တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ

ပထမဆုံးကျောင်းသား “တကသ” ၏ ဥက္ကဋ္ဌ ကိုထွန်းစိန်
တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (၁၉၃၅-၁၉၃၆) ဥက္ကဋ္ဌ ကိုနု၊ ဒုတိယ ဥက္ကဋ္ဌ ကိုရာရှစ်
နယ်ချဲ့ ဆန့်ကျင်ရေး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ၁၉၄၆-၁၉၄၇ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်များအား ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အအုံရှေ့ မြက်ခင်းပြင်တွင် အတူတကွ တွေ့မြင်ရသော သမိုင်းဝင် ဓာတ်ပုံ ဖြစ်သည်။

သမဂ္ဂအဆောက်အဦ ဖြစ်ပေါ်လာခြင်း

၁၉၂၆ ခုနှစ်တွင် တက္ကသိုလ်အဓိပတိ ဆာ ဟာကုတ် ဘတ္တလာ (Sir Harcourt Butler) ၏ တိုက်တွန်းချက်အရ ဆန်စက်သူဌေး ဦးညိုက သမဂ္ဂအဆောက်အဦ တည်ဆောက်နိုင်ရန် ငွေ တသိန်း ခုနှစ်သောင်း လှူဒါန်းသည်။ ၁၉၂၇ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ဆာ ဟာကုတ် ဘတ္တလာက အုတ်မြစ်ချပေးသည်။ ၁၉၂၉ ခုနှစ်တွင် စတင်ဆောက်လုပ်ရာ ၁၉၃၀ ခုနှစ် အစောပိုင်းတွင် ပြီးသည်။

ကျောင်းအုပ်ကြီး မစ္စတာ စလော့ (D. J. Sloss) က အားကစားရုံအနီး မြက်ခင်းတွင် ဧည့်ခံပွဲလုပ်ကာ ဦ:ညိုအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းသည်။[1]

သမဂ္ဂအဖွဲ့ ဖွဲ့စည်းခြင်း

၁၉၃၀၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် အဆောင် ကျောင်းသားများ၊ နေ့ကျောင်းသားများ စုဝေး ညှိနှိုင်း ကြပြီး ကိုကျော်ခင်၊ ကိုတင့်ဆွေ၊ ကိုဘဂျမ်း တို့က တရား သူကြီး ဦးဘနှင့် တွေ့ဆုံပြီး သမဂ္ဂ စည်းမျည်း ရေးဆွဲရန် ကော်မတီ တခုကို ဖွဲ့စည်းခွင့် ရခဲ့ပေသည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျောင်းထု အစည်းအဝေးမှ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တခု ဖွဲ့စည်းရန် ဆုံးဖြတ် ကြသည်။ ၎င်းနောက် အောက်တိုဘာ ကျောင်းပိတ်ရက် အတွင်း သမဂ္ဂ စည်းမျည်း များကို ရေးဆွဲ ကြသည်။ နိုဝင်ဘာ လဆန်းတွင် ရေးဆွဲ ပြီးစီးပြီး၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် လက်မှတ် ရေးထိုး၍ ကျောင်းသား ထုထံ ချပြကာ မှတ်ချက်များ တောင်းခံ ခဲ့သည်။

၁၉၃၁ ခုနှစ် ဇန်နဝါရီ လတွင် ကျောင်းသားထု စည်းဝေး ပွဲကြီးမှ တညီတညွတ်တည်း သဘောတူ ဆုံးဖြတ် ကြပြီး၊ အမှုဆောင် ၉ ဦးဖြင့် စတင် ဖွဲ့စည်း ခဲ့သည်။ ယင်း အမှုဆောင် အဖွဲ့သည် သမဂ္ဂ အဆောက်အဦ ကိစ္စ အပြင် သမဂ္ဂ စည်းမျဉ်း ဥပဒေ ဆက်ရေးဆွဲ ရန်နှင့် ပတ်သက်၍ တက္ကသိုလ် အာဏာပိုင် များနှင့် စေ့စပ် ဆွေးနွေးရန် အခွင့် အာဏာ ရှိလာ ခဲ့သည်။ ၁၉၃၁ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် "ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)" ကို ဖွဲ့စည်း ခဲ့ကြသည်။[2]

သမဂ္ဂ၏ ရည်ရွယ်ချက်

၁။ လူမှု ဆက်ဆံရေး နယ်ပယ်၌ အစုအပေါင်းဖြင့် ကောင်းစွာ ဆောင်ရွက် နိုင်သော ဘဝကို ဖြစ်ထွန်း လာစေရန်။

၂။ မိမိကိုယ် မိမိ အားကိုး၍ လွတ်လပ်စွာ ဆောင်ရွက် နိုင်သော ဘဝကို ဖြစ်ထွန်း လာစေရန်။

