၏။ ရေကြောင်းခရီး လမ်းသာရှိသော တောလက်ကျေးရွာများ၌ မူကား လှေသမ္ဗာန် သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းသည်ပင် ဈေးဖြစ်တော့၏။ အချို့သော ရွာကလေးများမှာ အိမ်တွင်ပင် ဆိုင်ဖွင့်ထား၏။ အချို့ဈေးများမှာ အမိုးအကာဟူ၍ မရှိဘဲ၊ လမ်းဘေးတစ်ဖက် တစ်ချက်၌ နံနက်ပိုင်းတွင်သာဖြစ်စေ၊ ညနေပိုင်းတွင်သာဖြစ်စေ၊ တည်ခင်းရောင်းချသော ယာယီဈေးမျှဖြစ်ကြသည်။ အမြဲတမ်း ဈေးမှာမူ၊ မိုးကာထားသော ဆိုင်တန်းများရှိ၏။ ကုန်ပစ္စည်း အမျိုးမျိုးကို ရောထွေး၍မထားဘဲ၊ ကုန်တစ်မျိုးတည်းသာ သီးသန့်ရောင်းချသည့် ဈေးရုံများ ထားရှိ၏။

ဈေးသည် မြို့၏အင်္ဂါရပ်များတွင် အပါအဝင်ဖြစ်ပေသည်။ မြို့တိုင်းတွင်ဈေးရှိသည်။ မြို့အကျယ်အဝန်းကိုလိုက်၍ ဈေး တစ်ခု သို့မဟုတ် နှစ်ခု သုံးခု ရှိတတ်သည်။ ဈေးသည်များ သောအားဖြင့် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့ပိုင်ဖြစ်၏။ ပုဂ္ဂလိက ပိုင်ဈေးများမှာ အနည်းအကျဉ်းမျှသာရှိပေသည်။

စျေးခေါင်း

ဈေးကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားသော စည်းကမ်း ဥပဒေများနှင့်အညီ အုပ်ချုပ်ရသည်။ ဈေးအုပ်ချုပ်ရေးအတွက် ဈေးခေါင်းတစ်ဦး ထားရှိရသည်။ ဈေးအတွင်း သန့်ရှင်းရေး၊ ဈေးဆိုင်များလုံခြုံရေး၊ ဈေးအတွင်းရှိ ဆိုင်များပေါ်တွင် အခွန် အခ များကောက်ခံရေး စသည်တို့ကို ဈေးခေါင်းကတာဝန်ယူ၍ ခန့်ခွဲစီမံရလေသည်။

ကုန်စည်ပြပွဲကြီးများ

ယင်းသို့ရောင်းဝယ်သူတို့ လွယ်ကူစွာ ရောင်းဝယ်နိုင်မှု အတွက် အတည်တကျ သတ်မှတ်ကာရောင်းဝယ် လာကြသည့် ဈေးများဖြစ်ပေါ်လာပြီးနောက်၊ ကုန်သည်တို့က ဖန်တီးယူသော ဈေးများလည်း ပေါ်ပေါက်ခဲ့၏။ ထိုကုန်သည်တို့က ဖန်တီး သည့် ဈေးများမှာ ကုန်စည်ပြပွဲကြီးများပင် ဖြစ်သည်။ ယင်းသို့ ကုန်စည်ပြပွဲကြီးများကို ဖန်တီးခြင်းဖြင့် ကမ္ဘာ့အရပ်ရပ် ဒေသ အသီးသီးတို့မှ လူအများသည် ထိုပြပွဲတို့သို့လာရောက်ကြည့်လို စိတ်များပွားများလာခြင်း၊ လာရောက်ကြည့်သူများမှတစ်ဆင့် ကုန်ပစ္စည်းများကို ကြော်ငြာပြီးဖြစ်ခြင်းနှင့် ကုန်အရောင်းရ တွင်ကျယ်ခြင်း စသည့်အကျိုးသက်ရောက်မှုများရှိခဲ့လေသည်။ အထူးသဖြင့် ကုန်စည်ပြပွဲပြုလုပ်သောမြို့၏ ရောင်းဝယ်မှု တိုးတက်ခြင်းကား ယုံမှားဘွယ်မရှိချေ။ ၁၈၅၁ခုနှစ်၌ အင်္ဂလန် ပြည် လန်ဒန်မြို့ရှိ ဟိုက်ပတ်တွင် ကုန်စည်ပြပွဲကြီးတစ်ခုကို ပြုလုပ်ခဲ့သည်။ ယင်းကုန်စည်ပြပွဲကို ဝိတိုရိယဘုရင်မကြီး၏ ကြင်ယာတော် အဲလဗတ်မင်းသားကြီး၏ အကြံပေးချက်အရ ကျင်းပခဲ့ခြင်းဖြစ်၏။ ထိုပြပွဲတွင် ကုန်ကြမ်းများ၊ စက်မှုပစ္စည်း များ၊ လူသုံးကုန်ပစ္စည်းများ၊ အနုပညာမြောက်သည့်ပစ္စည်းများ ဟူ၍ အပိုင်းကြီး ၄ ပိုင်းခွဲကာ ပြသထား၏။ ယင်းသို့ဖန်တီး လိုက်သော ဈေးသို့ ကမ္ဘာအရပ်ရပ်မှ လာရောက်ကြည့်ရှုကြလေ သည်။ ထိုသူတို့မှတစ်ဆင့် ကမ္ဘာသို့ကြော်ငြာပေးလိုက်သကဲ့သို့ ဖြစ်ပေသည်။ ထိုပြပွဲ အကျိုးကျေးဇူးကြောင့် ၁၈၅ဝ ပြည့်နှစ် တွင် ပေါင် ရ၁ သန်း၊ ၁၈၅၃ ခုနှစ်တွင် ပေါင် ၉၉ သန်း အထိ တိုးတက်လာခဲ့လေသည်။

ဗြိတိန်နိုင်ငံ၏ ကုန်စည်ပြပွဲ အောင်မြင်အကျိုးများမှုကို သိရှိလာကြသော နိုင်ငံအသီးသီးတို့ကလည်း ထိုပြပွဲများကို ပြုလုပ်ရန် စိတ်ထက်သန်လာကြလေသည်။ ထိုကြောင့်ပင်လှျင် ဗြိတိန်နိုင်ငံ၌ ၁၈၅၁ ခုနှစ်တွင် ပြုလုပ်ခဲ့သော ပြပွဲကြီးမှာ ယခုခေတ်ကုန်စည်ပြပွဲကြီးများ ပေါ်ပေါက်လာရာတွင် တစ်ခု သောအဆင့်ဖြစ်သည် ဟုဆိုရပေမည်။ ကုန်စည်ပြပွဲကို ဒုတိယ ဖန်တီးသောနိုင်ငံမှာ ပြင်သစ်နိုင်ငံဖြစ်၏။ ၁၈၅၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရစ်မြို့၌ ပြပွဲကြီးတစ်ခုကို ပြုလုပ်ခဲ့လေသည်။ ထိုကုန်စည်ပြပွဲများ၏ အောင်မြင်မှုကြောင့် နောင်အခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကုန်စည်ပြပွဲများကိုကျင်းပကာ၊ မိမိတို့ တိုင်းပြည်ထွက်ကုန်ပစ္စည်းများကို အရောင်းရတွင်ကျယ်စေရန် ပါဝင်ပြသလာကြလေသည်။ အရှေ့တိုင်းပြည်များတွင် ထိုကုန် စည်ပြပွဲများကို ဘာသာရေးပွဲတော်အချိန်များ၌ ကျင်းပလေ့ရှိကြ သည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.