၃။ တာဝန် ဝတ္တရား များကို သိတတ်သော စိတ်ဓာတ်များ ဖြစ်ပေါ် လာစေရန်။

ခေါင်းဆောင်များ

၁၉၃၁-ခုနှစ်တွင် ပထမဆုံး တကသဥက္ကဋ္ဌသည် ကိုထွန်းစိန် ဖြစ်ပြီး အတွင်းရေးမှူးမှာ မောင်ဗစိန် (နောင်-သခင်ဗစိန်) ဖြစ်သည်။ “တကသ”၏ နာမည် ပေါ်လွင်ထင်ရှားလာသည်မှာ ၁၉၃၆-ခုနှစ်၊ ဒုတိယ တက္ကသိုလ် ကျောင်းသား သပိတ်ကြီး အပြီးဖြစ်သည်။ ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်တို့နာမည်များနှင့်အတူ တကသ ယှဉ်တွဲပြီး ပေါ်လွင်လာခဲ့သည်။ ၁၉၃၈ -ခုနှစ်၊ ထောင့်သုံးရာပြည့်အရေးတော်ပုံကြီးအတွင်းမှာလဲ တကသ၏အခန်းသည် ‘ဗကသ’နှင့်အတူ ဂုဏ်ပြောင်စွာ ပါဝင်ခဲ့ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဗမာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသော တကသ ခေါင်းဆောင်များမှာ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုနု ၊ မြို့မ-ဦးသန်းကြွယ် ၊ အာဏာရှင် လှရွှေ တို့ဖြစ်သည်။ နယ်ချဲ့လက်အောက်ကနေ အမျိုးသား လွတ်လပ်ရေး လှုပ်ရှားမှု တိုက်ပွဲ အတွင်း “တကသ”၏ အခန်း ကဏ္ဍဟာ အရေးပါခဲ့သလို တကသ သမဂ္ဂအဆောက်အဦကြီး အတွင်း အရေးကြီး အစည်း အဝေး ကြီးများ သမိုင်းဝင် တွေ့ဆုံ ဆွေးနွေးမှုကြီးများ ကျင်းပနိုင်ခဲ့ပါသည်။ ဗမာပြည် နိုင်ငံရေးသမိုင်းမှာ ထင်ရှား လာကြမယ့် ခေါင်းဆောင် အများစုကြီးသည် တကသထွက်များ ဖြစ်ကြသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ထင်ရှားခဲ့ကြသော ကျောင်းသား ခေါင်းဆောင်၊ တကသ ခေါင်းဆောင်များမှာ ကိုစိုးသိန်း၊ ကိုဘကောင်း၊ ကိုယု၊ ကိုဗဆွေလေး၊ ကိုညိုဝင်း၊ ကိုလှရွှေ (ဘိုကလေး)၊ ကိုလှကြည် (ဘိုကလေး) စသည်တို့ ဖြစ်ကြသည်။ ရန်ကုန် တက္ကသိုလ် တကသ၏ နောက်ဆုံး တရားဝင် ဥက္ကဋ္ဌမှာ ကိုဗဆွေလေးဖြစ်သည်။

လှုပ်ရှားမှုများ

ဗမာပြည် လွတ်လပ်ရေးကြေညာနိုင်ပြီးနောက်ပိုင်း ဖဆပလ၊ အိမ်စောင့်၊ ပထစအစိုးရတွေရဲ့အုပ်စိုးမှု ကာလ တလျှောက်လုံး မှာလဲ ပြည်သူတွေ နဲ့အတူ ရပ်တည်ကာ တော်လှန်တဲ့ကျောင်းသားထုရဲ့သမိုင်းကို ဂုဏ်ရောင်ပြောင်စွာ ဆက်လက် သယ်ဆောင် နိုင်ခဲ့ကြပါတယ်။ ဗမာပြည်မှာ ‘တကသ’ ရွေးကောက်ပွဲများ ဟာ အသန့်ရှင်းဆုံး အလွတ်လပ်ဆုံး ဖြစ်ခဲ့ ပါတယ်။ အုပ်စိုးသူ အစိုးရ အဆက်ဆက် က ‘တကသ’ အတွင်းမှာ အစိုးရ အလိုတော်ရိ ကျောင်းသား ခေါင်းဆောင် များ ပေါ်ထွက် နေရာ ယူနိုင်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးပမ်း ခဲ့ကြပေမဲ့ ယေဘုယျအားဖြင့် အောင်မြင်မှုမရခဲ့ဘဲ ပြည်သူလူထု ဘက်က ရပ်တည်တဲ့ စစ်မှန်တဲ့ ကျောင်းသား ခေါင်းဆောင်များ သာ “တကသ” ရဲ့အလံကို ဂုဏ်ရောင် ပြောင်ပြောင် လွှင့်ထူ နိုင်ခဲ့ကြပါတယ်။

သမဂ္ဂအဆောက်အဦ ဖျက်ဆီးခံရခြင်း

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် သမိုင်းဝင် (၇) ရက် ဇူလိုင် အရေးတော်ပုံကြီး ပေါ်ထွက်လာရာ စစ်အစိုးရက တကသ ကို ဖျက်သိမ်းစေခဲ့သည်။ ၈ ရက်နေ့တွင် တကသ သမဂ္ဂ အဆောက်အဦကိုလည်း ဗုံးခွဲ ဖျက်ဆီးလိုက်သည်။

အခြားကြည့်ရန်

ကိုးကား

  1. အောင်ထွန်း, "မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း", သမဂ္ဂစာစဉ်, ၂၀၀၇
  2. ဝင်းတင့်ထွန်း, "ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း", နေ့သစ်အင်အားစု, ၂၀၁၀
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.